Skip to main content

မြန်မာ - မတ်လ လူသတ်ပွဲတွင် ဆန္ဒပြသူများကို ပစ်မှတ်ထား

လှိုင်သာယာမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများကို “ချောင်ပိတ်နှိမ်နှင်း”ပြီး ကူညီကယ်ဆယ်သူများကို ပစ်ခတ်ခဲ့

(ဘန်ကောက်၊ ဒီဇင်ဘာ ၂ရက်၊ ၂၀၂၁) မတ်လ ၁၄ရက်၊ ၂၀၂၁တွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို ရည်ရွယ်ချက်ရှိရှိ ဝိုင်းရံထားလိုက်ပြီး သေစေနိုင်သော လက်နက်များ အသုံးပြုခဲ့သည်ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ယနေ့ ပြောကြားသည်။ စစ်သားများနှင့်ရဲများက ပိတ်မိနေသော ဆန္ဒပြသူများနှင့် ကယ်ဆယ်ကူညီကြသူများကို စစ်တပ်သုံးခြေမှုန်းရေးရိုင်ဖယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်သော ဖြစ်စဉ်တွင် သေဆုံးသူနှင့်ဒဏ်ရာရသူ အနည်းဆုံး ၆၅ ဉီး ရှိခဲ့သည်။

ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက်ခံမြန်မာအစိုးရကို ဖြုတ်ချခဲ့သော ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် ဆန္ဒပြပွဲများစွာ ပေါ်ပေါက်ခဲ့သည်။ ရဲနှင့်စစ်သားများသည် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးဉပဒေကို ချိုးဖောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသောလူထုကို သေအောင် အကြိမ်ကြိမ်အခါခါ ပစ်ခတ်ခဲ့သည်။ သေဆုံးခဲ့သော လူဉီးရေနှင့် လုံခြုံရေးအဖွဲ့ဝင်များက သေစေနိုင်သောလက်နက်များကို အသုံးပြုရန် ကြိုတင်ပြင်ဆင်ခဲ့သည်ဟု ယူဆနိုင်သောအချက်များကြောင့် လှိုင်သာယာမြို့နယ်တွင် ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုမှာ ပိုမိုထူးကဲသည်။

“မတ်လအလယ် ရန်ကုန်ဆင်ခြေဖုံးရပ်ကွက်တခုမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူဒါဇင်နဲ့ချီပြီး သတ်တာဟာ အဓိကရုန်းနှိမ်နှင်းရေးလုပ်ရင်း လက်လွန်ခြေလွန်ဖြစ်သွားတာမဟုတ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မြန်မာသုတေသီ မန်နီမောင်က ပြောကြားခဲ့သည်။ “လှိုင်သာယာသတ်ဖြတ်မှုတွေမှာ ဆန္ဒပြသူတွေကို အစီအစဉ်တကျ တိုက်ခိုက်ခဲ့တယ်ဆိုတာ အင်မတန် ထင်ရှားတဲ့အတွက် အဲဒီလုပ်ရပ်အတွက် တာဝန်ရှိသူအားလုံး ဘာရာထူးဖြစ်ဖြစ် တရားဉပဒေနဲ့ ရင်ဆိုင်သင့်တယ်။”

လှိုင်သာယာအကြမ်းဖက်မှု မျက်မြင်သက်သေ ၆ ယောက်ကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ အဝေးမှအင်တာဗျူးခဲ့သည်။ Facebook၊ Twitter နှင့် Youtube တို့တွင် တင်ထားသော မတ်လ ၁၄ ရက် လှိုင်သာယာဖြစ်စဉ်နှင့်ပတ်သတ်သော ဗီဒီယိုဖိုင် ၁၃ ခုနှင့် ဓာတ်ပုံ ၃၁ ပုံကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ အတည်ပြုနိုင်ခဲ့သည်။

ရန်ကုန်မြို့အနောက်ဖက်၊ လှိုင်မြစ်တဖက်ကမ်းတွင်ရှိသော လှိုင်သာယာစက်မှုဇုန်များတွင် အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများ မတ်လဆန်းတွင် စတင်ဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များစွာ နေထိုင်သောကြောင့် ဆန္ဒပြပွဲများမှာ လူအင်အားများပြားပြီး စနစ်ကျခဲ့သည်။ မတ်လ ၁၄ ရက် အရုဏ်မတက်ခင်အချိန်တွင် ဆန္ဒပြသူများက ကွန်ကရစ်တုံးများနှင့် သဲအိတ်များကို လှိုင်သာယာမြို့နယ်၏လမ်းမကြီးတခုဖြစ်သော လှိုင်မြစ်လမ်းတလျှောက် ကားမှတ်တိုင်များတွင် အဆီးအတားအဖြစ် မနက် ၅ နာရီ အထိုင်သပိတ်မတိုင်ခင် ချထားခဲ့သည်။

မနက် ၁၀ နာရီခန့်တွင် စစ်သားအင်အား ၂၀၀ ခန့် အဆီးအတားများကို ကျော်ဖြတ်ပြီး လှိုင်သာယာမြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ရာ ဆန္ဒပြသူများ ဆုတ်ခွာခဲ့ကြသည်။ မနက် ၁၁ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူအမြောက်အများကို အရှေ့နှင့်အနောက်မှ စနစ်တကျ ပိတ်ဆို့ထားသည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။ အဓိကရုန်းနှိမ်နှင်းရာတွင် ထိုပိတ်ဆို့မှုမျိုးကို “ချောင်ပိတ်နှိမ်နှင်းခြင်း (kettling )” ဟု အချို့နိုင်ငံများတွင် သုံးစွဲသည်။ မီးခွက်စျေးမှ သက်သေတဉီးကသာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မပစ်ခတ်ခင် သတိပေးခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး အခြားနေရာများတွင် သတိပေးခဲ့ခြင်းမရှိဟု အခြားသက်သေများက ထွက်ဆိုခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ သူတို့၏အသက်ကို ခြိမ်းခြောက်ခံရခြင်းမရှိဘဲ ဆန္ဒပြလူအုပ်အတွင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သည်မှာ ထင်ရှားကြောင်း  ဆန္ဒပြသူများ၏ထွက်ဆိုချက်များနှင့် ဗီဒီယိုဖိုင်များအရ သိရသည်။ နေ့လည် ၁ နာရီခန့်တွင် လှိုင်သာယာနှင့် ရန်ကုန်ဆက်သွယ်ထားသော အောင်ဇေယျတံတားတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို ဗီဒီယိုဖိုင်တခုတွင် တွေ့ရသည်။ စစ်သားများမှာ တံတားအောက်တွင် စုရုံးနေကြသော ဆန္ဒပြသူများကို ကြည့်ရှုနေပြီး မည်သူ့ကိုပစ်ခတ်ရမည်၊ မည်သည့်အချိန်ပစ်ခတ်ရမည်ကို ပြောဆိုနေကြသည်။ ဗီဒီယိုထဲတွင် ရုပ်မမြင်ရသောအသံတခုက “ခေါင်းကိုသာပစ်”ဟု ညွှန်ကြားသံကို ကြားရပြီး ရဲနှစ်ယောက်က ဆန္ဒပြသူများကို သေနတ်နှင့်ချိန်နေသည်ကို တွေ့ရသည်။ ထို့နောက် သေနတ်သံများကို ကြားရပြီး ထိုအသံရှင်က “ပစ်ပစ်ပစ်”ဟု အော်ဟစ်အမိန့်ပေးနေသည်ကို ကြားရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရသူများကို ကူညီရန်ကြိုးစားသူများကိုလည်း ပစ်ခတ်ခဲ့သည်ဟု သက်သေ ၆ ယောက်စလုံးက ထွက်ဆိုခဲ့သည်။ “ဒဏ်ရာရတဲ့သူတွေကိုလည်း ကျမတို့ သွားမကူညီနိုင်ခဲ့ဘူး။ ကျမတို့ ကူညီရင်လည်း သူတို့က ပစ်သတ်မှာ”ဟု သက်သေတယောက်က ပြောကြားသည်။ “ကျမတို့ သူတို့ဆီ ရောက်အောင်မသွားနိုင်လို့ သူတို့တွေ သေကြရတာ၊ အရဲစွန့်ပြီး သွားကူညီတဲ့သူတွေလည်း ခေါင်းကိုပစ်ခံရပြီး သေကြတယ်။”

ဆန္ဒပြသူအချို့မှာ ခဲလုံးများ၊ လေးခွများ၊ မိုလိုတော့ကော့တေးများနှင့် ပြန်လည်ခုခံခဲ့သည်ဟု သက်သေများက ပြောခဲ့ကြသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မသိရပေ။

လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များတွင်အထည်ချုပ်စက်ရုံမီးလောင်မှုများနှင့် မီးသတ်ကားများကို လမ်းပိတ်ဆို့ထားခြင်းများဖြစ်ပွားခဲ့ရာ “အုံကြွသူများ”လက်ချက်ဟု စစ်အစိုးရက စွပ်စွဲခဲ့ပြီး ထိုမြို့နယ်များတွင် အစုလိုက်အပြုံလိုက်လူသတ်မှုများဖြစ်ပွားပြီး နောက်တရက်၊ မတ်လ ၁၅ ရက်နေ့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ “အုံကြွသူများက လမ်းပေါ်တွင် ဖရိုဖရဲဖြစ်အောင် ဖန်တီးခဲ့ပြီး အုံကြွသူ ၂၀၀၀ လောက်မှာ မီးသတ်ဌာနမှ မီးသတ်ကားများ မထွက်ခွာနိုင်ရန်၊ မီးမငြိမ်းသတ်နိုင်ရန် တားဆီးခဲ့သည်”ဟု စစ်အစိုးရက ထုတ်ပြန်ခဲ့သည်။

စစ်တပ်ဖွဲ့နှင့်ရဲတို့ ဉပဒေအရလက်နက်သုံးစွဲခြင်းနှင့်ပတ်သတ်သော ကုလသမဂ္ဂအခြေခံစည်းမျဉ်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှာ “အင်အား သို့မဟုတ် လက်နက်အသုံးပြုရန် မဆုံးဖြတ်ခင် အကြမ်းမဖက်နည်းများကို အသုံးပြုရမည်” ဖြစ်ပြီး မလွဲသာမရှောင်သာ လက်နက်သုံးစွဲသည့်အချိန်တိုင်းတွင် အနည်းဆုံးလိုအပ်သလောက်သာ သုံးစွဲရမည်ဟု ပြဌာန်းထားသည်။ အန္တရာယ်ကင်းသော အခြားနည်းများသုံးစွဲရန် လက်တွေ့မဖြစ်နိုင်မှသာ လက်နက်များကို အနည်းဆုံးလိုအပ်သလောက်သာ သုံးစွဲရမည်။ နိုင်ငံတကာဉပဒေအရ မိမိအသက် သို့မဟုတ် ပြည်သူများအသက်အန္တရာယ်ကို အကာအကွယ်ပေးရန် လိုအပ်သောအခြေအနေမှသာ လက်နက်ကို မဖြစ်မနေသုံးစွဲရမည်။ ကုလသမဂ္ဂအခြေခံစည်းမျဉ်းများအရ “သေဆုံးခြင်း၊ အပြင်းအထန်ဒဏ်ရာရခြင်းနှင့် အခြားစိုးရိမ်ဖွယ်ရာ နောက်ဆက်တွဲများ ဖြစ်နိုင်မှသာ [လက်နက်သုံးစွဲရမည်ဖြစ်ပြီး] လက်နက်သုံးတိုင်းလည်း သင့်တော်သောအာဏာပိုင်များကို အသေးစိတ်အစီရင်ခံစာတင်သွင်းရမည်။”

အာဏာသိမ်းသည့်နေ့မှစပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ကြောင့် ဆန္ဒပြသူများနှင့်ရပ်ကြည့်သူများ စုစုပေါင်း ၁၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး စစ်အစိုးရ၏လူသတ်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အခြားရာဇဝတ်မှုများမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာ ရောက်သည်။ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းဆိုသည်မှာ “သေစေရန် ရည်ရွယ်ချက်ဖြင့် သို့မဟုတ် သေစေနိုင်လောက်သည်ဟုသိလျက်နှင့် ရုပ်ပိုင်းဆိုင်ရာအပြင်းအထန်နာကျင်စေမှုဖြင့် စွပ်စွဲခံရသူမှ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကျူးလွန်သောအမှု” ဖြစ်သည်။

လှိုင်သာယာတွင်ဖြစ်ခဲ့သော ရာဇဝတ်မှုများအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အမှုထမ်းများကို စစ်ကောင်စီက အရေးယူခြင်းမရှိခဲ့ပေ။ အမိန့်ပေးသူများ၏တာဝန်ဖြစ်သည်ဟု ယူဆချက်ဖြင့် ထိုတပ်ဖွဲ့ဝင်များကို ဉီးစီးသူအရာရှိများကိုလည်း အရေးမယူခဲ့ပေ။ လှိုင်သာယာအပါအဝင် ရန်ကုန်တိုင်းအတွင်း တပ်စွဲထားသော စစ်တပ်ရင်းများနှင့်ရဲတပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ရေးများတွင် အဓိကတာဝန်ရှိသူမှာ ဗိုလ်မှူးချုပ်ညွှန့်ဝင်းဆွေ ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးရဲမှူးချုပ်မှာ ဗိုလ်မှူးချုပ်မျိုးမင်းထိုက် ဖြစ်သည်။ စစ်တိုင်းမှူးများမှာ ရဲနှင့်စစ်တပ် ပူးပေါင်းစစ်ဆင်ရေးများကို တာဝန်ယူရသည်ဟု စစ်အရာရှိဟောင်းများမှ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကုလသမဂ္ဂ၊ အီးယူ၊ အမေရိကန်၊ ယူကေအပါအဝင် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရများအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဉီးဆောင်သော မြန်မာစစ်တပ်နှင့်စစ်ကောင်စီခေါင်းဆောင်များကို ပိုမိုပြည့်စုံသော၊ ထိရောက်သော၊ ညီညွတ်သောအပြည်ပြည်ဆိုင်ရာဒဏ်ခတ်ခြင်းများဖြင့် တုန့်ပြန်သင့်သည်။ စစ်တပ်နှင့်ရဲအရာရှိကြီးများကို အမည်တပ်ဒဏ်ခတ်သင့်ပြီး ထိုစာရင်းတွင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ်ညွှန့်ဝင်းဆွေနှင့် ရန်ကုန်တိုင်းဒေသကြီးရဲမှူးချုပ် ဗိုလ်မှူးချုပ်မျိုးမင်းထိုက်တို့ကို ထည့်သွင်းရမည်။ မြန်မာပြည်သို့ လက်နက်ရောင်းချခြင်းကို တကမ္ဘာလုံးအနေဖြင့် ကန့်သတ်ရမည်။ စစ်အစိုးရ၏ ရေနံသဘာဝဓာတ်ငွေ့လုပ်ငန်းများမှ ဝင်ငွေများလျော့ကျစေရန် ဘဏ္ဍာရေးကန့်သတ်မှုများဖြင့် ဒဏ်ခတ်ရမည်။

“လှိုင်သာယာသွေးချောင်းစီးမှုအတွက် တာဝန်ရှိသူအားလုံးကို အရေးယူသင့်တယ်”ဟု မန်နီမောင်က ပြောသည်။ “ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် စိုးရိမ်ပူပန်သော အစိုးရတွေက တညီတညွတ်တည်း အရေးမယူနိုင်သရွေ့တော့ အဲဒီလိုကြမ်းကြုတ်ရက်စက်မှုတွေ ဆက်ဖြစ်နေအုံးမှာပဲ။”

လှိုင်သာယာလူသတ်ပွဲ သက်သေထွက်ဆိုချက်များနှင့် အသေးစိတ်အချက်အလက်များကို အောက်တွင်ကြည့်ရှုနိုင်သည်။

 

လှိုင်သာယာတွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် အခြားညှင်းပန်းနှိပ်စက်မှုများ

မတ်လဆန်းတွင် လှိုင်မြစ်သို့ဉီးတည်နေသော လှိုင်မြစ်လမ်းတစ်လျှောက်ရှိ ဘတ်စ်ကားမှတ်တိုင်များတွင် ဆန္ဒပြသူများက အတားအဆီးများ ချထားခဲ့သည်။ မတ်လ ၁၄ ရက်နေ့ အာရုဏ်မတက်ချိန်တွင် မနက် ၅ နာရီ ထိုင်သပိတ်အတွက် ဆန္ဒပြသူများ ထိုအဆီးအတားများအနီးသို့ စုရုံးရောက်ရှိလာခဲ့ကြသည်။ မနက် ၁၀ နာရီခန့်တွင် ဘတ်စ်ကားမှတ်တိုင် အမှတ် ၁ သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။ စစ်သားနှင့်ရဲ အယောက် ၂၀၀ ခန့် အဆီးအတားများကို အလွယ်တကူ ကျော်ဖြတ်ဝင်ရောက်လာသောကြောင့် ဆန္ဒပြသူများမှာ လမ်းအတိုင်း အနောက်ဘက်သို့ ပြေးသူကပြေး၊ တောင်နှင့်မြောက်ဘက်တွင်ရှိသော လမ်းသွယ်များထဲသို့ ပြန်ဆုတ်သူက ဆုတ်ခဲ့ကြသည်။


မနက် ၁၁ နာရီခန့်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အရှေ့နှင့်အနောက်ဘက်မှ ထပ်မံရောက်ရှိလာကြသဖြင့် ဘတ်စ်ကားမှတ်တိုင် အမှတ် ၃ နှင့် ၅ကြားတွင် ဆန္ဒပြသူများ ပိတ်မိနေခဲ့သည်။ မွန်းတည့်ချိန်နှင့် ၁၂ နာရီ ၄၀မိနစ်အကြားတွင် လုံခြုံရေးတဖွဲ့ဝင်များမှာ ဆန္ဒပြသူများကို ဘတ်စ်ကားမှတ်တိုင် အမှတ် ၁ နှင့် ၃ ကြားတွင် စနစ်တကျဝိုင်းရံပြီး “ချောင်ပိတ်”ထားလိုက်သည်။ ဗီဒီယိုမှတ်တမ်းနှစ်ခုတွင် မြင်ရသော အဓိက လမ်းအမှတ်အသားများနှင့် ဂြိုလ်ထုပုံရိပ်များ၊ ဗီဒီယိုများထဲမှ အရိပ်များ၏ အလျားနှင့်ထောင့်အနေအထားများကိုပါ အသေးစိတ်သုံးသပ်စစ်ဆေးပြီး လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ထို့ချောင်ပိတ်မှုကို အတည်ပြုခဲ့သည်။

လုံခြုံရေးအတွက် အောက်ပါသက်သေများ၏အမည်မှန်ကို မသုံးဘဲ ပြောင်းလဲထားသည်။

မနက် ၁၁ နာရီခွဲခန့်တွင် ရဲနှင့်စစ်သားများက စတင်ပစ်ခတ်ခဲ့သည်ဟု မီးခွက်စျေးမှတ်တိုင် အရုဏ်ဉီးထိုင်သပိတ်တွင် ပါဝင်ခဲ့သော “ကိုဖြိုး”က ပြောသည်။ ဆန္ဒပြသူများကို ဝိုင်းထားပြီး ၂ နာရီခန့် ဆက်တိုက်ပစ်ခတ်ခဲ့သည် -

မီးခွက်စျေးမှာ ရဲနှင့်စစ်သားအုပ်စုတစုက ပူးပေါင်းပြီး ဘီအိုစီမှတ်တိုင်ဘက်က ဆင်းလာတယ်။ နောက်တစုက အမှတ် ၁ မှတ်တိုင်ဘက်က တက်လာပြီး ကျနော်တို့ကို နှစ်ဘက်ပိတ်ထားလိုက်တယ်။ ရဲတွေက အရှေ့က၊ စစ်သားတွေက အနောက်က။ စစ်သားတွေက စပစ်တာ။

မနက် ၁၁ နာရီခန့် အမှတ် ၅ မှတ်တိုင်အနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခဲ့သည်ဟု “ဇော်ဇော်”က ပြောသည် -

မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ စပစ်တာ။ နာရီဝက်လောက်ကြာမှ ကျည်ဆံအစစ်တွေနဲ့ ပစ်တာ။ ကျနော်တို့ကလည်း လေးခွတွေနဲ့ပစ်၊ ခဲတွေနဲ့ ပြန်ပေါက်ပြီး ခုခံကြတယ်။ တချို့ဆိုရင် မိုလိုတော့ကော့တေးပုလင်းတွေနဲ့ ပြန်ထုတယ်။ ကျနော့်မျက်လုံးရှေ့မှာတင် သေတဲ့သူတွေ အများကြီး။ အဲဒီနေ့ကို ကျနော် ဘယ်တော့မှမမေ့ဘူး။


နေ့လည် ၁နာရီ ၄၀မိနစ်ခန့်တွင် အနည်းဆုံး စစ်ကားအစီး ၅၀ခန့် ဆန္ဒပြသူများ၏အတားအဆီးများအနီးရှိ အောင်ဇေယျတံတားသို့ ရောက်လာခဲ့သည်ဟု လှိုင်မြစ်လမ်း၊ တံတားဖြူမှတ်တိုင်အထိုင်သပိတ်တွင် အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများနှင့်အတူ ဆန္ဒပြခဲ့သော “ဇော်ထက်”က ပြောသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သူ့ရှေ့ရှိအဆီးအတားများအားလုံးကို ဖြတ်ကျော်ပြီး တံတားဖြူနားအရောက် စတင်ပစ်ခဲ့သည်။ တိုက်ခန်းအမြင့်နှစ်ခုတွင် အနည်းဆုံး လက်နက်ကိုင်စစ်သားနှစ်ယောက် နေရာယူထားသည်။

ကျနော့်ရှေ့မှာတင် လူ ၄ ယောက် သေနတ်မှန်တယ်။ ၃ ယောက်က ပွဲချင်းပြီးပဲ။ ကျန်တဲ့တယောက်ကိုတော့ တက္ကဆီနဲ့ ဆေးခန်းပို့ကြတယ်။ ကျနော့်နောက်က ကောင်လေးတယောက်ဆို အရမ်းကြောက်နေတာ။ သူ့ကို မြေကြီးမှာ ဝပ်နေ၊ မထနဲ့လို့ ပြောပေမယ့် သူက အကြောက်လွန်ပြီး ထပြေးတော့ သူ့လည်ပင်း ကျည်ထိသွားတယ်၊ ပွဲချင်းပြီးပဲ။

နေ့လည် ၂နာရီခွဲခန့် အမှတ် ၃ မှတ်တိုင်သို့ သူမ ရောက်ရှိချိန်တွင် လူ ၃ ယောက် ကျဆုံးပြီးဖြစ်သည်ဟု “သီရိ”က ပြောသည်။ လူအချို့မှာ ပစ်ခတ်မှုများကြောင့် ပိတ်မိနေသော်လည်း အချို့မှာ လမ်းမကြီးနှင့်ကပ်လျက် လမ်းငယ်တခုထဲ ဝင်ပြေးရန် ကြိုးစားနေသည်။​ တိုက်ခန်းမြင့်တခုပေါ်မှ စစ်သားနှစ်ယောက်မှာ မှတ်တိုင်ဘက်သို့ သူတို့၏သေနတ်များကို ချိန်ရွယ်ထားပြီး အခြားစစ်သားနှစ်ယောက်မှာ အပင်တပင်အောက်တွင် နေရာယူထားသည်ကို သူမ သတိပြုမိသည်။

ရဲတွေနဲ့စစ်သားတွေ ကျမတို့ဆီကို တဖြည်းဖြည်းချဉ်းကပ်လာတာ မြင်ရတယ်။ အဲတာကြောင့် ကျမတို့ လမ်းမြောင်လမ်းကြားတွေကတဆင့် အမှတ် ၅ မှတ်တိုင်အထိ ပြန်ဆုတ်ခွာခဲ့ကြတယ်။ အဲဒီမှာ ကျမတို့ပြေးတာကို သူတို့ ဒရုန်းနဲ့လိုက်ကြည့်တာ။ အဲဒီနေရာမှာ စစ်သားဉီးရေမများပေမယ့် ကျမတို့ ဘယ်ကိုပြေးနေသလဲဆိုတာ သူတို့သိတယ်။ ကျမ မျက်စိရှေ့မှာတင် လူတစ်ယောက်ဗိုက်ကိုကျည်ထိသွားပြီး ဗိုက်ပွင့်သွားတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း မုံရွာနှင့် မန္တလေးဆန္ဒပြပွဲများကို နှိမ်နှင်းရာတွင်လည်း အနိမ့်ပျံဒရုန်းများကို အသုံးပြုခဲ့သည်။​

ဒရုန်းကိုတွေ့ပြီး မကြာခင်မှာပင် အောင်ဇေယျတံတားအနီးသို့ စစ်ကား ၅ စီး ရောက်ရှိလာခဲ့သည်ဟု သီရိကပြောသည်။ အခြားသူလေးယောက်နှင့်အတူပြေးနေသော သူမကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရာ သူမအနီးဓာတ်တိုင်တစ်တိုင်ကို ကျည်မှန်ခဲ့သည်။ အမှတ် ၅ မှတ်တိုင်အနီးသို့ သူမပြန်ပြေးသွားပြီး အဆီးအတားများနောက်တွင် ပုန်းနေသော်လည်း ထိုနေရာတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

ရဲနဲ့စစ်သားတွေ လမ်းကြိုလမ်းကြားထဲအထိ တွေ့ရာလူကို လိုက်ဖမ်းနေတာ တွေ့တယ်။ ကျမက မှတ်တိုင် အမှတ်၅နားမှာ၊ ပြေးနေတဲ့သူတွေ၊ အကာအကွယ်ယူနေတဲ့သူတွေကို ပစ်နေတာလည်း ကျမတွေ့တယ်။ နောက်ထပ်တပ်တွေ ထပ်ရောက်လာတာနဲ့ ရဲနဲ့စစ်တပ်ပေါင်းပြီး တရစပ်ပစ်တော့တာပဲ။ နောက်တယောက်ကျသွားတာ ကျမတွေ့တယ်။

Photograph of sandbags and soldiers between Mie Kwat Zay and the BOC bus stop around sunset on March 14, 2021. © Frontier Myanmar

“ဇော်ဇော်”ကလည်း -

ညနေ ၄ နာရီလောက် ဘီအိုစီမှတ်တိုင်မှာ ကျနော်တို့ လူပြန်စုကြတယ်။ ရဲတွေနဲ့စစ်သားတွေက တံတားဖြူ၊ မီးခွက်စျေးမှတ်တိုင်တွေကို ပစ်ခတ်ပြီးနေပြီ။ ကျနော်တို့ ဘီအိုစီမှတ်တိုင်ရောက်တော့ ကျောရိုးထဲထိ ရာဘာကျည်ဝင်နေတဲ့ လူတယောက်ကို တွေ့ရတယ်။ သူတို့က လမ်းကြိုလမ်းကြားထဲအထိ လိုက်ပစ်တာ။

ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ “ဟန်နီ”မှာ သေနတ်သံများငြိမ်သွားချိန် ညနေ ၅ နာရီခန့်တွင် သူငယ်ချင်းများ၏အခြေအနေကို မေးမြန်းရန် ဆိုင်ကယ်ဖြင့် ပတ်ကြည့်ခဲ့သည်။​

