Skip to main content

မြန်မာ - ရခိုင်ပြည်နယ်တွင်မီးရှို့မှုများရှိကြောင်းဂြိုဟ်တုသတင်းအချက်အလက်များကပြ

ပြည်သူလူထုကို ကာကွယ်ပါ။ နှိပ်စက်ညှဉ်းပန်းမှုများကို စုံစမ်းစစ်ဆေးပါ။

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) မှ တိုက်ခိုက်ပြီးနောက် မောင်တောမှ ထွက်ပြေးခဲ့သည့် ရခိုင် တိုင်းရင်းသားများ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၈ ရက် မြန်မာနိုင်ငံ ဘူးသီးတောင်တွင် အစားအစာချက်ပြုတ်နေပုံ။   © 2017 Soe Zeya Tun / Reuters

(နယူးယောက်မြို့) – ဂြိုဟ်တုမှရရှိသည့် သတင်းအချက်အလက်သစ်များသည်  မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသ ၁၀ ခုတွင် အနှံ့အပြားမီးလောင်မှုများဖြစ်ပွားနေသည်နှင့်ကိုက်ညီကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ ယနေ့ပြောကြားခဲ့ပါသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရိုဟင်ဂျာစစ်သွေးကြွ များက မြန်မာအစိုးရ၏စစ်ကြောရေးစခန်းများနှင့်အခြေစိုက်စခန်းများ ဒါဇင်ပေါင်းများစွာကို ညှိနှိုင်းတိုက်ခိုက်ပြီးနောက် ၎င်းမီးရှို့မှုများပေါ်ပေါက်ပါသည်။    

မီးလောင်မှုများ၏အရင်းအမြစ်များကိုသိရှိရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်းစွပ်စွဲချက်များကို သုံးသပ်ရန် သီးခြားစောင့်ကြည့်သူများကို မြန်မာအစိုးရမှသွားရောက်ခွင့်ပြုရမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ပြောကြားပါသည်။ 

“ဤဂြိုဟ်တုသတင်းများကြောင့် စိုးရိမ်သင့်ကြောင်း၊ အလှူရှင်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းတို့မှ မြန်မာအစိုးရကို ရခိုင် ပြည်နယ်တွင်ဖြစ်ပေါ်နေသည့် ဖျက်ဆီးမှုအတိုင်းအတာထုတ်ဖော်ပြောဆိုရန်တိုက်တွန်းသင့်ကြောင်း၊” “သောင်းကျန်းသူ များအပေါ်တွင်သာအပြစ်ပုံချခြင်းဖြင့် မြန်မာအစိုးရသည် ညှဉ်းပန်းနှိပ်စက်မှုများရပ်စဲရန်နှင့် စွပ်စွဲထားသည့်ချိုးဖောက်မှု များကို စုံစမ်းစစ်ဆေးရန်စသည့် နိုင်ငံတကာဝတ္တရားများမှ ကင်းလွတ်မည်မဟုတ်ကြောင်း” လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့၊ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်စင် (Phil Robertson) က ပြောပါသည်။ 
သက်ဆိုင်ရာအစိုးရများသည် ကြီးလေးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို သီးခြားစုံစမ်းစစ်ဆေးရေးအတွက် ဖိအားပေးသင့်ကြောင်း၊ သို့မဟုတ်ပါက နောက်ထပ်လူပေါင်းများစွာ ဒုက္ခရောက်မည်ဖြစ်ကြောင်း
Phil Robertson

Deputy Asia Director


ဩဂုတ်လ ၂၅ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြို့နယ်သုံးခုရှိ ရဲစခန်းနှင့်စစ်ကြောရေးစခန်းအမျိုးမျိုး အနည်းဆုံး နှစ် ဒါဇင်နှင့် တပ်မတော်အခြေစိုက်စခန်းတစ်ခုကို အာရ်ကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ASRA) စစ်သွေးကြွများမှ တိုက်ခိုက်ခဲ့ပါသည်။ အစိုးရ၏ရှေးဦးအစီရင်ခံချက်တွင် လုံခြုံရေးတပ်သား ၁၁ ဦးအပါအဝင် ဒါဇင်ပေါင်းများစွာ တိုက်ပွဲတွင် သတ်ဖြတ်ခံရကြောင်းဖော်ပြခဲ့ပါသည်။ ၎င်းအချိန်မှစ၍ ရိုဟင်ဂျာသောင်းကျန်းသူများဟုစွပ်စွဲခံရသူ အများအပြား အပါအဝင် အစီရင်ခံထားသည့်သေဆုံးသူဦးရေမှာ ၁၀၀ ကျော် သွားခဲ့ပြီဖြစ်ပါသည်။ 

ရိုဟင်ဂျာမွတ်စလင်များ၏အဓိကနေရပ်ဖြစ်သည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ၃၃ ခြေမြန်တပ်ရင်းတပ်ချပြီးနောက် တပ်မတော်အင်အားစုများတိုးပွားလာပြီးနောက်ပိုင်း တိုက်ခိုက်မှုများပေါ်ပေါက်ပါသည်။  ၎င်းဒေသတွင် အစိုးရမှ လုံခြုံမှု စစ်ဆင်ရေးများ ပိုမိုပြုလုပ်လာခဲ့ကြောင်း မီဒီယာများမှ ပြောဆိုကြပါသည်။ ARSA သောင်းကျန်းသူများနှင့် မြန်မာ့ တပ်မတော်တို့မှ ညှဉ်းပန်းနှိပ်စက်မှုများကျူးလွန်ကြောင်း တစ်ဘက်နှင့်တစ်ဘက် စွပ်စွဲခဲ့ကြပါသည်။ ထောင်ပေါင်းများစွာ သောသူများသည် ဖြစ်ပွားနေသောတိုက်ပွဲများအကြားမှ ၎င်းတို့၏အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြပါသည်။ 

ရသေ့တောင်မြို့နယ်ရှိ စေတီပြင်နှင့် ကိုးတန်ကောက်ကျေးရွာအုပ်စုများတွင် မီးလောင်မှုများကို ဩဂုတ်လ ၂၅ ရက်နေ့ နေ့လယ်အစောပိုင်းတွင် ဂြိုဟ်တုများမှစတင်တွေ့ရှိခဲ့ပါသည်။ ဩဂုတ်လ ၂၈ ရက်နေ့ နေ့လယ်မှ ညနေအစောပိုင်းအထိ  မောင်တောမြို့နှင့် မောင်တောမြို့နယ်ရှိအခြားကျေးရွာအများအပြားအပါအဝင် အခြားနေရာရှစ်ခုတွင် မီးလောင်နေသည် ကို ဂြိုဟ်တုများမှတွေ့ရှိခဲ့ပါသည်။ အသုံးပြုခဲ့သည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဂြိုဟ်တုအာရုံခံကိရိယာများရှိ ရယ်ဇလူးရှင်းတွင်ရှိနေသည့်ကန့်သတ်ချက်များနှင့် မုတ်သုန်ရာသီချိန်တိမ်ထူထပ်နေသည့်အတွက်ကြောင့် ဤသုံးသပ်ချက် ကာလတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအခြားမီးလောင်မှုများကို တွေ့ရှိနိုင်ခဲ့မည်မဟုတ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့မှ ပြောကြားခဲ့ပါသည်။    

မီးလောင်နေသည့်နေရာများကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့သည် ကောက်ခံရရှိထားသည့် သက်သေများ၏ ပြောပြချက်များ၊ သတင်းမီဒီယာဖော်ပြချက်များနှင့်နှိုင်းယှဉ်ခဲ့ပြီး ၎င်းတို့မှာ နေရပ်အချို့ကိုတမင်မီးရှို့ကြောင်းစွပ်စွဲချက် အချို့နှင့် ဆက်စပ်ကြောင်း တွေ့ရှိခဲ့ပါသည်။ ဥပမာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ မီးလောင်နေကြောင်းတွေ့ထား သည့်နေရာရှိ တောင်ပြိုလက်ယာကျေးရွာမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့သူတစ်ဦးသည် လုံခြုံရေးတပ်သားများ သောင်းကျန်းသူများနောက်သို့လိုက်ရင်း လူများကိုပစ်ခတ်နေပြီး အိမ်များကိုမီးရှို့ခဲ့သည်ကို တွေ့ရှိကြောင်းပြောခဲ့ပြီး    “အခုလောက်ဆို အားလုံးပြာပုံကျနေရောပေါ့” ဟုပြောဆိုခဲ့ပါသည်။  

ဤဂြိုဟ်တုအာရုံခံကိရိယာများဖြင့်တွေ့ရှိခဲ့သည့်မီးလောင်မှုများဖြစ်ပွားရခြင်းအကြောင်းရင်းကိုဆုံးဖြတ်ရန် လက်တွေ့တွင် မဖြစ်နိုင်သော်လည်း၊ ၎င်းမီးလောင်မှုများမှာ ပဋိပက္ခနှင့်သက်ဆိုင်ခြင်းမရှိသည့် သဘာဝမီးလောင်မှုများဖြစ်နိုင်သည်ကို လစ်လျူရှု၍မရနိုင်သော်လည်း မှတ်တမ်းတင်ထားသည့်အချက်အလက်များမှာ ၂၀၁၂ နှင့် ၂၀၁၆ ခုနှစ်များတွင် ရိုဟင်ဂျာများအပေါ် အကြမ်းဖက်တိုက်ခိုက်သည့်ကာလအတွင်း ရခိုင်ပြည်နယ်အနှံ့အပြားတွင် တွေ့ရှိခဲ့ရသည့် မီးရှို့ တိုက်ခိုက်မှုများနှင့် လွန်စွာတူညီကြောင်းကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ ပြောကြားခဲ့ပါသည်။ 

အထွေထွေမီးလောင်နေသည့်နေရာများမှာ အလျားကီလိုမီတာ ၁၀၀ ရှိပြီး ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပေါ်ပေါက်ခဲ့သည့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များ၏မီးရှို့မှု ဧရိယာထက် ခန့်မှန်းခြေငါးဆပိုများကြောင်း လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့မှ ပြောကြားခဲ့ပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စစ်သွေးကြွများမှ ရဲတပ်စခန်းများအပေါ် လူသေဆုံးစေသည့်တိုက်ခိုက်မှုများပြုလုပ်ပြီးနောက် ဂြိုဟ်တုမှပုံရိပ်အပေါ် လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့၏ သုံးသပ်ချက်အရ မီးရှို့မှုကြောင့် အဆောက်အဦ ၁၅၀၀ ပျက်စီးခဲ့ကြောင်း တွေ့ရပါသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နှင့် ၂၈ ရက်အကြား မီးလောင်မှုများဖြစ်ပွားနေသည်ကို ဂြိုဟ်တုအာရုံခံကိရိယာများမှ တွေ့ရှိခဲ့သည့်နေရာများကို ဖော်ပြထားသည့်မြေပုံ။ (အကွက်၏အရွယ်အစားမှာ တွေ့ရှိသည့်မီးလောင်မှုပမာဏကို ကိုယ်စားပြုထားခြင်းမရှိကြောင်းကို သတိပြုပါ။) © 2017 Human Rights Watch


အဆောက်အဦအချို့မီးလောင်မှုအတွက် မြန်မာအစိုးရနှင့်တပ်မတော်တို့မှ ၎င်းအရပ်တွင်နေထိုင်သူရိုဟင်ဂျာများ နှင့် စစ်သွေးကြွများအပေါ်အပြစ်တင်သော်လည်း ၎င်းတို့၏စွပ်စွဲချက်များကို ပံ့ပိုးသည့်အထောက်အထား ယခုအထိ တင်ပြခဲ့ခြင်းမရှိပါ။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်တွင် ရိုဟင်ဂျာစစ်သွေးကြွများမှ အစိုးရလုံခြုံရေးတပ်များ အပေါ်တိုက်ခိုက်ခဲ့ပြီးယခုအထိ ရခိုင်ပြည်နယ်တွင် ဤကဲ့သို့အနှံ့အပြားမီးလောင်မှုများကို မတွေ့ရခဲ့ပါ။ အာရ်ကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်ဟု နောင်တွင်အမည်ပြောင်းခဲ့သည့် ရိုဟင်ဂျာသောင်းကျန်းသူအဖွဲ့ ဟာရကားအယ်လ်ယကင်း (Harakah al-Yaqin) အဖွဲ့မှ ၎င်းတိုက်ခိုက်မှုများအတွက်တာဝန်ရှိကြောင်း ဝန်ခံခဲ့ပါသည်။ ထိုစဉ်က မြန်မာ့တပ်မတော်မှ စစ်သွေးကြွများပုန်းအောင်းနေသည်ဟု ယူဆသည့်နေရာများတွင် “ရှင်းလင်းမှုစစ်ဆင်ရေးများ”ဟု ခေါ်သည့်ဆောင်ရွက်မှု များဖြင့် ရိုဟင်ဂျာများအပေါ် ကြီးလေးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများစွာကျူးလွန်ခဲ့ပါသည်။ အဆောက်အဦများ မီးရှို့ခြင်းများအပြင် ဥပဒေမဲ့သတ်ဖြတ်ခြင်းများနှင့် အမျိုးသမီးနှင့်မိန်းကလေးများကိုမုဒိန်းကျင့်ခြင်းများကျူးလွန်ခဲ့ခြင်းကို လည်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့မှ မှတ်တမ်းတင်ခဲ့ပါသည်။   

၂၀၁၆ ခုနှစ်အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်မတ်လအထိလုံခြုံမှုစစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ရှစ်သောင်းခုနစ်ထောင် ကျော် အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ပြီး လူအများအပြားအိုးအိမ်စွန့်ခွာခဲ့ရပါသည်။ ရိုဟင်ဂျာများအပေါ် ၎င်းတိုက်ခိုက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ပြစ်မှုဖြစ်ရန် “လွန်စွာအလားအလာရှိ” သည်ဟု ဖေဖော်ဝါရီလ ၃ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်တွင် သုံးသပ်ခဲ့ပါသည်။   

မတ်လတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် သီးခြားရပ်တည်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေး လုပ်ငန်းတစ်ရပ်ဖွဲ့စည်းခဲ့ပြီး အထူးသဖြင့်ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဟူသည့်စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်တစ်ရပ်ပေးခဲ့ပါသည်။ ၎င်းလုပ်ငန်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် အစိုးရမှငြင်းဆိုခဲ့ပြီး ၎င်းလုပ်ငန်းအဖွဲ့အတွက်ခန့်အပ်ထားသည့်ကျွမ်းကျင်သူပညာရှင်သုံးဦးအား ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

“ရခိုင်ပြည်နယ်ရှိ ညှဉ်းပန်းနှိပ်စက်မှုများအပေါ် စိတ်ဝင်စားမှုလည်းမရှိ၊ ယုံကြည်စိတ်ချနိုင်စွာနှင့် ဘက်လိုက်မှုမရှိဘဲ စုံစမ်း စစ်ဆေးနိုင်စွမ်းလည်းမရှိကြောင်းကို မြန်မာအစိုးရမှ ကြိမ်ဖန်တလဲပြသခဲ့ကြောင်း” နှင့် “သက်ဆိုင်ရာအစိုးရများသည် ကြီးလေးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို သီးခြားစုံစမ်းစစ်ဆေးရေးအတွက် ဖိအားပေးသင့်ကြောင်း၊ သို့မဟုတ်ပါက နောက်ထပ်လူပေါင်းများစွာ ဒုက္ခရောက်မည်ဖြစ်ကြောင်း” ရောဘတ်စင်က ပြောဆိုခဲ့ပါသည်။ 

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed