မြန်မာ - အမျိုးသမီးနှင့် မိန်းကလေးများအား ‘သတို့သမီးများ’ အဖြစ် တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်

မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အစိုးရများသည် ကချင်တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးများအား တရုတ်နိုင်ငံရှိမိသားစုများထံ သတို့သမီးများအဖြစ် လူကုန်ကူးခြင်းကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာ၌ ပြောဆိုခဲ့သည်။

(ရန်ကုန်၊) –  မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံ အစိုးရများသည် ကချင်တိုင်းရင်းသူ အမျိုးသမီးများနှင့် မိန်းကလေးများအား တရုတ်နိုင်ငံရှိမိသားစုများထံ သတို့သမီးများအဖြစ် လူကုန်ကူးခြင်းကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့်အစီရင်ခံစာ၌ ပြောဆိုခဲ့သည်။

 
စာ မျက်နှာ၌ပါရှိသည့် (“ငါတို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွှတ်ပေးမယ်” - ကချင်အမျိုးသမီးများအား “ဇနီးမယားများ” အဖြစ်ရောင်းစားရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း) “‘Give Us a Baby and We’ll Let You Go’: Trafficking of Kachin ‘Brides’ from Myanmar to China,” အစီရင်ခံစာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ အမျိုးသမီးများနှင့် မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ ကျွန်များအဖြစ် လူကုန်ကူးသူများက ရောင်းစားနေခြင်းကို မှတ်တမ်းတင်ထားသည်။ လူကုန်ကူးခံခဲ့ရသူများက ၎င်းတို့၏မိသားစုဝင်များအပါအဝင် ၎င်းတို့စိတ်ချရသူများက တရုတ်နိုင်ငံ၌ အလုပ်အကိုင်ရမည်ဟု ကတိပေးခဲ့ကြသော်လည်း ၎င်းတို့အား တရုတ်မိသားစုများထံ အမေရိကန်ဒေါ်လာ $ ၃၀၀၀ မှ $ ၁၃၀၀၀ နှင့် ညီမျှသောငွေဖြင့် ရောင်းစားခဲ့ကြကြောင်း ပြောသည်။  တရုတ်နိုင်ငံတွင် ၎င်းတို့အား ပုံမှန်အားဖြင့် အခန်း တစ်ခန်းတွင် သော့ခတ်ထား၍ ၎င်းတို့ကိုယ်ဝန်ရှိစေရန် မုဒိမ်းကျင့်ခံခဲ့ကြရ၏။
 
“မသမာသော လူကုန်ကူးသူများက ကချင်အမျိုးသမီးများနှင့် မိန်းကလေးများအား ဖမ်းဆီး၍ ပြော၍မထွက်နိုင်သော ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်သောသူများထံ ရောင်းချနေစဉ် မြန်မာနှင့် တရုတ်အာဏာပိုင်များက မျက်နှာလွှဲနေကြသည်” ဟုလည်းကောင်း၊ “အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အခြေခံအခွင့်အရေးများ နည်းပါးမှုတို့ကြောင့် ဤအမျိုးသမီးများမှာ နယ်စပ်တစ်ဘက်တစ်ချက်ရှိ ဥပဒေကြီးကြပ်သူများကို ကြောက်ရွံ့ရန် အကြောင်းရင်း နည်းပါးသည့် လူကုန်ကူးသူများ၏ သားကောင်များ ဖြစ်ခဲ့ကြရသည်။” ဟုလည်းကောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အစည်း၊ အမျိုးသမီးများ အခွင့်အရေး ယာယီပူးတွဲညွှန်ကြားရေးမှူးနှင့် ဤအစီရင်ခံစာ ရေးသားသူ (ဟယ်သာဘား) Heather Barr ကပြော၏။ဤအစီရင်ခံစာကို အဓိကအားဖြင့် လူကုန်ကူးခံခဲ့ရသူ ၃၇ ဦးအပြင် ဒုက္ခခံခဲ့ရသူများ၏ မိသားစု ၃ စု၊ မြန်မာနိုင်ငံ အစိုးရ အရာရှိများ၊ ရဲတပ်ဖွဲ့နှင့် ဒေသန္တရအဖွဲ့များအပြင် အခြားသူများနှင့် တွေ့ဆုံမေးမြန်းမှုများအပေါ် အခြေခံထားပါသည်။
 
အသက် ၁၆ နှစ်အရွယ်တွင် သူမ၏ ယောက်မဖြစ်သူ၏ ရောင်းစားခံခဲ့ရသော ကချင်အမျိုးသမီးတစ်ဦးပြောသည်မှာ -

“ဒီမိသားစုက ကျွန်မကို အခန်းတစ်ခုထဲခေါ်သွားတယ်။ အဲဒီအခန်းထဲမှာ ကျွန်မကို ထပ်ပြီး ကြိုးနဲ့တုပ်ထားကြပြန်တယ်။ …တံခါးကိုသော့ခတ်လိုက်တယ်—တစ်လ၊ နှစ်လလောက်။… အစာစားချိန်ရောက်တဲ့အခါ အစာပို့ပေးတယ်။ ကျွန်မက ငိုနေတာပဲ။ . . . တရုတ်က ကျွန်မကို အစာယူလာတိုင်း မုဒိမ်းကျင့်တယ်။”

တရုတ်မိသားစုများသည် "သတို့သမီး"နှင့်စာလျှင် ကလေးအပေါ် ပို၍စိတ်ဝင်စားလေ့ရှိသည်ဟု ဒုက္ခကျော်လွှားခဲ့သူများက ပြော၏။ အမျိုးသမီးများနှင့် မိန်းကလေးများ ကလေးမွေးဖွားပြီးသည်နှင့် တစ်ခါတစ်ရံတွင် ၎င်းတို့ကို ဖမ်းဆီးထားသူများထံမှ ထွက်ပြေးလွတ်မြောက်နိုင်ကြသော်လည်း သာမန်အားဖြင့် ၎င်းတို့၏ကလေးကို နောင်ပြန်တွေ့ရန် မျှော်လင့်ချက် သိပ်မရှိဘဲ ဆုံးရှုံးလျက် ထားခဲ့ကြရ၏။ မြန်မာနိုင်ငံ ပြန်ရောက်သည့်အခါ ဤဒုက္ခကျော်လွှားခဲ့ကြသူများသည် ၎င်းတို့၏ ဘဝများကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းစဉ် စိတ်ဒဏ်ရာများ၊ အသရေဖျက်မှုများနှင့် ရုန်းကန်ကြရသည်။ လူကုန်ကူးခံခဲ့ရသူများအတွက် ဝန်ဆောင်မှုများ အနည်းငယ်သာရှိ၍ အပူတပြင်းလိုအပ်သည့် အထောက်အပံ့များ ပေးနိုင်သော အဖွဲ့အစည်းအနည်းငယ်မှာလည်း ဒုက္ခကျော်လွှားခဲ့ရသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြပေ။

တွေ့ဆုံမေးမြန်းခဲ့သည့် လူကုန်ကူးမှုကျော်လွှားခဲ့သူအများအပြားမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် ပြည်တွင်းအိုးအိမ်စွန့်ခွာခဲ့ရကာ စခန်းများတွင် ဆိုးရွားသောဘဝများနှင့် ရင်ဆိုင်ရသည့် လူ တစ်သိန်းကျော်တွင် ပါဝင်သည်။ ထိုစခန်းအချို့သည် အတိုက်အခံ ကချင်လွတ်မြောက်ရေး အဖွဲ့အစည်း ထိန်းချုပ်မှု အောက်တွင် ရှိနေပြီး မြန်မာအစိုးရသည် ထိုစခန်းများသို့ လူသားချင်းစာနာမှု အထောက်အပံ့ အများအပြားကို ပိတ်ပင်ခဲ့သည်။ အမျိုးသားများသည် ပဋိပက္ခတွင် ပါဝင်နေစဉ် အမျိုးသမီးများအနေဖြင့် ၎င်းတို့၏မိသားစုများအတွက် တစ်ဦးတည်းသောဝင်ငွေရှာသူများ ဖြစ်လေ့ရှိကြသည်။ ထို့ကြောင့် အမျိုးသမီးများနှင့် မိန်းကလေးများမှာ တရုတ်နိုင်ငံ၏ ယခင်က “တစ်အိမ်ထောင် ကလေးတစ်ယောက်မူဝါဒ” ကြောင့် အမျိုးသားနှင့် အမျိုးသမီးဦးရေ မညီမျှမှုရှိ၍ သားဖြစ်သူများအတွက် သတို့သမီးများရှာဖွေရန် အခက်အခဲဖြစ်နေသော တရုတ်မိသားစုများထံ ၎င်းတို့ကို ရောင်းချသော လူကုန်ကူးသူများ၏အန္တရာယ်နှင့် အလွယ်တကူ ကြုံကြရသည်။ 

တရုတ်လူဦးရေ၌ အမျိုးသမီးရာခိုင်နှုန်းမှာ ၁၉၈၇ ခုနှစ်ကတည်းက တစိုက်မတ်မတ် ကျဆင်းလာခဲ့ပြီး အသက် ၁၅ နှစ်မှ ၂၉ နှစ်အကြား အမျိုးသားဦးရေနှင့် အမျိုးသမီးဦးရေ ကွာခြားမှုမှာ တိုး၍လာနေသည်။ ၁၉၇၉ ခုနှစ်မှ ၂၀၁၅ အထိ တရုတ်နိုင်ငံတွင် ထားရှိခဲ့သော “တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ”နှင့် အမျိုးသမီးများ၏ မျိုးပွားမှုဆိုင်ရာ ရပိုင်ခွင့်များအပေါ် တရုတ်နိုင်ငံ၏ ဆက်လက် ကန့်သတ်မှုများကြောင့် သားယောက်ျားလေးများကို ပိုမိုလိုလားမှု ပို၍ ဆိုးရွားလာခြင်းကြောင့် ယနေ့ အသက်ရှင်နေသင့်သော်လည်း “ပျောက်ဆုံးနေသော အမျိုးသမီးများ” သန်း ၃၀ မှ သန်း ၄၀ အထိရှိသည်ဟု သုတေသီများက ခန့်မှန်းသည်။  

အချို့မိသားစုများသည် အိမ်ထောင်ပြုနိုင်သည့်အမျိုးသမီးများ နည်းပါးခြင်းကို လူကုန်ကူးခံရသော အမျိုးသမီးများနှင့် မိန်းကလေးများအား ဝယ်ယူခြင်းဖြင့် ဖြေရှင်းကြသည်။ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သတို့သမီးများအဖြစ် လူကုန်ကူး ခံနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးများဦးရေကို ခန့်မှန်းရန် ခက်ခဲသော်လည်း ၂၀၁၇ ခုနှစ်တွင် ၂၂၆ ဦးရှိကြောင်း မြန်မာအစိုးရက အစီရင်ခံခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျွမ်းကျင်သူများက အရေအတွက်အစစ်အမှန်မှာ ဤထက် များစွာပိုမိုမြင့်မားနိုင်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့အား ပြောပြခဲ့သည်။

ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းမှ အရာရှိများ အပါဝင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဥပဒေကြီးကြပ်ရေး အရာရှိများသည် လူကုန်ကူးခံရသော အမျိုးသမီးနှင့်မိန်းကလေးများကို ပြန်လည်ရရှိရေးအတွက် အနည်းငယ်သာ ကြိုးပမ်းခဲ့ကြကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ တွေ့ရှိခဲ့ရသည်။ ရဲထံမှအကူအညီတောင်းသည့် မိသားစုများကို ရဲမှ ကြိမ်ဖန်များစွာ နှင်လွှတ်ခဲ့ကြပြီး ရဲအား အရေးယူဆောင်ရွက်စေလိုပါက ပိုက်ဆံပေးရမည်ဖြစ်ကြောင်း ပြောလေ့ရှိကြသည်။ အမျိုးသမီးနှင့်မိန်းကလေးများက ထွက်ပြေးလွတ်မြောက်၍ တရုတ်ရဲထံ ပြေးသွားသောအခါ ရာဇဝတ်မှု ကျူးလွန်ခံရသူများအဖြစ် ဆက်ဆံမည့်အစား လူဝင်မှုကြီးကြပ်ရေး ချိုးဖောက်မှုများဖြင့် တစ်ခါတစ်ရံတွင် ထောင်ချခံရသည်။ 

“မြန်မာနှင့် တရုတ်နိုင်ငံအစိုးရများနှင့် ကချင်လွတ်မြောက်ရေး အဖွဲ့အစည်းတို့သည် လူကုန်ကူးမှုတားဆီးရေး၊ ဒုက္ခခံရသူများကို ပြန်လည်ရယူရေးနှင့် ကူညီရေး၊ လူကုန်ကူးသူများကို အရေးယူရေးတို့ကို ပိုမိုဆောင်ရွက်သင့်သည်။” “အလှူရှင်များနှင့် နိုင်ငံတကာ အဖွဲ့အစည်းများသည် အစိုးရများမှ ဆောင်ရွက်ခြင်းမရှိသည့် လူကုန်ကူးခံရသော အမျိုးသမီးများနှင့် မိန်းကလေးများကို ကယ်ဆယ်ပြီး ၎င်းတို့ပြန်လည်ထူထောင်ရေးတွင် ကူညီသည့် ခဲယဉ်းသောအလုပ်ကို လုပ်နေသော ဒေသခံအဖွဲ့များကို ကူညီသင့်သည်။” ဟု ဘားက ပြောသည်။

(“ငါတို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွှတ်ပေးမယ်” - ကချင်အမျိုးသမီးများအား “ဇနီးမယားများ” အဖြစ်ရောင်းစားရန် မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း) “‘Give Us a Baby and We’ll Let You Go’: Trafficking of Kachin ‘Brides’ from Myanmar to China” ကို အောက်ပါနေရာတွင် ရယူနိုင်ပါသည်-
https://www.hrw.org/node/328122