အဲဒီမှာ ကျမ တိုက်ခန်းမြင့်ပေါ်က ပစ်နေတဲ့ စနိုက်ပါနဲ့ တည့်တည့်တိုးတာ။ လှိုင်မြစ်လမ်းပေါ်က ကိုညီမဆွေဖုန်းဆိုင်အဆောက်အဉီးပေါ်က ပစ်တာဖြစ်မယ်။ ဆိုင်ကယ်ကိုထားခဲ့ပြီး ပြေးရတာ။ အဲဒီမတိုင်ခင်က လမ်းပေါ်မှာ သေနတ်ဒဏ်ရာနဲ့သေနေတဲ့ လူတယောက်ကို တွေ့ခဲ့သေးတယ်။​ အနီးအနားက လူတွေက သူ့အလောင်းကို ဆွဲသွားကြတယ်။

ပစ်ခတ်မှုများမှာ ညနေပိုင်းအထိ ဖြစ်ပွားခဲ့သည်ဟု သက်သေများက ပြောကြသည်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်လှိုင်မြစ်လမ်းဆုံရှိ မှတ်တိုင်အမှတ်၃အနီးတွင် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ညနေ ၆နာရီအထိ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဂျာနယ်လစ်တယောက်က သတင်းပေးပို့ခဲ့သည်။

ဆန္ဒပြသူများကို တမင်ရည်ရွယ်ပစ်ခတ်ခြင်း

လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြသူများကို သေနတ်ဖြင့်ချိန်၍ ပစ်ခတ်ခဲ့ကြောင်း ယုံကြည်ရသည်ဟု သက်သေများက ပြောပြခဲ့သည်။ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က လေ့လာစီစစ်ခဲ့သော ဗီဒီယိုများကလည်း ထိုအချက်မှန်ကန်ကြောင်း သက်သေပြနိုင်သည်။


နေ့လည် ၁ နာရီခန့်တွင် ရိုက်ကူးထားသော ဗီဒီယိုတခုတွင် အောင်ဇေယျတံတားပေါ်တွင် တပ်စွဲထားသောရဲနှင့်စစ်သားများသည် မည်သူ့ကို မည်သည်အချိန်တွင် မည်ကဲ့သို့ ပစ်ခတ်မည်ကို ဆွေးနွေးနေကြသည်။ အဆိုပါကြိုးတံတားမှာ ဆန္ဒပြသူများ၏အထက်တွင်ရှိနေပြီး တံတား၏မြောက်ဘက်တွင် ရဲနှစ်ယောက်မှာ သေနတ်များကို ဗိုလ်ဗထူးလမ်းဘက်သို့ ချိန်ထားသည်ကို တွေ့နိုင်သည်။ လုံခြုံရေးတပ်ဖွဲ့များ မည်သို့မည်ပုံပစ်ခတ်မည်ကို ဆွေးနွေးနေကြစဉ် မပစ်နဲ့ဉီးဆိုသော အမိန့်ပေးသံများကို ကြားနေရသည်။ ထို့နောက်တွင် သေနတ်သံ အဆက်မပြတ် ကြားရသည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ လေ့လာသုံးသပ်ခဲ့သော ရဲအရာရှိတယောက်မှ တင်ထားသော Tik Tok ဗီဒီယိုတွင် လုံထိန်းလက်မောင်းတံဆိပ်ယူနီဖောင်းဝတ်ထားသော ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်မှာ ရန်ကုန်မြို့တနေရာတွင် ဆန္ဒပြသူများကို ခြေမှုန်းရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။ မည်သည့်လက်နက်များသုံးစွဲမည်ကို ဆွေးနွေးနေစဉ်တွင် ရဲအရာရှိတယောက်က “ခင်ဗျားတို့ လှိုင်သာယာကို ရှင်းရမှာ” ဟုပြောလိုက်သည်။ အခြားရဲတယောက်က “အဲ့ကောင်တွေကို လုံးဝအလျှော့မပေးဘူး” ဟု ပြန်ပြောသည်။ ယခင်ဆန္ဒပြပွဲများကို နှိမ်နှင်းရာတွင်လည်း လုံထိန်းများမှာ လက်လွန်ခြေလွန်လုပ်ခဲ့ကြသည်၊ လုံထိန်းနှင့်စစ်တပ် ပူးပေါင်းပြီး ဆန္ဒပြသူများကို ရိုက်နှက်နေပုံ၊ အဓမ္မဖမ်းဆီးနေပုံများကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

ဆန္ဒပြပွဲများကို နှိမ်နှင်းရာတွင် အော်တိုမက်တစ်လက်နက်များကို သုံးစွဲနေကို ကြားရသည်ဟု သက်သေနှစ်ယောက်က ထွက်ဆိုခဲ့သည်။ စစ်သားရော ရဲသားများပါ အော်တိုမက်တစ်ခြေမှုန်းရေးရိုင်ဖယ်များကို ကိုင်ဆောင်ထားပြီး ထိုရိုင်ဖယ်များမှာ မောင်းတချက်ဆွဲထားရုံနှင့် အဆက်မပြတ်ပစ်ခတ်နိုင်သော ခလုတ်ပါရှိသည်။ ဒေသခံမီဒီယာတစ်ခုမှ တင်ထားသော ဓာတ်ပုံတပုံတွင် လှိုင်မြစ်လမ်းပေါ်ရှိ မီးခွက်စျေးမှတ်တိုင်နှင့်ဘီအိုစီမှတ်တိုင်ကြားရပ်နေသော စစ်သားတဉီးမှာ MA-1 ခြေမှုန်းရေးရိုင်ဖယ် ကိုင်ဆောင်ထားသည်။ အောင်ဇေယျတံတားရန်ကုန်ဘက်အခြမ်းတွင် နေရာယူထားသော ရဲအရာရှိများမှာ BA စီးရီးခြေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ကြသည်ကို အခြားဓာတ်ပုံများတွင် တွေ့နိုင်သည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ လေ့လာခဲ့သော ဗီဒီယိုများနှင့်ဓာတ်ပုံများအရ လုံခြုံရေးတပ်ဖွဲ့များမှာ ဆန္ဒပြသူများကို သေစေနိုင်လောက်သော လက်နက်များသုံး၍တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့များမှာ ဆန္ဒပြသူများကို စနစ်တကျ ဝိုင်းရံပြီး ထွက်ပေါက်မရှိအောင် ချောင်ပိတ်ထားပုံကိုလည်း မြင်နိုင်သည်။

နေ့လည် ၁၂နာရီခွဲမတိုင်ခင် ရိုက်ထားသော ဗီဒီယိုတခုတွင် မှတ်တိုင်အမှတ် ၃ နှင့် ၃၅ မီတာခန့်အကွာတာပေါ်လင်လိပ်များအောက်တွင် ရပ်နေသော ဆန္ဒပြသူအုပ်စုတစုကို တွေ့ရပြီး သေနတ်သံများ မကြာမကြာ ကြားနေရသည်။ မကြာခင်တွင် အနောဘက်မှပစ်လိုက်သော မျက်ရည်ယိုဗုံးများ ပေါက်ကွဲပြီး သေနတ်သံများကိုလည်း ကြားရကာ ဆန္ဒပြသူအုပ်စု လူစုခွဲကာ အရှေ့ဘက်သို့ ဆုတ်ခွာသွားသည်။

မှတ်တိုင်အမှတ် ၃ နှင့် တပြခန့်ဝေးသောနေရာမှ နေ့လည် ၁၂နာရီခွဲခန့်တွင် ရိုက်ထားသော ဒုတိယဗီဒီယိုတွင် ဆန္ဒပြသူများ သေနတ်သံကြောင့် ထွက်ပြေးနေသည်ကို တွေ့ရပြီး မှတ်တိုင်အရှေ့ ၁၀ မီတာနှင့် ၄၀ မီတာကြားတွင် မျက်ရည်ယိုဗုံးမှ မီးခိုးများကို မြင်နိုင်သည်။ တမိနစ်ခန့်ကြာသောအခါ အနည်းဆုံးစစ်ကား ၁၀ စီးခန့် အောင်ဇေယျတံတားဘက်မှ အနောက်ဘက် လှိုင်သာယာဘက်သို့ ဆင်းလာသည်ကို တွေ့ရသည်။ ထွက်ပြေးနေသော ဆန္ဒပြသူများနောက်သို့ စစ်ကားများ နှစ်ဖွဲ့ခွဲပြီးလိုက်နေသည်။ ပလက်ဖောင်းပေါ်တွင် ခေါင်းကိုသေနတ်မှန်ထားသည်ဟု ယူဆရသူတယောက် လဲကျနေသည်ကို တွေ့ရသည်။ လူတယောက်က သူ့ကို ကူညီရန်ကြိုးစားသော်လည်း သေနတ်သံများကြောင့် ထိုသူမှာ ပြေးပုန်းလိုက်ရသည်။

လုံခြုံရေးတပ်ဖွဲ့များမှာ ဆန္ဒပြသူများထွက်ပေါက်မရှိအောင် အနောက်ဘက်နှင့်တောင်ဘက်ရှိ ပြေးလမ်းများအားလုံးကို ပိတ်ပစ်ကြောင်း သက်သေများက ပြောခဲ့သည်ကို ဗီဒီယိုမှတ်တမ်းများဖြင့် အတည်ပြုနိုင်သည်။ လုံခြုံရေးတပ်ဖွဲ့များ လှိုင်မြစ်ပေါ်မှ ဘုရင့်နောင်တံတားကို ကျော်ပြီး လှိုင်သာယာမြို့နယ်အတွင်းသို့ အောင်ဇေယျတံတား၏တောင်ဘက်မှ ညနေ ၃ နာရီခန့်အချိန်တွင် ဝင်ရောက်လာပုံကို ဗီဒီယိုမှတ်တမ်းတိုတခုနှင့် ဆိုရှယ်မီဒီယာပေါ်တွင် တင်ထားသော ဓာတ်ပုံ ၂ ပုံတွင် မြင်နိုင်သည်။ ဘုရင့်နောင်တံတားအရှေ့ဘက် ၁ ကီလိုမီတာခန့်အကွာရှိ အမြန်လမ်းပေါ်တွင် အနည်းဆုံးဘူဒိုဇာ ၁ စီးနှင့်စစ်ကား ၂ စီး လှိုင်သာယာမြို့နယ်အတွင်းသို့ ဆင်းလာသည်ကို အခြားဓာတ်ပုံ ၂ ပုံတွင် တွေ့ရသည်။ တစက္ကန့်မျှသာကြာသော ထိုဗီဒီယိုတွင် စစ်ကားများမှာ ဘုရင့်နောင်တံတား၏ အနောက်ဘက်စွန်းတွင် ရပ်ထားသည်ကို တွေ့ရသည်။ ထိုဗီဒီယိုနှင့်ဓာတ်ပုံများတွင် တွေ့ရသော အရိပ်များ၏ထောင့်အနေအထားနှင့်အလျားများအရ ထိုဓာတ်ပုံနှင့်ဗီဒီယိုများကို ညနေ ၃ နာရီနှင့် ၃ နာရီခွဲကြားတွင် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရသူများကို ကူညီရန်ကြိုးစားသူများကို ပစ်မှတ်ထားခြင်း

ဆန္ဒပြသူများသည် ဒဏ်ရာရသူများကို မီးခွက်စျေးအနီးမှ ဆေးခန်းတခုနှင့် လှိုင်သာယာရပ်ကွက်များတွင် ဖွင့်ထားသော မိုဘိုင်းဆေးခန်းများသို့ သယ်သွားလေ့ရှိသည်။ သို့ရာတွင် လုံခြုံရေးတပ်ဖွဲ့များသည် ဒဏ်ရာရသူများကို မည်သူကမှ အကူအညီမပေးနိုင်အောင် တားဆီးကြပြီး ဒဏ်ရာရသူများဆီ သွားရောက်ကူညီသူများ၊ ရုပ်အလောင်းများကို သွားဆွဲသူများကို ပစ်ခတ်ကြသည်ဟု သက်သေ ၆ ယောက်လုံးက ထွက်ဆိုကြသည်။

“ရတနာ”မှာ ဆေးကျောင်းသူတယောက်ဖြစ်ပြီး မတ်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်မည်ကို ကြိုတင်ခန့်မှန်းပြီး မီးခွက်စျေးအနီးရှိ မိုဘိုင်းဆေးခန်းတခုတွင် လုပ်အားပေးခဲ့သည်။ နေ့လည် ၁ နာရီကျော်တွင် လူနာများ စတင်ရောက်ရှိလာသည်ဟု သူမက ထွက်ဆိုခဲ့သည်။

ဆေးခန်းကို ရောက်လာတဲ့ထဲမှာ အနည်းဆုံး လူ ၁၀ ယောက်လောက်က သေနတ်ဒဏ်ရာတွေနဲ့။ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေနဲ့ လည်ပင်းတွေကို အပစ်ခံထားရတာ။ ကျမတို့ဆေးခန်းမှာ လူတယောက် ဆုံးသွားတယ်။ ဆေးရုံပို့ရင်းနဲ့ ဆုံးသွားတဲ့လူနာတွေလည်း ရှိနိုင်တယ်။ ခေါင်းကို ထိထားတဲ့ လူနာတယောက်ကတော့ ဒဏ်ရာကြောင့် တက်ပြီး တဆက်ဆက်တုန်နေတယ်။ လူနာတင်ကားတစီးနဲ့ သူ့ကို ဆေးရုံအမြန်ပို့လိုက်ရတယ်။ ကျမတို့ လူနာတယောက်ကို ဆေးရုံပို့တုန်းက လူနာတင်ကားလည်း အပစ်ခံရတော့ ကားမောင်းသမားလည်း ဒဏ်ရာအပြင်းအထန်ရထားတယ်။ လူနာတင်ကားတွေကိုတောင် သူတို့ပစ်ကြတာ

လုံခြုံရေးတပ်ဖွဲ့များသည် ရုပ်အလောင်းများကို စစ်ကားများ၏နောက်တွင် ဆွဲပုံထားကြသည်ဟု သက်သေများက ထွက်ဆိုထားကြသည်။ လုံခြုံရေးတပ်ဖွဲ့များမှာ အလောင်းကောက်သူများကို ပစ်ခတ်ကြသဖြင့် ရုပ်အလောင်းတချို့ကို လမ်းများပေါ်တွင် တွေ့ရသည်။ ရဲနှင့်လုံခြုံရေးတပ်ဖွဲ့များသည် ဒဏ်ရာရသူများကို ကူညီပေးသော ဆန္ဒပြသူများနှင့် ကျန်းမာရေးဝန်ထမ်းများကိုလည်း ပစ်ခတ်ကြသည်။ မီတာ ၃၀ ခန့်အကွာအဝေးရှိ ရုပ်အလောင်းတခုကို သွားဆွဲသော ကျန်းမာရေးဝန်ထမ်းတယောက်ကို လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ ပေါင်တွင် ဒဏ်ရာရသွားသည်ဟု သက်သေတယောက်က ပြောခဲ့သည်။

Screenshot of the video referred to below showing protesters dragging the wounded away from advancing security forces, posted online on March 14, 2021. Verified by Human Rights Watch. © Uploader unknown

လှိုင်မြစ်လမ်း မှတ်တိုင်အမှတ် ၅ ရှေ့ မီတာ ၁၀၀ ခန့်အကွာမှ​ ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းတခုကို လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ လေ့လာသုံးသပ်ရာတွင် ဒဏ်ရာရသူများကို သယ်ပြေးသည့် ဆန္ဒပြသူများကို လုံခြုံရေးတပ်ဖွဲ့များမှ ရှေ့တိုးလာပြီး ပစ်ခတ်နေကြောင်း တွေ့ရသည်။ သေနတ်ဒဏ်ရာရထားသူများကို သွားရောက်ကူညီသည့် ဆန္ဒပြသူ ၄ ယောက်မှာလည်း ဒဏ်ရာရသွားပုံရသည်၊ ပျော့ခွေပြီးမလှုပ်မယှက်ဖြစ်နေသော ဆန္ဒပြသူတယောက်ကို သယ်သွားပုံ၊ နောက်တယောက်မှာ ပလက်ဖောင်းပေါ်တွင် လဲကျနေပြီး သူ့ကျောမှ သွေးထွက်နေပုံတို့ကို တွေ့ရသည်။ လမ်းလည်ခေါင်တွင် မျက်ရည်ယိုဗုံးမှ မီးခိုးများကို တွေ့မြင်နိုင်သည်။ ဗီဒီယိုတခုလုံးတွင် သေနတ်သံများ ဆူညံနေပြီး ရဲနှင့်စစ်သားများ အနောက်ဘက် မှတ်တိုင်ဆီသို့ ပြေးတက်လာကြသည်ကို တွေ့ရသည်။

 

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed