(ဗန်ကောက်မြို့၊ ၂၀၁၂ မတ်လ ၂၀) – မြန်မာအစိုးရသည် ၂၀၁၁ ဇွန်လကတည်းက ကချင်ပြည်နယ် မြောက်ပိုင်း တိုက်ခိုက်မှုများတွင် စစ်ပွဲကြောင့် ပြည်တွင်း၌ အိုးအိမ်နေရာမဲ့ ဖြစ်ရသူ သောင်းပေါင်းများစွာသောပြည်သူပြည်သားများအား ဆိုးရွားသော ညှဉ်းပန်းမှုများကျူးလွန်ပြီး၊ ကူညီထောက်ပံ့မှုများကို ပိတ်ပင်ခဲ့သည်ဟု ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုထားသည်။ ၇၅၀ဝ၀ လောက်ရှိသည့် စစ်ပွဲကြောင့် ပြည်တွင်း၌ အိုးအိမ်နေရာမဲ့ ဖြစ်ရသူ ကချင်တိုင်းရင်းသားများနှင့် ဒုက္ခသည်များသည် အစားအစာ၊ ဆေးဝါး၊ ခိုလုံရန်နေရာများ အလွန်လိုအပ်နေလျှက်ရှိသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။
စာမျက်နှာ ၈၃ ရှိသည့် “‘ဒုက္ခပင်လယ်ဝေခြင်း’။ ။ မြန်မာနိုင်ငံ ကချင်ပြည်နယ်တွင် စစ်ဖြစ်နေစဉ်ကာလတွင်း ညှဉ်းပန်းမှုများနှင့် စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ် နေရာမဲ့ဖြစ်ရခြင်းများ” အစီရင်ခံစာသည် မြန်မာစစ်တပ်က ကချင်ရွာများအား မည်သို့ တိုက်ခိုက်ခဲ့ပုံ၊ အိမ်များအားမည်သို့ ဖျက်ဆီးခဲ့ပုံ၊ ပိုင်ဆိုင်မှုပစ္စည်းများအား ခိုးယူလုယက်ပုံနှင့် သောင်းပေါင်းများစွာသော ပြည်သူများအား မိမိတို့နေအိမ်မြေရာမှ အတင်း ဆုတ်ခွာခြင်းဖြစ်စေပုံတို့ကို ဖော်ပြထားသည်။ စစ်သားများက သတင်းရဖို့ စစ်ကြောမေးမြန်းစဉ်အတွင်း အရပ်သားများကို ညှဉ်းပန်းနှိပ်စက်ပြီး၊ ခြိမ်းခြောက်မှုများကို ပြုခဲ့သည်။ အမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ကြသည်။ စစ်တပ်က လူသတ်မိုင်းများကို အသုံးပြုခဲ့ပြီး၊ အတင်းလုပ်အားပေး စေခိုင်းမှုများကိုလည်း အသုံးပြုခဲ့သည်။ အသက် ၁၄ နှစ်မျှသာရှိသည့် ကလေးငယ်များကိုလည်း ညှဉ်းပန်းနှိပ်စက်ပြီး၊ ရှေ့တန်းများတွင်ပါ၊ ပေါ်တာများအဖြစ် အတင်းအသုံးပြုခဲ့သည်။
“အစိုးရက အကူအညီအများဆုံးလိုအပ်နေတဲ့သူများကိုပေးဖို့ အကူအညီများအား ပိတ်ပင်တားဆီးနေစဉ်မှာ၊ မြန်မာစစ်တပ်က ကချင်ပြည်နယ်မှာ ညှဉ်းပန်းမှုများကို လက်လွှတ်စပယ်ကျူးလွန်နေကြတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အာရှဒေသဆိုင်ရာ လက်ထောက်ဒါရိုက်တာ Elaine Pearson က ဆိုသည်။ “မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်တွေအားလုံးက ပြည်သူတွေရဲ့အခြေအနေ ဒီထက်ပို ဆိုးသထက်မဆိုးလာအောင် ကာကွယ်လုပ်ဆောင်သွားဖို့လိုတယ်”။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့သည်၂၀၁၁ တွင် ကချင်ပြည်နယ်သို့ နှစ်ကြိမ် သွားရောက်ခဲ့သည်။ စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူများ စခန်း ၉ ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ ဒုက္ခသည်များရှိရာ တရုတ်နိုင်ငံ ယူနန်ပြည်သို့လည်း သွားရောက်ခဲ့သည်။ ဤအစီရင်ခံစာသည် ထိုလည်ပတ်မှုခရီးစဉ်များအတွင်း စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်သူများနှင့် ဒုက္ခသည်များ၊ ညှဉ်းပန်းမှုခံရသူများ၊ ကချင်တော်လှန်ရေးသမားများ၊ မြန်မာစစ်ပြေးများနှင့် အကူအညီပေးအဖွဲ့မှ ဝန်ထမ်းတို့အား မေးမြန်းထားသည့် အင်တာဗျူးပေါင်း ၁၀ဝ ကျော်ကို အခြေခံထားသည်။
မြန်မာအစိုးရနှင့် ကချင်ပြည်လွှတ်လပ်ရေးတပ် KIA နှစ်ဘက်စလုံးမှ ကျူးလွန်ထားသည့် ညှဉ်းပန်းမှုများအား စုံစမ်းစစ်ဆေးရန် လွှတ်လပ်သော အပြည်ပြည်ဆိုင်ရာ လုပ်ဆောင်မှုကို ခွင့်ပြုရန်၊ လူသားချင်းစာနာထောက်ထားကူညီမှုများရရှိဖို့ သေချာဆောင်ရွက်သွားရန်၊ ၄င်းတို့စစ်တပ်များ၏ ညှဉ်းပန်းမှုလုပ်ရပ်များကို အဆုံးသတ်ရန် ထိရောက်သောလုပ်ဆောင်မှုများအား လုပ်ရန် လိုသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။
မြန်မာစစ်တပ်က KIA အား အသစ်တဖန် စစ်ဆင်ခြင်းကို နှစ်ဘက်စလုံး၏ အငြင်းပွားရာနေရာဖြစ်သည့် တရုတ်ဦးဆောင်လုပ်နေသည့် ရေကာတာ တဝိုက်တွင် ဇွန်လမှ စ၍ စတင်ခဲ့သည်။ ထိုသို့စတင်ခြင်းက အစိုးရနှင့် ကချင်တော်လှန်ရေးကြားရှိ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ကို ချုပ်ငြိမ်းစေခဲ့သည်။
စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူများက မြန်မာစစ်တပ်က၄င်းတို့အား ရှေ့တန်းများ၌ အလုပ်လုပ်ခိုင်းကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှုများ ကို ခံခဲ့ရကြောင်း၊ စစ်သားများ၏ ပစ်ခတ်ခြင်းကိုလည်းခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ စစ်သားများက မုဒိမ်းကျင့်သည်ဆိုသည့် သက်သေအထောက်အထားများကိုလည်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တွေ့ရှိခဲ့သည်။
စစ်တပ်၏ ပေါ်တာအဖြစ် ၁၉ ရက်ကြာ လုပ်ခိုင်းခြင်းကို ခံခဲ့ရသည့် အမျိုးသားတဦးက ကချင်အမျိုးသမီးသမီးနှစ်ယောက်ကို စစ်သားများက ထပ်ခါတလဲလဲ မုဒိမ်းကျင့်ခဲ့ကြောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့အား ပြောသည်မှာ။ ။ “စစ်သားတွေက အမျိုးသမီးတွေကို ခေါ်သွားပြီး တဲအိမ် တအိမ်မှ နောက်တအိမ်ကို ပြောင်းခေါ်သွားကြတယ်။ ကျွန်တော်တို့လည်း အရမ်းကြောက်တော့ တညလုံးမစောင့်ကြည့်နိုင်ဘူး။ နောက်တနေ့မနက်ရောက်တော့ အဲဒီအမျိုးသမီးတွေ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ သူတို့ကို ကြည့်ရတာ နာကျင်မှုကိုခံစားနေရသလိုပဲ။ လမ်းလျှောက်ရင်တောင် ကုန်းပြီးလျှောက်ရတယ်။ သူတို့ ငိုနေတာလည်း တွေ့ရတယ်”။
ကချင်ပြည်လွှတ်လပ်ရေးတပ် KIA လည်း ကလေးစစ်သားများနှင့် လူသတ်မိုင်းများအပါအဝင် ဆိုးရွားသောညှဉ်းပန်းမှုများလုပ်ရာတွင် ပါဝင်လျှက်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။ စစ်သားများနှင့် အရပ်သားများကို ခွဲခြားမှုမရှိသည့် မိုင်းများကို အသုံးပြုခြင်းက စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူများ တိုက်ခိုက်မှုများပြီးဆုုံးသောအခါ၊ မိမိရွာသို့ လုံခြုံစွာ ပြန်လာနိုင်ရန် အခက်အခဲဖြစ်စေမည်။
ကာကွယ်မှု၊ အဆင့်တိုးမြှင့်ပေးမှုနှင့် နည်းပညာပိုင်းရာ ကူညီမှုများအား လုပ်ပိုင်ခွင့်အာဏာရှိသည့် ရုံးတခုအား မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ဖို့၊ မြန်မာအစိုးရက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးအား တောင်းဆိုရန် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က မြန်မာအစိုးရအား တိုက်တွန်းသည်။
မကြာသေးမီက ဖွဲ့စည်းတည်ထောင်ထားသည့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ကချင်ပြည်နယ်ရှိ ညှန်းပန်းမှုများအား ကြီးကြပ်ရာတွင် ထိရောက်သော အခန်း မှ လုပ်ဆောင်ခြင်း မရှိဘူးဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကဆိုသည်။ ၂၀၁၂ ဖေဖော်ဝါရီလတွင် ကော်မရှင် ဥက္ကဌ ဦးဝင်းမြက အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး အစိုးရက ညှိနိုင်းဆွေးနွေးမှုများပြုနေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် ပဠိပက္ခများနှင့် ဆက်နွယ်သည့် ညှန်းပမ်းမှုများအား စုံစမ်းစစ်ဆေးမည် မဟုတ်ကြောင်း ကြေငြာခဲ့သည်။
“ကချင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား နေရာဒေသများရှိ လက်နက်ပဠိပက္ခများတွင် ပါတီနှစ်ဘက်စလုံးက ကျူးလွန်ထားသော ညှန်းပမ်းမှုများအား စုံစမ်းစစ်ဆေးရန် လွှတ်လပ်သော အပြည်ပြည်ဆိုင်ရာ လုပ်ဆောင်မှုအတွက် စိုးရန်ပူပန်နေရတဲ့အစိုးရများက အရေးတကြီး ထောက်ခံသင့်တယ်။” ဟ Pearson ကဆိုသည်။ “ကုလသမဂ္ဂက မပါဝင်သရွေ့တော့၊ တိုင်းရင်းသား နေရာဒေသများရှိ ညှန်းပမ်းမှုများအား
ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေ ဖြစ်ပေါ်လာမှာမဟုတ်ဘူး။ ဒီလို ကြိုးစားလုပ်ဆောင်မှုများက ရှေ့ဆက်ဖြစ်မယ့် ညှန်းပမ်းမှုများကို ဟန့်တားစေမှဖြစ်တယ်”။
ဇွန်လကတည်းက ခန့်မှန်းခြေအားဖြင့် ၇၅၀ဝ၀ ခန့် ရှိသည့် အရပ်သားများမှာ မိမိတို့နေအိမ်များအား စွန့်ခွာခဲ့ရသည်။ အနည်းဆုံး ၄၅၀ဝ၀ခန့်မှာ KIA အဖွဲ့ အုပ်ချုပ်နယ်မြေဖြစ်သည့် တရုတ်နယ်စပ်တလျှောက်ရှိ စစ်ပွဲကြောင့် ပြည်တွင်း၌ အိုးအိမ်နေရာမဲ့ ဖြစ်ခဲ့ရသူများ စခန်းပေါင်း ၃၀ ကျော်၌ သွားရောက်ခိုလုံနေလျှက်ရှိသည်။ ဒီဇင်ဘာလတွင်မှ လိုအပ်မှုများစွာရှိနေသည့် နေရာသို့ သွားရောက်ရန် သက်ဆိုင်သည့် ကုလသမဂ္ဂ အဖွဲ့များကိုသာ ခွင့်ပြုခဲ့သည်။ သို့သော်၊ စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူ သောင်းပေါင်းများစွာ၏ စခန်းအတော်များများသို့ မသွားရောက်နိုင်ခဲ့ပေ။
KIO အုပ်ချုပ်နယ်မြေတွင် KIA နှင့် ကချင်အဖွဲ့အစည်းကွန်ယက်များက များပြားလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်မှုများကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းကြသော်လည်း၊ KIO နယ်မြေတွင် လုပ်ဆောင်နေသည့် လူ့ဘောင်အဖွဲ့အစည်းများအား အပြည်ပြည်ဆိုင်ရာမှ ထောက်ပံ့မှုမှာ မလုံလောက်ဘဲ၊ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်။
စစ်ပွဲဒဏ်ကြောင့် ပြည်တွင်း၌ အိုးအိမ်မဲ့ဖြစ်ရသူများ၏ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီလိုအပ်ချက်များတွင် အစားအစာနှင့် အခြားလိုအပ်ချက်များ၊ ဆေးဝါး၊ စောင်များ၊ အနွေးထည်များ၊ ထင်းနှင့် လောင်စာများ၊ လုံလောက်သော ခိုလုံရာနေရာများတို့ ပါဝင်သည်။
ကချင်ပြည်နယ်အတွင်း ဆိုးသထက်ဆိုးရွားလာနေသည့် အခြေအနေက မကြာသေးမှီလများအတွင်း ထင်ပေါ်ကျော်ကြားသည့် နိုင်ငံရေး အကျဉ်းသားများ ကို လွှတ်ပေးခဲ့ခြင်း၊ ဥပဒေ အချို့ကို ပြင်ဆင်ခဲ့ခြင်းနှင့် သတင်းမီဒီယာ လွှတ်လပ်ခွင့်ကို ပိုမို ပေးခဲ့ခြင်း အပါအဝင် မြန်မာပြည်အောက်ပိုင်း၌ မျှော်လင့်ချက်ရှိသော လူ့အခွင့်အရေး တိုးတက်မှုများနှင့် အင်မတန်ဆန့်ကျင်ကွဲပြားခြားနားလျှက်ရှိသည်။ လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားလွှတ်တော် တနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
“မြန်မာနိုင်ငံသားများအားလုံး၊ အထူးသဖြင့် ပဠိပက္ခနေရာများရှိ ပြည်သူများ ထိုပြောင်းလဲမှုတွေရဲ့ အကျိုးအမြတ်ကို ခံစားနိုင်ရန်မှာ ခရီးအတော်ကြာသွားရအုံးမှာဖြစ်တယ်။” ဟု Pearson ကဆိုသည်။ “အပြည်ပြည်ဆိုင်ရာလူထုက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်နေတဲ့ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရောင့်ရဲတင်းတိမ်နေခြင်းမျိုး မဖြစ်သင့်ဘူး။”