ရွေးချယ်ထားသော ကိုးကားချက်များ

မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခနှင့် လူကုန်ကူးခြင်း

“၂၀၁၁ ခုနှစ်မှာ ရုတ်တရက် တိုက်ပွဲဖြစ်ပွားရော။ ကျွန်မတို့ ထွက်ပြေးပြီး ကိုယ့်အသက်အတွက် ကိုယ်လွတ် ရုန်းခဲ့ရတယ်။ အရင်က ကျွန်မတို့ ခဏပဲသွားတာ …မြန်မာစစ်တပ် ပစ်ခတ်တာရပ်ရင် ပြန်နိုင်ပြီလို့ထင်ခဲ့တာ။ ဒါပေမဲ့ ဘယ်တော့မှ မပြန်နိုင်ခဲ့ဘူး– ဒါနဲ့ နယ်စပ်ဒေသကို တဖြည်းဖြည်း ပြောင်းခဲ့ရတယ်၊ မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားလို့လေ။ …အဲဒီနောက်မှာ တရုတ်လူကုန်ကူးသမားတွေက အရပ်သားတွေကို နားချဖို့  စရောက်လာကြတယ်။ … [အမျိုးသမီးငယ်တွေက] သူတို့မိသားစုအတွက်နဲ့ သူတို့ရဲ့ မောင်လေးတွေ၊ ညီမလေးတွေအတွက် အထောက်အကူ ဖြစ်မယ်ဆိုရင် ဘာမဆို စွန့်စားမယ်လို့ သဘောထားခဲ့ကြတယ်။” – သူမကိုယ်တိုင် အိုးအိမ်စွန့်ခွာခဲ့ရသော ကချင်အမျိုးသမီးများအသင်း ဝန်ထမ်းတစ်ဦး။၂၀၁၈ ဇန်နဝါရီလတွင် တယ်လီဖုန်းဖြင့် မေးမြန်းခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်၌ အလုပ်အကိုင်မက်လုံး

“မိသားစုထဲမှာ ကျွန်မက ဝင်ငွေရှာတဲ့သူ - ကျွန်မအမေကို စောင့်ရှောက် ကြည့်ရှုခဲ့ရတယ်။ ဒီတော့ IDP စခန်းမှာ နေဖို့က – နေရာသိပ်ကျဉ်းလွန်းပြီး အရာရာခက်ခဲတယ်။ ဒီတော့ သူငယ်ချင်းတစ်ယောက်က “တရုတ်ပြည်မှာ အလုပ်အကိုင်ပေါပြီး လစာလည်းကောင်းတယ်။ လတိုင်း ယွမ် ၄၀၀၀ က ၅၀၀၀ အထိ [US$၆၄၀ က $၈၀၀] ရနိုင်တယ်” လို့ပြောတယ် – ၂၀၁၃ ခုနှစ် အသက် ၂၇ အရွယ်တွင် လူကုန်ကူးခံရသူ အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဧပြီလ။

လူကုန်ကူးသူများက ပစ်မှတ်ထားခြင်း

“ပွဲစားက ကျွန်မအဒေါ်ပါ။ သူနားချခဲ့တာလေ။” – အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်တွင် လူကုန်ကူးခံခဲ့ရသူ။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ။

“မြန်မာပွဲစားက သူတို့ကို တရုတ်ပွဲစားဆီပေးတယ်။ တရုတ်ပွဲစားက နေစရာ၊ စားစရာပေးပြီး တရုတ်တစ်ယောက်ကို ပြပြီး [သူက] ဘယ်လောက်ချောလဲအပေါ်မူတည်ပြီး ပိုက်ဆံပေးတယ်။ [သူတို့က] ယွမ် တစ်သိန်း [$၁၅၉၀၀] ဒါမှမဟုတ် ခုနစ်သောင်း ဒါမှမဟုတ် ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်း - ဘယ်လောက်ချောလဲပေါ် မူတည်တယ်။  ကျောက်စိမ်း ရောင်းသလိုပဲ - ကျောက်စိမ်းက အရည်အသွေးကောင်းရင် စျေးခေါ်ပြီး ပွဲစားတစ်ယောက်က နောက်တစ်ယောက်ကို ရောင်းတယ်။ မိန်းကလေးတွေလည်း ဒီလိုပဲ၊ ပွဲစားတစ်ယောက်က နောက်တစ်ယောက်ကို ရောင်းခံရတာပဲ။” – လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ဆောင်ခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း အရာရှိ။ မြစ်ကြီးနား၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။

လူကုန်ကူးခံရသည့် အမျိုးသမီးများနှင့် မိန်းကလေးများ၏ ခရီးလမ်း

“အဲဒီမှာ တစ်ပတ်ကြာပြီးတော့ ကျွန်မ သတိလစ်သွားတယ်။ သူတို့ ဆေးလား၊ ဘာလားမသိဘူး၊ တစ်ခုခုတိုက်လိုက်တယ် ထင်တယ်။ ဘာဖြစ်လဲ မမှတ်မိဘူး။ နိုးလာတော့ ရထားသံကြားပြီး ကျွန်မ ရထားပေါ်ရောက်နေမှန်း သိလိုက်တယ်။ ဘယ်နှစ်ရက် သတိလစ်သွားလဲ၊ ရထားပေါ်မှာ ဘယ်လောက်ကြာပြီလဲဆိုတာ မသိလိုက်ဘူး။ တရုတ်စာတွေပဲ တွေ့တယ်။ ကျွန်မက မဖတ်တတ်ဘူး။ ဗမာစာလုံးတွေ လုံးဝမပါဘူး။ ကျွန်မလည်း စငိုတော့တာပဲ။ အမျိုးသမီးတစ်ယောက် တွေ့တယ်။ ပွဲစားဖြစ်နိုင်တယ် – ကျွန်မကို ရထားပေါ်ခေါ်လာတဲ့လူ ဘယ်သူဘယ်ဝါဆိုတာကို တစ်ခါမှ မတွေ့လိုက်ဘူး။ သူက ကျွန်မရဲ့မျက်နှာကို ဆွဲဆိတ်တယ်။ သူက ရှမ်းတရုတ် အမျိုးသမီး။…ကျွန်မတို့ ဟော်တယ်တစ်ခုမှာ တည်းကြတယ်။ ကျွန်မတို့ရောက်တော့ အဲဒီရှမ်းတရုတ်အမျိုးသမီးက အပြင်ကနေ တံခါးသော့ခတ်လိုက်ပြီး ထွက်မပြေးဖို့ သတိပေးတယ်။ ထွက်ပြေးရင် လက်တွေ၊ ခြေတွေ ဖြတ်ပစ်လိုက်မယ်လို့ပြောတယ်။” – တစ်လလျှင် ကျပ်ငါးသောင်း ($၃၈) ပေးသည့် နယ်စပ်အနီး အထည်ဆိုင်တွင် အလုပ်လုပ်ရန် သူမ၏ဝမ်းကွဲနှင့်အတူ လက်ခံခဲ့ပြီးနောက် အသက် ၁၄ နှစ်အရွယ်တွင် လူကုန်ကူးခံရသူ အမျိုးသမီး။ မြစ်ကြီးနား။ ၂၀၁၇ ခုနှစ် ဇွန်လ။

“တစ်ခါတစ်လေ အစာကျွေးတယ်၊ အမြဲတမ်းတော့ မဟုတ်ဘူး။ သုံးရက်ကြာတော့ ယောက်ျားတွေကို ခြံထဲခေါ်လာတယ်။ ခြံစည်းရိုးအမြင့်ကြီးရှိတော့ ခြံဝင်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှ မမြင်နိုင်ဘူး။ အခန်းအပြင်မှာ သူတို့က ကျွန်မကို ယောက်ျား ၁၀ ယောက်ပြတယ်။ အဲဒီတုန်းက မနက် ၇ နာရီ။  သူတို့က ကျွန်မကို ကျွန်မရဲ့ကလေးနဲ့ ခွဲလိုက်ပြီး အဲဒီယောက်ျားတွေကို ပြတယ်။ နဂိုပွဲစားကတော့ ပြန်သွားပြီ၊ ဒုတိယပွဲစားကလာပြီး အဲဒီယောက်ျားတွေကို ပြပြီး ဘယ်တစ်ယောက်ကြိုက်လဲလို့ မေးတယ်။ တစ်ယောက်မှ မကြိုက်ဖူးလို့ပြောတော့ ပွဲစားက ကျွန်မကို ပါးချတယ်။ အဲဒီလို နှစ်ရက် သုံးရက်လောက် ဆက်ဖြစ်ပြီး ကျွန်မလည်း ဆက်ငြင်းခဲ့တယ်။ အဲဒီနောက် ပွဲစားက ကျွန်မကို မုဒိမ်းကျင့်တယ်။ ပွဲစားက စိတ်ဆိုးသွားတယ် - သူ့ကိုယ်သူ စိတ်ငြိမ်အောင် ညညဆိုရင် ကျွန်မကို မုဒိမ်းကျင့်တယ်။ ကြမ်းကြမ်း မုဒိမ်းကျင့်တယ်။ ကျွန်မ အင်္ကျီမချွတ်တဲ့အခါဆိုရင် ရိုက်တယ်။” – ၂ နှစ်အရွယ် သားကလေးနှင့်အတူ အသက် ၃၆ နှစ် အရွယ်တွင် လူကုန်ကူးခံရသော အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၆ ခုနှစ် ဧပြီလ။

အကျဉ်းခံဘဝ

“[ကျွန်မကိုဝယ်တဲ့လူသုံးတဲ့စကားပြန်က ကျွန်မကိုပြောပြတယ်]- ‘ဒီမိသားစုက ယောက်ျားပေးစားဖို့ မင်းကိုဝယ်လိုက်ပြီ။ …[မင်း] အခု အိမ်ပြန်ဖို့ မလွယ်တော့ဘူး။ ဒီမိသားစုက ဆွဲထားလိုက်ပြီ - ယောက်ျားယူရတော့မယ်၊ ဒီမှာ ရှိနေရမယ်၊ ဒီမှာနေရတော့မယ်။’” – အသက် ၁၈ နှစ်အရွယ် လူကုန်ကူးခံရသော အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၆ ခုနှစ် ဇူလိုက်လ။

“လေးရက်ကြာတော့ ကျွန်မတို့ ဖူဂန်ကိုရောက်တယ်။ …ပြီးတော့ ကျွန်မကို အခန်းထဲမှာ သော့ခတ်ထားတယ်။ တယ်လီဖုန်း ပေးမသုံးဘူး။ ကျွန်မလည်း တစ်ပတ်လောက် ငိုတယ်။ ဘာမှမစားဘူး။ ဆုတောင်းရုံပဲ ရှိတယ်။ အဲဒီနောက်တော့ ကျွန်မမှာ ဘာမှ မတတ်နိုင်တော့ဘူးဆိုတာသိလိုက်တယ်။ …အဲဒီမှာ လေးနှစ်ကြာတယ်။” – အသက် ၁၈ နှစ်အရွယ်တွင် လူကုန်ကူးခံရသော အမျိုးသမီး။ သမီးဖြစ်သူနှင့်အတူ လွတ်မြောက်ခဲ့သော်လည်း သားဖြစ်သူကိုမူ မချန်ထားလိုဘဲ ချန်ထားခဲ့ရ၏။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ။

“ကျွန်မကို ဘာလို့ရိုက်မှန်းမသိဘူး။ တစ်နေ့တော့ ကျွန်မကို အရမ်းရိုက်တာပဲ။  အိမ်နီးချင်းကတောင် အိမ်ကိုလာပြီး သူတို့ကို တားဖို့လုပ်တယ်။ အိမ်နီးချင်းက အမေကိုတားတော့ သားက ကျွန်မကို ရိုက်ပြန်ရော။ အိမ်နီးချင်းက သားကိုတားတော့ အမေက ကျွန်မကိုရိုက်ရော။ …အရိုက်ခံရတိုင်း ဘာလုပ်ရမှန်းကို မသိဘူး။ နှာခေါင်းကရော ပါးစပ်ကပါ သွေးတွေထွက်နေတယ်။ …ဘာပဲဖြစ်ဖြစ် သူတို့ကတော့ ရိုက်တာပဲ။” – ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသည့် အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဇွန်လ။

“အဲဒီယောက်ျားနဲ့ ကျွန်မ ညတိုင်း လိင်ဆက်ဆံရတယ်။ ကျွန်မ ငြင်းရင် သူက ဓားတွေနဲ့ ခြိမ်းခြောက်တယ်။ …ကျွန်မ အိမ်အလုပ်တွေ တအားလုပ်ရတယ်။ သူတို့အဝတ်အစားတွေ လျှော်ရတယ်၊ သူတို့အတွက် ချက်ပြုတ်ပေးရတယ်၊ သူ့မိဘတွေကို ရေချိုးပေးရတယ်။” – ၂၀၁၃ ခုနှစ်တွင် လူကုန်ကူးခံရသော အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ။

ကလေးများကို လိုအပ်ချက်

“ကျွန်မကို အခန်းထဲမှာ တစ်နှစ် သော့ခတ်ထားတယ်။ …ကလေးမမွေးခင်တုန်းက အဲဒီမိသားစုက - အထူးသဖြင့် ယောက္ခမကြီးက - ကျွန်မအပေါ် အရမ်းဆိုးတာပဲ။ သူ့မျက်နှာက ဒေါသထွက်နေတယ်။ တစ်ခါတစ်လေ သူတို့ ကျွန်မကို အစာမကျွေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အမြန်ဆုံး ကိုယ်ဝန်မရှိလို့လေ။” – အသက် ၃၀ အရွယ်တွင် လူကုန်ကူးခံရသူ အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ။

