Skip to main content

Myanmar

၂၀၂၅ ဖြစ်ရပ်များ

ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည့် ငလျင်ဒဏ်မှ ပြန်လည်နာလန်ထူလာစေရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဟု ကြေညာထားသော်လည်း မေလ ၁၂ ရက်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းတစ်ကျောင်းကို ထိမှန်ခဲ့ပြီး ကလေး အယောက်၂၀ အပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများမှ ပြောကြားခဲ့သည်။၂၀၂၅၊ မေလ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ကျောင်းအဆောက်အအုံရှေ့တွင် သေဆုံးသွားသော ကျောင်းသားများ၏ လွယ်အိတ်များကို ပြသထားပုံ။

© 2025 AFP via Getty Images

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း မြန်မာစစ်တပ်မှ ပြည်သူလူထုအပေါ် တိုက်ခိုက်မှုကြောင့် တိုင်းပြည်၏အခြေခံအဆောက်အအုံ၊ စီးပွားရေး၊ အရပ်ဘက်နှင့် နိုင်ငံရေးဘဝ၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးစနစ်များ ပျက်စီးခဲ့သည်။ စစ်တပ်၏အာဏာသိမ်းမှုအပြီး ရက်စက်ကြမ်းကြုတ်မှုများက စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ပြီး ဆယ်စုနှစ်များစွာ ပြစ်ဒဏ်ပေးခြင်း မခံခဲ့ရဘဲကျူးလွန်နေခြင်းက မီးလောင်ရာလေပင့်နေသည်။

အပျက်အစီးများသော ၂၀၂၅ ခုနှစ် မတ်လငလျင်ပြီးပြီးချင်းတွင်ပင် အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို လေကြောင်းတိုက်ခိုက်မှုများအပြင် အမြောက်များဖြင့်အကြိမ်ကြိမ် တိုက်ခိုက်ခြင်းတို့ဖြင့် လက်နက်ကိုင်တော်လှန်ရေးအပေါ် စစ်တပ်မှ တုံ့ပြန်ခဲ့သည်။

၂၀၂၅ ခုနှစ်လက်နက်ကိုင်တော်လှန်ရေးအား စစ်တပ်မှ အရပ်သားနှင့် အရပ်သားအခြေခံ အဆောက်အဦးများအပေါ် လေကြောင်းနှင့်အမြောက်တို့ဖြင့် ထပ်တလဲတိုက်ခိုက်၍ တုံ့ပြန်ခဲ့သည်မှာ မတ်လ၌ အကြီးအကျယ်ထိခိုက်ပျက်စီးသော မြေငလျင်နောက်ပိုင်းပင် အပါအဝင် ဖြစ်သည်။

အတုအယောင်ရွေးကောက်ပွဲများအတွက်အခြေခံအုတ်မြစ်ချရန် စစ်အစိုးရမှ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံး အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို အရှိန်မြှင့်ခဲ့သည်။ ဤစာရေးနေချိန်တွင် အဆင့်များစွာ ပါၡိသည့်ရွေးကောက်ပွဲများ၏ ပထမနှစ်ကျော့ကို ဒီဇင်ဘာလ ၂၈ ရက်နှင့် ဇန်နဝါရီလ ၁၁ ရက်တို့တွင် ကျင်းပရန် စီစဉ်ထားသည်။

အာဏာသိမ်းပြီးကတည်းက လူကုန်ကူးမှု၊ လိမ်လည်မှုစင်တာများနှင့် အခြားတရားမဝင်စီးပွားရေးများ တဟုန်ထိုးတိုးပွားလာပြီး မြန်မာသည် ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနှင့် ဓာတုဆေးဝါးများ၏ အဓိက အရင်းအမြစ်များအနက် တစ်ခုဖြစ်လာခဲ့သည်။

ပဋိပက္ခအကြမ်းဖက်မှုများ

မြန်မာစစ်တပ်သည် အတိုက်အခံများထိန်းချုပ်ထားသောဒေသများရှိအရပ်သားများကို မဆင်မခြင် တမင်တိုက်ခိုက်မှုများ အပါအဝင် ၂၀၂၅ ခုနှစ်တွင် လေကြောင်းမှ တိုးမြှင့်တိုက်ခိုက်ခဲ့သည်။ တရားမဝင် တိုက်ခိုက်မှုများကို လုပ်ဆောင်ရန် ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂျိုင်ရိုကော်ပတာများကို စစ်တပ်မှ တိုးမြှင့်အသုံးပြု၍ အရပ်သားများအတွက် ခြိမ်းခြောက်မှုအသစ်များ ဖန်တီးနေသည်။ ၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခုလုံးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများက လူနေရပ်ကွက်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အဦများနှင့် ပြည်တွင်းအိုးအိမ်စွန့်ခွာသူများ (IDPs) အတွက်စခန်းများကို ထိမှန်ခဲ့ပြီး လူပေါင်းထောင်နှင့်ချီသေဆုံးခဲ့သည်။ ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကိုင်းတိုင်း ကုက္ကိုကျေးရွာရှိ စစ်ဘေးရှောင် IDP စခန်းကို လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အနည်းဆုံးကလေး ၃ ဦး အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးခဲ့သည်။ လူပေါင်း ၁၅၀ ကျော် ခိုလှုံနေထိုင်သည့် စစ်ကိုင်းတိုင်းဒေသကြီး လင်းတလူးကျေးရွာ ဘုန်းတော်ကြီးကျောင်းကို ဇူလိုင်လ ၁၁ ရက်တွင် စစ်တပ်က လေကြောင်းမှတိုက်ခိုက်သဖြင့် စစ်ဘေးရှောင် အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့သည်။

မတ်လ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး လက်ပန်လှကျေးရွာ လူစည်ကားသည့်ဈေးကို စစ်တပ်၏ လေကြောင်းမှ ပစ်ခတ်မှုကြောင့် ၂ နှစ်သားအရွယ်လောက်သာရှိသည့် ကလေးငယ်အများအပြား အပါအဝင် အရပ်သားအနည်းဆုံး ၂၇ ဦးသေဆုံးခဲ့ပြီး နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည်။ ဩဂုတ်လ ၁၇ ရက်တွင် ကရင်နီပြည်နယ် မော်ချီးမြို့တွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငါးဦး အပါအဝင် အရပ်သားအနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ပြီး မူကြိုကျောင်းတစ်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့သည်။

အောက်တိုဘာလ ၆ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့ မူလတန်းကျောင်း တစ်ကျောင်းၡိ ဗုဒ္ဓဘာသာပွဲ၌ စုရုံးနေသူများကို စစ်တပ် ပါရာမော်တာ (မော်တာတပ်ထားသည့် ပါရာဂလိုက်ဒါ) တစ်စီးမှ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကတည်းက ပါရာမော်တာတိုက်ခိုက်မှုပေါင်း ၁၃၅ ခုကျော် ရှိခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။ 

မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ ဆက်လက်တိုက်ခိုက်ခံနေရသည်။ မေလ ၁၂ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အိုးထိမ်းကွင်းကျေးရွာရှိ အတိုက်အခံကျောင်းတစ်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသား ၂၂ ဦးနှင့် ဆရာမ ၂ ဦး သေဆုံးခဲ့သည်။ စက်တင်ဘာလ ၁၂ ရက်တွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ပုဂ္ဂလိကဘော်ဒါဆောင် ၂ ခုကို စစ်တပ်၏ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား ၂၃ ဦးခန့် သေဆုံးခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာတွင်တားမြစ်ထားသော အစုအပြုံလိုက်ပေါက်ကွဲသည့်ဗုံးများနှင့် လူကို ပစ်မှတ်ထားသော မြေမြှုပ်မိုင်းများကို ဆက်လက်အသုံးပြုနေဆဲ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ စစ်တပ်မှ ၂၀၂၂ ခုနှစ်ကတည်းက ပြည်တွင်း၌ထုတ်လုပ်သည့် အစုအပြုံလိုက်ပေါက်ကွဲသော စစ်လက်နက်များကို ဇွန်လ ၉ ရက် ကရင်ပြည်နယ်၊ ပိုင်ယက်ကျေးရွာ၌ လူခြောက်ဦးသေဆုံးသည့် စာသင်ကျောင်း တိုက်ခိုက်မှုတွင် အသုံးပြုခဲ့ပုံရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းချိန်ကတည်းက စစ်အစိုးရသည် အမျိုးသားငယ်များနှင့် ယောက်ျားလေးများကို ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ပုန်းၡောင်နေသူများ၏ မိသားစုဝင်များကို စစ်သားစုဆောင်းရေးမှ ဖမ်းဆီးခြင်းအပါအဝင် ရက်စက်ကြမ်းကြုတ်သော နည်းဗျူဟာများဖြင့် စစ်မှုထမ်းစေခိုင်းခဲ့သည်။ အာဏာသိမ်းပြီးကတည်းက စစ်တပ်၏ ကလေးစစ်သား စုဆောင်းမှုနှင့် ကလေးစစ်သားအသုံးပြုမှုမြင့်တက်လာသည်။ စစ်တပ်မှလူသစ်စုဆောင်းသူများက အဖော်မပါသူ ၊ ရွှေ့ပြောင်းနေထိုင်သူ သို့မဟုတ် အလုပ်လုပ်နေသူကလေးများကို ပြန်ပေးဆွဲခြင်း သို့မဟုတ် အခွင့်အရေးရလျှင်ရသလို စစ်တပ်ထဲဆွဲသွင်းခြင်းတို့ ပြုလုပ်လေ့ရှိပြီး ကလေးများ၏ အသက်အရွယ်ကို ဖုံးကွယ်ထားခြင်း သို့မဟုတ် အတည်ပြုရန်ပျက်ကွက်ခြင်းများ ရှိသည်။ စစ်တပ်သည် ကလေးများကို ရှေ့တန်းသို့ စေလွှတ်ပြီး လမ်းပြ၊ ပေါ်တာနှင့် လူသားဒိုင်းများအဖြစ် အသုံးပြုခဲ့သည်။

အစိုးရမဟုတ်သောလက်နက်ကိုင်အဖွဲ့များသည်လည်း ကလေးစစ်သားများစုဆောင်းခဲ့ပြီး လူသတ် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကဲ့သို့ ပဋိပက္ခနှင့်ဆက်နွှယ်သောအခြားညှဉ်းပန်းနှိပ်စက်မှုများကို ပြုလုပ်ခဲ့သည်။

အကူအညီများပိတ်ဆို့ခြင်း၊ နေရာရွှေ့ပြောင်းခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းများ

စစ်အစိုးရသည် အရပ်သားများကိုစုပေါင်းပြစ်ဒဏ်ပေးသည့်နည်းလမ်းအဖြစ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို တမင်ပိတ်ဆို့ပြီး လူများကိုသေဆုံးစေသည်။ ဤသို့ ပိတ်ဆို့ တားဆီးမှုများသည် အရပ်သားများကို သီးခြားထားပြီး အကြမ်းဖက်နှိမ်နင်းခြင်းဖြင့် နယ်မြေတစ်ခုကို ဆက်လက်ထိန်းချုပ်ရန် စီမံထားကာ စစ်တပ်က ကာလရှည်ကြာ ကျင့်သုံးလာသည့် ‘ဖြတ်လေးဖြတ်’ ဗျူဟာကို တည်တံ့ခိုင်မြဲစေသည်။ 

မတ်လ ၂၈ ရက် မြန်မာနိုင်ငံအလယ်ပိုင်း၌ ပြင်းအား ၇.၇ ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်းထောင်နှင့်ချီ သေဆုံးခဲ့သည့်အပြင် နိုင်ငံအနှံ့ အပျက်အစီးများစွာ ရှိခဲ့သောကြောင့် လူပေါင်း ၁၇ သန်းထိခိုက်ခဲ့သည်။ ငလျင်လှုပ်ပြီးနောက် စစ်အစိုးရသည် အတိုက်အခံများထိန်းချုပ်ထားသောဒေသများတွင် အသက်ကယ် ဝန်ဆောင်မှုများ ၀င်ရောက်သွားလာခွင့်ကို တားဆီးခဲ့သည်။ ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့် ကျန်းမာရေးဝန်ထမ်းများအပေါ် စစ်အစိုးရ၏ နှစ်ပေါင်းများစွာတရားမဝင် တိုက်ခိုက်မှုများကြောင့် အရေးပေါ်တုံ့ပြန်နိုင်မှုကို ဆိုးရွားစီာ နှောင့်နှေးကြန့်ကြာစေခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း ငလျင်လှုပ်ခတ်ပြီးနောက် နှစ်လအတွင်း စစ်တပ်မှ တိုက်ခိုက်မှုပေါင်း ၅၅၀ ကျော် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း အနည်းဆုံး လူ ၃.၆ သန်း ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။ အများစုမှာ ယာယီတဲများနှင့် ဟင်းလင်းပြင်များတွင် နေထိုင်ကြရပြီး အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေ အနည်းအကျဥ်းသာ ရရှိကြသည်။ နိုင်ငံခြားအကူအညီ ဖြတ်တောက်မှုများ၊ ဈေးနှုန်းများ တဟုန်ထိုးတက်ခြင်းနှင့် ဆေးဝါးစောင့်ရှောက်မှု ရယူနိုင်ခြင်းမၡိ၍ ကြီးထွားလာသော အာဟာရချို့တဲ့မှု၊ ရေကြောင့်ဖြစ်သောရောဂါနှင့် ကာကွယ်နိုင်သောသေဆုံးမှုများ ပိုမိုဆိုးရွားလာခဲ့သည်။ လူပေါင်း ၁၅ သန်းကျော်သည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကြီးမားစွာ ရင်ဆိုင်နေရပြီး ယင်းက အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်သည်။

တရားလက်လွတ်ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားပြုမူခြင်း

စစ်အစိုးရအာဏာပိုင်များမှ အမျိုးသမီး ၆၂၀၀ ကျော်နှင့် ကလေး ၆၂၅ ဦး အပါအ၀င် လူပေါင်း ၃၀၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ စစ်အစိုးရ၏ဖမ်းဆီးချုပ်နှောင်မှုခံထားရစဉ် လူပေါင်း ၂၂၀၀ ကျော် သေဆုံးခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း အရေအတွက်အမှန်မှာ ပိုမိုများပြားနိုင်သည်။ နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အခြားနှိပ်စက်ခြင်းတို့သည် အကျဉ်းထောင်များ၊ စစ်ကြောရေးစခန်းများ၊ စစ်အခြေစိုက်စခန်းများနှင့် အခြားထိန်းသိမ်းရေးစခန်းများတွင် ပျံ့နှံ့နေပြီး မုဒိမ်းမှု၊ ရိုက်နှက်မှု၊ အချိန်ကြာမြင့်စွာ ပုံစံထိုင် ထိုင်ရခြင်း၊ လျှပ်စစ်ရှော့ခ်တိုက်ခြင်းနှင့် မီးနှင့်တို့မှု၊ ဆေးကုသခွင့် ငြင်းပယ်မှု၊ အစာနှင့်ရေချို့တဲ့ခြင်းနှင့် အိပ်ရေးပျက်ခြင်းများရှိကြောင်း အစီရင်ခံစာများ ၡိသည်။ ဇူလိုင်လတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ မဝတ်ရည်အောင် အသက် ၂၆ နှစ်သည် ညှဥ်းပန်းနှိပ်စက်ခံရခြင်းကြောင့် ဦးခေါင်းဒဏ်ရာများ ကာလရှည်ကြာခံစားခဲ့ရပြီး ဆေးကုသမှု မရရှိသဖြင့် အင်းစိန်ထောင်တွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များ၊ လူသားချင်းစာနာ ထောက်ထားမှု ၀န်ထမ်းများ၊ ရှေ့နေများနှင့် ဘာသာရေးခေါင်းဆောင်များကို တရားလက်လွတ် ဖမ်းဆီးခဲ့သည်။ အာဏာပိုင်များသည် တက်ကြွလှုပ်ရှားသူများ၏ ကလေးများ အပါအဝင် မိသားစုဝင်များနှင့် သူငယ်ချင်းများကိုလည်း အကျပ်ကိုင်ပြီး စုပေါင်းပြစ်ဒဏ်ပေးသည့် ပုံစံအဖြစ် ထိန်းသိမ်းထားခဲ့သည်။

စစ်အစိုးရသည် အကူအညီပေးရေးလုပ်သားများ၊ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို နှိမ်နင်းရန် အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေးဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည်။ သတင်းထောက်သန်းထိုက်မြင့်သည် ဖေဖော်ဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီး စစ်ကြောရေးတွင် ရိုက်နှက်ခံရကာ ၎င်း၏ဖုန်းတွင် အတိုက်အခံအင်အားစုများ၏ ဆက်သွယ်ရေးအချက်အလက်များ တွေ့ရှိသည့်အတွက် ဧပြီလတွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရသည်။

အာဏာသိမ်းပြီးကတည်းက တရားဥပဒေစိုးမိုးမှု ပျက်ပြားခဲ့သည်။ စစ်အာဏာပိုင်များသည် ရှေ့နေများအပေါ် အတားအဆီးများနှင့် ကန့်သတ်ချက်များကို စနစ်အရချမှတ်ထားပြီး လွတ်လပ်သော တရားစီရင်ရေး၏ ပုံသဏ္ဌာန်အားလုံးကို ဖျက်သိမ်းခဲ့သည်။ စစ်အစိုးရသည် နိုင်ငံရေးအရ ထိရှလွယ်သည့် ကိစ္စများအတွက် အပြင်လူတက်ရောက်ခွင့်မရှိသော အထူးတရားရုံးများကို အကျဉ်းထောင်များအတွင်း အသုံးပြုကာ မြို့နယ်များရှိ စစ်ခုံရုံးများကို စစ်အုပ်ချုပ်ရေးအရ ပိတ်ထားသည်။

နိုင်ငံရေးဖိနှိပ်မှုနှင့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု

၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု စစ်တပ်မှ ဇူလိုင်လ၌ ကြေညာခဲ့သည်။ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွင် စစ်အစိုးရမှ နိုင်ငံတော်အုပ်ချုပ်ရေး ကောင်စီကို နိုင်ငံတော် လုံခြုံရေးနှင့်ငြိမ်းချမ်းရေးကော်မရှင်ဖြင့် အစားထိုးခဲ့ပြီး အရေးပေါ် အခြေအနေသစ်နှင့် စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ၌ပင် စစ်အစိုးရသည် ရွေးကောက်ပွဲဆိုင်ရာ ဝေဖန်ပြစ်တင်မှုများကို ရာဇ၀တ်မှုမြောက်စေပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ မည်သည့်အစိတ်အပိုင်းကိုမဆို အနှောင့်အယှက်ဖြစ်စေသော မိန့်ခွန်း၊ စည်းရုံးရေး သို့မဟုတ် ဆန္ဒပြမှုများကို တားမြစ်ပိတ်ပင်သည့် “ရွေးကောက်ပွဲကာကွယ်ရေး” ဥပဒေကိုလည်း အတည်ပြုခဲ့သည်။ ယခုစာရေးချိန်တွင် အာဏာပိုင်များမှ ကလေးသူငယ်များ အပါအဝင် လူပေါင်း ၁၂၀ ခန့်ကို ဥပဒေသစ်ဖြင့် ဖမ်းဆီးခဲ့သည်။

စစ်တပ်သည် တိုင်းပြည်၏နေရာဒေသများစွာကို အနည်းအကျဥ်းသာ ချုပ်ကိုင်ထားနိုင်ပြီး အချို့နေရာများကို လုံးဝချုပ်ကိုင်နိုင်ခြင်း မရှိပေ။ ၂၀၂၄ သန်းခေါင်စာရင်းကို မြို့နယ် ၃၃၀ အနက် ၁၄၅ မြို့နယ်တွင်သာ ကောက်ယူနိုင်ခဲ့သည်။ ဤစာရေးသည့်အချိန်တွင် ရွေးကောက်ပွဲ အဆင့်နှစ်ဆင့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်ပေါင်း ၂၀၂ ခုသာ ရှိသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က စက်တင်ဘာလတွင် “လွတ်လပ်ပြီး ပြည်သူ့သဘောထားကို ထင်ဟပ်တဲ့ ရွေးကောက်ပွဲများဖြစ်လာဖို့ အခြေအနေတွေ မရှိ” ဟု ပြောကြားခဲ့သည်

ဇန်နဝါရီလတွင် စစ်အစိုးရသည် အွန်လိုင်းသတင်းများကို ပိုမိုကန့်သတ်ချုပ်ချယ်ပြီး တိုးချဲ့စောင့်ကြည့်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့သည်။ မတ်လငလျင်အပြီး အပါအ၀င်တွင် နိုင်ငံတစ်ဝှမ်း အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများ၌ အင်တာနက်နှင့် ဖုန်းဝန်ဆောင်မှုများအလှည့်ကျ ဖြတ်တောက်သည့် စစ်အစိုးရ၏ ပြင်းထန်သော ကန့်သတ်ချက်များသည် သတင်းရယူခွင့်၊ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများနှင့် လူမှုအသိုက်အဝန်း ကာကွယ်ရေးတို့ကို အဟန့်အတားဖြစ်စေခဲ့သည်။

သန်းနှင့်ချီသော မြန်မာနိုင်ငံသားများ နိုင်ငံတွင်းမှထွက်ပြေးခဲ့ကြပြီး စစ်အစိုးရသည် နယ်နိမိတ်ပြင်ပရှိ တက်ကြွလှုပ်ရှားသူများအား ပြည်နှင်ဒဏ်၊ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုနှင့် နိုင်ငံကူးလက်မှတ် ရုပ်သိမ်းခြင်းတို့ဖြင့် နှိမ်နင်းခဲ့သည်။ မလေးရှားတွင် အဓမ္မခေါ်ဆောင်သွားခြင်းခံရပြီး ပျောက်ကွယ်သွားသော မသူဇာမောင်ကို ခင်ပွန်းဖြစ်သူနှင့် ကလေးသုံးယောက်တို့နှင့်အတူ နှစ်နှစ်ကျော်ကြာ ထိမ်းသိမ်းမည်ဟု စစ်အစိုးရမှ အောက်တိုဘာလတွင် ကြေညာခဲ့သည်

ရိုဟင်ဂျာ

ရိုဟင်ဂျာတိုင်းရင်းသားများအပေါ် မြန်မာစစ်တပ်သည် ပေါ်ပေါက်နေဆဲ လူမျိုးရေးခွဲခြားမှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် လွတ်လပ်ခွင့်ကိုကန့်သတ်မှုများ ပြုလုပ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ အပါအဝင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ကာလရှည်ကြာစွာ ကျူးလွန်ခဲ့သည်။

၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက ရိုဟင်ဂျာအရပ်သားများသည် စစ်အစိုးရနှင့် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား အာရက္ခတပ်တော် တပ်ဖွဲ့များကြား တိုက်ပွဲများတွင် ပိတ်မိနေခဲ့သည်။ နှစ်ဖက်စလုံးက တရားလက်လွတ်သတ်ဖြတ်မှုများ၊ ကျယ်ပြန့်စွာမီးရှို့မှုများနှင့် တရားမဝင် စစ်သားစုဆောင်းမှုများ အပါအဝင် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုများကို ကျူးလွန်ခဲ့ကြသည်။ ရခိုင်မြို့နယ်အများစုကို ယခုထိန်းချုပ်ထားသော အာရက္ခတပ်တော်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာများအပေါ် အတင်းအကျပ်လုပ်အားစေခိုင်းခြင်းနှင့် မတရားဖမ်းဆီးခြင်းအပါအဝင် ဖိနှိပ်ချုပ်ချယ်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ အာရက္ခတပ်တော်မှာ ရခိုင်ပြည်နယ်တွင် အသက်မွေးဝမ်းကျောင်းနှင့် စိုက်ပျိုးရေးအပေါ် ကန့်သတ်ချက်များပြုလုပ်နေပြီး ငွေညှစ်ခြင်းနှင့် အတူကုန်စျေးနှုန်းများ မတန်တဆ တက်သောကြောင့် ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်နှောင်းပိုင်း ပြင်းထန်သော စားနပ်ရိက္ခာပြတ်လပ်မှုနှင့် စစ်အစိုးရမှ အကူအညီများကို ပိတ်ဆို့ထားမှုများ ပိုမိုဆိုးရွားခဲ့သည်။

၂၀၂၄ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ အာရက္ခတပ်တော်ကို တိုက်ခိုက်ခဲ့ပြီးနောက် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) နှင့် အခြားရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့များသည် တိုက်ခိုက်ရေးသမားများကို ရခိုင်ပြည်နယ်မြောက်ပိုင်းၡိ အာရက္ခတပ်တော်နှင့် တိုက်ပွဲများသို့ ထပ်မံစေလွှတ်လျက်ရှိသည်

ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်နှင့် တောင်ပိုင်းချင်းပြည်နယ်ရှိ လူပေါင်း ၄၀၀၀၀၀ ကျော် ပြည်တွင်း၌ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ၂၀၂၃ ခုနှစ်နှောင်းပိုင်းကတည်းက အနည်းဆုံး ရိုဟင်ဂျာ ၁၅၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ခန့်မှန်းခြေအားဖြင့် ရိုဟင်ဂျာ ၅၆၀၀ ခန့်သည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှနေ၍ တတိယနိုင်ငံများတွင်ခိုလှုံရန် အန္တရာယ်ရှိသောရေလမ်းမှ လှေများဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။ ရိုဟင်ဂျာ ၈၂၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်။ နိုဝင်ဘာလ ၂၀ ရက်တွင် စစ်အစိုးရအာဏာပိုင်များသည် ရခိုင်ပြည်နယ်ကမ်းရိုးတန်းတွင် ရိုဟင်ဂျာလှေများကို ကြားဖြတ်တားဆီးပြီး ရိုဟင်ဂျာ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု

ပဋိပက္ခအတွင်းနှင့် ထိန်းသိမ်းခံရစဉ်အတွင်း ဖြစ်ပွါးသော မုဒိမ်းမှု၊ အုပ်စုဖွဲ့ မုဒိမ်းမှု၊ လိင်ကျွန်ပြုမှု၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်အင်္ဂါဖြတ်တောက်မှုနှင့် အတင်းအကြပ် ဖော်ချွတ်စေခိုင်းမှု အပါအဝင် ကျားမအခြေပြု အကြမ်းဖက်မှုများအတွက် မြန်မာစစ်သားများတွင် တာဝန်ရှိလေ့ၡိသည်။ ကျူးလွန်သူများမှာ ပြစ်ဒဏ်ကင်းလွတ်နေပြီး ကျူးလွန်ခံရသော်လည်း အသက်ရှင်ကျန်ရစ်သူများမှာမူ လိုအပ်သော ဝန်ဆောင်မှုအကူအညီများ မရရှိပေ။ မတ်လ ငလျင်လှုပ်ပြီးနောက် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျားမအခြေပြု အကြမ်းဖက်မှု အန္တရာယ် မြင့်တက်လာခဲ့ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ၊ အကာအကွယ် သို့မဟုတ် အလျော်ကို အနည်းငယ်သာ ရရှိခြင်း သို့မဟုတ် လုံးဝမရရှိခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ဗြိတိသျှကိုလိုနီခေတ်ဥပဒေမှယူ၍ ပြဋ္ဌာန်းထားသော ရာဇသတ်ကြီး ပုဒ်မ ၃၇၇ သည် လိင်တူ လိင်ဆက်ဆံမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ပြီး လိင်ပိုင်းဆိုင်ရာနှင့် ကျားမဆိုင်ရာ လူနည်းစု အသိုက်အဝန်းအပေါ် ခွဲခြားဆက်ဆံခြင်းကို ပိုမိုတည်တံ့စေသည်။ 

သယံဇာတ ထုတ်ယူခြင်း

အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံတွင် လေးလံသောမြေရှားသတ္တု စည်းကမ်းမဲ့ထုတ်ယူမှုများ မြင့်တက်လာခဲ့ပြီး အဓိကအားဖြင့် ကချင်နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ကာ ကုန်ကြမ်းများကို ကုန်ချောပြုလုပ်သော နိုင်ငံများသို့ တင်ပို့သော တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် လုပ်ငန်းၡင်များက ပြုလုပ်နေကြသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အလုပ်သမားဆိုင်ရာ စံချိန်စံနှုန်းများမရှိဘဲ မြေရှားမိုင်း ၃၀၀ ကျော် လုပ်ကိုင်နေသည်။ ထိုအခြေအနေမှာ တောတောင်ရေမြေနှင့် ဒေသခံ လူ့အဖွဲ့အစည်းများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းများမှစိမ့်၀င်သောဓာတုပစ္စည်းများမှာ မြစ်ချောင်းများကို အလွန်အမင်း ညစ်ညမ်းစေပြီး ထိုင်းနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်းဒေသအောက်ပိုင်း မြစ်များတွင် အာဆင်းနစ်နှင့် အခြားအဆိပ်သင့်သတ္တုပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိရသည်။ နယ်စပ်ဒေသများကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသခံ ပြည်သူ့စစ်များသည် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ပံ့ပိုးလေ့ရှိသည်။

နိုင်ငံတကာ အဓိကလုပ်ဆောင်သူများ

တရုတ်နှင့်ရုရှားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာစစ်တပ်၏ ရာဇဝတ်မှုများအပေါ် နိုင်ငံတကာ၏ အရေးယူဆောင်ရွက်မှုများကို ပိတ်ဆို့ထားပြီး စစ်အစိုးရအား လက်နက်များ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာများနှင့် နိုင်ငံရေးပံ့ပိုးမှုများ ဆက်လက်ပေးနေသည်။

ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စုသည် မြန်မာစစ်တပ်သို့ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုတွင် ပါဝင်သော စစ်အစိုးရ၏ မဟာမိတ်များအပေါ် ပိတ်ဆို့မှုများကို ရုပ်သိမ်းခဲ့သည်။ နိုဝင်ဘာလတွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးသော အစီအစဉ် (TPS) ကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုမှ ကြေညာခဲ့သည်။ TPS သည် အမေရိကန်နိုင်ငံသား မဟုတ်သူများကို ဘေးမကင်းသော မိခင်နိုင်ငံများသို့ ပြန်ပို့ခံရခြင်းမှ အကာအကွယ်ပေးသည်။

၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ပြည်နှင်ဒဏ်ပေးခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်း အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စွပ်စွဲချက်ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး ရှေ့နေသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် တောင်းဆိုခဲ့သည်။ အဆိုပါတောင်းဆိုချက်နှင့် ပတ်သက်ပြီး တရားသူကြီးများမှ ပြည်သူလူထုအတွက်ဆုံးဖြတ်ချက် မထုတ်ပြန်ရသေးပေ။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ ဂမ်ဘီယာမှ မြန်မာနိုင်ငံကို စွဲချက်တင်ထားသော အမှုတွင် ကြား၀င်ဆောင်ရွက်နေသော နိုင်ငံခုနှစ်နိုင်ငံရှိခဲ့ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် အပြည်ပြည်ဆိုင်ရာ တရားရုံးမှ နောက်ထပ်လေးနိုင်ငံ၏ ကြား၀င်ဆောင်ရွက်မှုကိုလက်ခံခဲ့သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမှု၏အခြေအမြစ်အပေါ် ကြားနာမှုများ ပြုလုပ်မည်ဟု မျှော်လင့်ရသည်။

ဖေဖော်ဝါရီလတွင် အာဂျင်တီးနားတရားရုံးတစ်ခုမှ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများအတွက် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၂၅ ဦးကို ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အဆိုပါအမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူအရ တင်သွင်းခဲ့သည်။

စက်တင်ဘာလတွင် ရိုဟင်ဂျာဆိုင်ရာ အဆင့်မြင့်ညီလာခံတစ်ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကျင်းပခဲ့သည်