“အဲဒီတရုတ်အမျိုးသားက ကျွန်မကို ကလေးရှိဖို့လိုမယ်လို့ပြောတယ်။ ကျွန်မက ကလေးမလိုချင်ဘူးလို့ပြောတယ်။ သူက တစ်ခါ ပြန်တွန်းပြီး ကလေးယူခိုင်းတယ်။  ‘တရုတ်ပြည်က ဗမာမလေးတွေက ကလေးမွေးပြီးရင် အိမ်ပြန်တတ်ကြတယ်– မင်းလည်း ဒီလိုပဲ နေမှာပါ။’ [လို့ သူကပြောတယ်။] ဒီတော့ ကျွန်မလည်း သူနဲ့ကလေးယူဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးတစ်နှစ်ပြည့်ရင် ကျွန်မပြန်လို့ရမယ်လို့ အဲဒီတရုတ်အမျိုးသားက ပြောတယ်။” – အသက် ၂၀ အရွယ်တွင် လူကုန်ကူးခံရသူ အမျိုးသမီး။ မြစ်ကြီနား၊ ၂၀၁၆ ခုနှစ် ဧပြီလ။

“ကျွန်မ ကလေးမွေးတယ်။…တစ်နှစ်ကြာတော့ အဲဒီတရုတ်အမျိုးသားက ရွေးချယ်ဖို့ပေးတယ်။ …အတော်လေး ညှိယူရတယ်၊ ဒါပေမဲ့ အိမ်ပြန်ခွင့်ရလိုက်တယ်။ ကလေးတော့ မပါဘူး။ အဲဒီမိသားစုဝင်တွေက ကျွန်မကို ဒီကလေး ထိန်းခွင့်မပေးဘူး—မွေးရုံမွေးပြီး နို့တိုက်ရုံပဲ။ ကလေးကို နို့တိုက်—ပြီးရင် ယောက္ခမကြီးက ကလေးကို ယူသွားပြီး ထိန်းတယ်။ ကျွန်မကို အမေတစ်ယောက် အဖြစ်မခံဘူး။”—ကလေးနှင့်မခွာနိုင်သဖြင့် လွတ်မြောက်ပြီးမှ တရုတ်နိုင်ငံသို့ ပြန်သွားသော အမျိုးသမီး။ မြစ်ကြီနား၊ ၂၀၁၆ ခုနှစ် ဧပြီလ။

ဥပဒေကြီးကြပ်မှု အားနည်းခြင်း

“ကျွန်မသမီးကို ဆုံးရှုံးလိုက်ရလို့ တကယ့်ကိုစိတ်ဓာတ်ကျပြီး တကယ့်ကို ဝမ်းနည်းတာပဲ။ ကျွန်မတို့က ပိုက်ဆံမရှိဘူး ဆိုတော့ သူ့ကိုဘယ်လိုရှာရမှန်းမသိဘူး။” – မြန်မာ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲများမှ နှင်လွှတ်လိုက်သော လူကုန်ကူးခံရသည့် အမျိုးသမီးတစ်ဦး၏ မိခင်။ မြစ်ကြီးနား၊ ၂၀၁၈ ဇန်နဝါရီလ။ 

“[မြန်မာ] ရဲတွေဆီ ငါးခါတောင် ကျွန်မတို့သွားတယ်။  သူတို့က ‘သူတို့ကို ရှာကြစို့။ တွေ့ပြီဆိုရင် ပြောမယ်။’ လို့ အမြဲပြောတယ်။ …ကျွန်မတို့က ကိုယ်သိသလောက် ရဲကိုပြောပြပြီးပေမဲ့ သူတို့က ဘာမှမပြောဘူး၊ ဘာမှ မဖြေရှင်းနိုင်ဘူး။” – လူကုန်ကူးခံရသောအမျိုးသမီးတစ်ဦး၏မိခင်။ မြစ်ကြီးနား၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။

“[မြန်မာနိုင်ငံမှာ] လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေရှိပေမဲ့ လာဘ်စားတဲ့ပြဿနာတွေ ရှိနေတယ်။ ပွဲစားတွေ ဘယ်တော့မှ အဖမ်းမခံရတာက လာဘ်ပေးပြီး အမြဲထွက်ပြေးနိုင်လို့ပဲ။ ရဲနဲ့တရားရုံးတွေနဲ့ နယ်ခြားစောင့်တပ်တွေအားလုံးက လာဘ်စားနေကြတာ။” – မြန်မာနိုင်ငံ လူကုန်ကူးမှုဆိုင်ရာ ကျွမ်းကျင်သူ။ ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။

ဒုက္ခကျော်လွှားခဲ့သူများအပေါ် အသရေဖျက်မှု၊ ကြာရှည်စွဲကျန်နေသည့် စိတ်ဒုက္ခ

“တချို့က တရုတ်ပြည်ကထွက်ပြေးလွတ်မြောက်ခဲ့ပေမဲ့ အိမ်မပြန်ရဲကြတာက ဒီအခြေအနေနဲ့ သူတို့ဖြစ်ခဲ့တာတွေကို ရှက်လို့ပဲ။ …ကျွန်မတို့ ကချင်လူမှုအဖွဲ့အစည်းမှာ အိမ်ထောင်မပြုဘဲ နောက်တစ်ယောက်နဲ့ အတူတူနေတဲ့လူတွေ၊ အိမ်ထောင်မပြုဘဲ လိင်ဆက်ဆံတဲ့လူတွေကို နှိမ်ကြတယ်။ ကျွန်မတို့က အိမ်ပြန်လာတော့ ကိုယ့်အသိုင်းအဝိုင်းက ဝိုင်းနှိမ်ကြတယ်။ ကချင်အမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပေမဲ့လည်း - နောင်မှာ သူ့ဆွေမျိုးတွေနဲ့ မိသားစုက တစ်သက်လုံး ကျွန်မကို ပြစ်တင်ဝေဖန်ပြီး နှိမ်ကြမှာ။” – အသက် ၄၆ နှစ်အရွယ်လောက်တွင် လူကုန်ကူးခံရသူ အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၇ ခုနှစ် ဇွန်လ။

“ကျွန်မကိုယ်မှာ ဘာဒဏ်ရာမှ မရှိဘူး။ ဒါပေမဲ့ ကျွန်မလက်မခံတဲ့အမျိုးသားတစ်ယောက်က ကျွန်မနဲ့ လိင်ဆက်ဆံခဲ့တော့ အဲဒါက ကျွန်မဆီမှာ အမြဲကျန်နေပြီး တကယ့်ကိုခက်ပြီး ကျွန်မဘဝမှာ အမြဲ ထိခိုက်သက်ရောက်မှုရှိနေတယ်။” – ၂၀၁၁ ခုနှစ်၌ လူကုန်ကူးခံရ၍ လေးလကြာ ဖမ်းဆီးထားခံရသော အမျိုးသမီး။ မြစ်ကြီးနား၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။ 

“ဒုက္ခခံရသူအများစုက အရမ်းဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတယ်။ သူတို့က ပြန်လာပြီး ကျွန်မတို့နဲ့ လုံးဝ မတူတော့ဘူး။ ငေးနေ၊ စိုက်ကြည့်နေတာပဲ။ …ပြန်လာတဲ့လူတွေက အပြင်သွားပြီး မျက်နှာတောင် မပြရဲကြဘူး။ … [လူကုန်ကူးခံရလို့] သူတို့မှာ အပြစ်ရှိတယ်လို့ ခံစားနေကြတယ်။” – လိုင်ဇာမှ ကချင်အမျိုးသမီးများအသင်းမှ ဝန်ထမ်းတစ်ဦး၊ မြစ်ကြီးနား၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။

ဝန်ဆောင်မှုများ ကင်းမဲ့ခြင်း

“ဝန်ဆောင်မှုတွေက လုံးဝကို မလုံလောက်ဘူး။ [မြန်မာနိုင်ငံ လူမှုဖူလုံရေးဌာနက] ကောင်းပါတယ် - လူတိုင်း ကြိုက်တယ်။ ဒါပေမဲ့ သူတို့မှာ တစ်ခုခုလုပ်ဖို့ အရင်းအမြစ် မရှိကြဘူး။ သူတို့က ဘာမှမလုပ်နိုင်၊ မကိုင်နိုင်တဲ့အထိ အရင်းအမြစ် နည်းပါးနေကြတယ်။” – မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံတမန်တစ်ဦး၊ ရန်ကုန်၊ ၂၀၁၆ ခုနှစ် မေလ။

“သူတို့က နှစ်သိမ့်အကြံပေးမှုနဲ့ စောင့်ရှောက်မှု လိုတယ်  – ဒါပေမဲ့ ကျွန်မတို့က အဲဒီလိုအပ်ချက်တွေကို မပေးနိုင်ခဲ့ဘူး။” – ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်အမျိုးသမီးများအသင်းမှ ဝန်ထမ်းတစ်ဦး၊ တယ်လီဖုန်းဖြင့် မေးမြန်းခဲ့သည်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ။