(ဘန်ကောက်မြို့၊ ၂၀၁၁၊ ဇူလိုင်လ ၁၃ ရက်) - ရဲဘက်များအား အန္တရာယ်ရှိသည့် ရှေ့တန်းများတွင် ပေါ်တာ အတင်းလုပ်ခိုင်းမှုနှင့် ညှ ဉ်းပန်းမှုများက စစ်ရာဇဝတ်မှု ကျူးလွန်ရာကျသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဆိုသည်။
စာမျက်နှာ ရ၀ ရှိသည့် “လမ်းလျှောက်နေသည့် သေလူများ။ ။ မြန်မာနိုင်ငံအရှေ့ဘက် ရှေ့တန်းများမှ ရဲဘက်ပေါ်တာများ” အစီရင်ခံစာတွင် ရဲဘက်များအား “လူဒိုင်းများ” အဖြစ်အသုံးပြုခြင်း၊ ညှ ဉ်းပန်းနှိပ်စက်မှုများ၊ အကျ ဉ်းစီရင်မှုများစသည့် ညှ ဉ်းပန်းမှုများအကြောင်း အသေးစိတ်တင်ပြထား သည်။ စစ်တပ်က ထောင်သားများအား အတင်း ပေါ်တာ စုဆောင်းခြင်းနှင့် ရက်စက်စွာ ဆက်ဆံခြင်းများကို ရပ်ဆိုင်းသင့်သည်။ ထိုရက်စက်မှုများတွင် ပါဝင်သူ (သို့) အမိန့်ပေးသူများအားလုံးကို အရေးယူသင့်သည် ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။
“ရဲဘက်ပေါ်တာတွေဟာ မြန်မာစစ်တပ်တွေရဲ့ တခါသုံး လူသား လားအုပ်စုတွေ လိုပါပဲ။ မိုင်းတွေ အထပ်ထပ်ဆင်ထားတဲ့ စစ်မြေပြင်တွေကြား သူတို့အတွက် အထောက်အပံ့ပစ္စည်းတွေကို သယ်ပေးရတယ်” ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ အာရှဒေသဆိုင်ရာ လက်ထောက် ဒါရိုက်တာ Elaine Pearson က ဆိုသည်။ “အသက်အန္တရာယ်ရှိတဲ့ ရှေ့တန်းမှာ ရဲဘက်တွေကို ပေါ်တာ အတင်းလုပ်ခိုင်းတာဟာ စစ်တပ်ရဲ့ ရက်စက်မှု အဆင့်ကို မြှင့်တင်ပေးလိုက်တာပါပဲ”
စစ်တပ်များ၏ ညှ ဉ်းပန်းမှုများကို စုံစမ်းရန် မြန်မာအစိုးရက အချိန်ကြာမြင့်စွာ ပျက်ကွက်လျှက်ရှိသည်။ ထိုသို့ဖြစ်နေမှုက စိုးရိမ်လျှက်ရှိသည့်သက်ဆိုင်ရာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားသော ဉပဒေနှင့် လူ့အခွင့်အရေး ဉပဒေများအား ဆိုးရွားစွာချိုးဖောက်နေမှုများအပေါ် စုံစမ်းရန် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထောက်ခံရန်အကြောင်း ဖြစ်စေသင့်သည် ဟု ထိုအဖွဲ့တို့က ဆိုသည်။
ဤအစီခံစာသည် ကရင်ပြည်နယ်နှင့် ပဲခူးဒေသများမှ စစ်ဆင်မှုများတွင် ပေါ်တာအဖြစ်အသုံးပြုခံခဲ့ရပြီး၊ ထွက်ပြေးလွှတ်မြောက်လာသည့် ရဲဘက်ပေါ်တာ ၅၈ ယောက်အား ၂၀၁၀ နှင့် ၂၀၁၁ ကြားတွင် တွေ့ဆုံမေးမြန်းထားချက်များအပေါ်အခြေခံသည်။ စစ်သားများပစ်ခတ်ခံရမှုမှ ကာကွယ်ပေးဖို့ (သို့) မြေမြှုပ်မိုင်းများ နင်းဖို့ “လူဒိုင်းများ” အဖြစ် မည်သို့အသုံးပြုခံခဲ့ရပုံ၊ ရိုက်နက်ခြင်းနှင့် နှိပ်စက်မှုများ၊ အကျ ဉ်းစီရင်မှုများအား မည်သို့ခံခဲ့ရပုံ (သို့) တွေ့မြင်ခဲ့ရပုံများ၊ ဆေးကုသမှုမခံရပဲ၊ အစားအစာနှင့် ခိုလုံရာနေရာများလည်း ဖူဖူလုံလုံမရှိကြောင်းများကို ရဲဘက်ပေါ်တာများက ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
“ကျွန်တော်တို့ အစားအစာတွေကို စခန်းထဲသို့ သယ်နေတဲ့အချိန် ပေါ်တာတယောက်က မိုင်းနင်းမိပြီး ခြေထောက်ပါသွားတယ်” ဟု ထွက်ပြေး လွှတ်မြောက်လာသည့် ရဲဘက်ပေါ်တာတယောက်က ဆိုသည်။ “စစ်သားတွေက သူ့ကို ဒီတိုင်းပဲပစ်ထားခဲ့တယ်။ သူက အော်ပြီး အကူအညီတောင်းတယ်၊ ဒါပေမယ့် ဘယ်သူမှ သူ့ကို လှည့်မကြည့်ဘူး။ ကျွန်တော်တို့ တောင်ပေါ်က ပြန်ဆင်းလာတော့ သူ သေနေပြီ။ ကျွန်တော် အပေါ်ဘက် မော့ကြည့်တော့ သူ့ရဲ့ အဝတ်စအချို့က သစ်ပင်တွေမှာ၊ သူ့ခြေထောက်အပိုင်းအစတွေက သစ်ပင်တပင်မှာ ချိတ်နေတာကို တွေ့လိုက်ရတယ်”
တွေ့ဆုံမေးမြန်းခဲ့သည့် ပေါ်တာများမှာ အသက် ၂၀ နှင့် ၅၇ နှစ် ကြား ရှိပြီး၊ ရာဇဝတ်မှုများကို ဆိုးဆိုးရွားရွာ ကျူးလွန်ထားသူများနှင့် မပြောပစလောက်ကျူးလွန်သူများပါဝင်သည်။ လုံခြုံရေးအင်မတန်တင်းကျပ်သော အင်းစိန်ထောင်များနှင့် အလုပ်ကြမ်းထောင်စခန်းများအပါအဝင် အသေးအမွှားအမှုများအတွက်သုံးသည့် ဒေသဆိုင်ရာ အကျ ဉ်းထောင်များစသဖြင့် မြန်မာတဝန်းလုံးရှိ အကျ ဉ်းထောင်များမှ ထောင်သားများအား ပေါ်တာအဖြစ်သုံးရန် အကျ ဉ်းထောင်တမှ လူပေါင်း ၃၀ မှ ၁၅၀ ယောက် ကြားကို ထောင်အာဏာပိုင်များက ရွေးယူခဲ့ခြင်းဖြစ်သည်။ ၅၀ဝ မှ ရ၀ဝ ကြားရှိသည့် ထောင်သားများအား စစ်တပ်များသို့ခေါ်သွားပြီး၊ တာဝန်ပေးအပ်သည်။ ရှေ့တန်းများတွင် တာဝန်ပေးလိုက်သည်နှင့် တပြိုင်နက် အချိန်အကန့်အသတ်မရှိ၊ မည်သည့် ခံစားခွင့်မျှ မရရှိဘဲ၊ လူမဆန်သော၊ အန္တရာယ်များသော အခြေအနေများတွင် အလုပ်လုပ်ရသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် ပေါ်တာများက မည်သူမျှ မိမိအလိုဆန္ဒအရ လုပ်ခဲ့ခြင်းမရှိပေ။
“မြန်မာနိုင်ငံမှာ ရဲဘက်ပေါ်တာအသုံးပြုတဲ့ ရိုင်းစိုင်းရက်စက်သောအကျင့်က စစ်ပဠိပက္ခ အင်္ဂါတရပ်အဖြစ် ရှိနေခဲ့တာ အနည်းဆုံး နှစ်ပေါင်း ၂၀ လောက်ရှိပြီ” ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ Poe Shan က ဆိုသည်။ “စစ်တပ်တွေက အရပ်သားတွေကိုလည်း ပေါ်တာအဖြစ် သုံးကြတာပဲ။ ဒါပေမယ့် အရပ်သားတွေက စစ်ပဠိပက္ခဖြစ်ပွားတဲ့နေရာကနေ ထွက်ပြေးသွားကြတော့ ရဲဘက်တွေကို ဆက်လက်အသုံးပြုနေခဲ့တာပဲ”
ပေါ်တာအသုံးပြုမှုသည် တပ်ဖွဲ့များနှင့် တပ်မှူးများတချို့မှ သီးခြား၊ အရပ်ဓလေ့ (သို့) ထူးခြားသည့် အလေ့အထတရပ်အဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ၊ ၁၉၉၂ ခုနှစ် ကတည်းက ပေါ်တာအသုံးပြုမှုကို ယုံကြည်လောက်သော အထောက်အထားများဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။ မြန်မာနိုင်ငံ အာဏာပိုင်များက ပေါ်တာအသုံးပြုမှုရှိကြောင်း၊ သို့သော် ထောင်သားများအား စစ်မက်များတွင် မသုံးကြောင်း ယခင်က ပြောဆိုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားများအဖွဲ့ချုပ် ILO က ၁၉၉၈ ခုနှစ်ကတည်းက မြန်မာအစိုးရအား ရဲဘက်ပေါ်တာအသုံးပြုနှင့်ပတ်သက်ပြီး တင်ပြခဲ့ပြီးဖြစ်သည်။ သို့သော်၊ ထိုပြဿနာမှာဆက်လက်ရှိနေမြဲဖြစ်သည်။ အထူးသဖြင့် အဓိက ထိုးစစ်ဆင်မှုများတွင် ပိုမိုဖြစ်ပွားလျှက်သည်။မြန်မာနိုင်ငံအလယ်ပိုင်းတွင် အတင်းလုပ်အားပေးစေခိုင်းမှုများကို လျော့နည်းလာအောင်လုပ်ခြင်းအတွက် ILO ၏ ချီးကျူးထိုက်သည့် ကြိုးပမ်းမှုများရှိနေသော်လည်း၊ တိုင်းရင်းသား စစ်မက်ဖြစ်ပွားရာနေရာများတွင် အရပ်သားများနှင့် ပေါ်တာများအား အတင်း လုပ်အားပေးစေခိုင်းမှုမှာ လျော့နည်းသွားခြင်းမရှိဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။
“ ရဲဘက်ပေါ်တာဟောင်းတွေရဲ့ လတ်တလော ထုတ်ဖော်ပြောဆိုချက်များအရဆိုရင်၊ မနှစ်က အတုအယောင်ရွေးကောက်ပွဲက စစ်တပ်တွေရဲ့ ညှဉ်းပန်းမှုနည်းဗျူဟာတွေကို ပြောင်းလဲသွားစေခြင်းမရှိကြောင်း ပြသနေတယ်” ဟု Poe Shan က ဆိုသည်။ “ပေါ်တာတွေကို ရက်စက်စွာ ပြုမူဆက်ဆံမှုတာဟာ တိုင်းရင်းသား စစ်မက်ဖြစ်ပွားတဲ့နေရာတွေမှာ အရပ်သားများအပေါ် သုံးတဲ့ မြန်မာအာဏာပိုင်များရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေထဲက တခုသာဖြစ်တယ်”
၁၉၄၈တွင် လွတ်လပ်ရေးရရှိပြီးနောက် မြန်မာအာဏာပိုင်များက တိ်ုင်းရင်းသား လူနည်းစုများ အပေါ် ရက်စက်သော သောင်းကျန်းမှုနှိမ်နင်းရေးကို ပြုခဲ့သည်။ ထိုသို့နှိမ်နင်းရာတွင် အရပ်သားများ နေထိုင်ရာ ရွာများနှင့် မြို့များကို တိုက်ခိုက်ခြင်း၊ အရပ်သားများအား နေရာ အတင်းပြောင်းရွှေ့ခိုင်းခြင်းများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း၊ နှိပ်စက်မှု၊ ဥပဒေပြင်ပ၌ သတ်ဖြတ်စီရင်မှုများ၊ မုဒိမ်းကျင့်မှု၊ မိန်းမများနှင့် မိန်းကလေးငယ်များအပေါ် လိင်အကြမ်းဖက်မှုများနှင့် ကလေးစစ်သားများ အသုံးပြုခြင်းတို့ပါဝင်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ကလည်း ကလေးစစ်သားများစုဆောင်းခြင်း၊ အရပ်သားများအား အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းနှင့် မိုင်းများအား ပရမ်းပတာအသုံးပြုခြင်းစသဖြင့် ချိုးဖောက်မှုများရှိသည်။ ထိုသို့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားသောဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာနိုင်ငံတွင် နှစ်ပေါင်းကြာရှည်စွာ ရှိနေခြင်းက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန် တောင်းဆိုမှုများကို ဖြစ်စေခဲ့သည်။
ရာထူးမြင့်သည့် အစိုးရအရာရှိများနှင့် စစ်တပ်အာဏာပိ်ုင်များက စစ်ရာဇဝတ်မှုအဆင့်ထိ ဆိုးရွားသော ချိုးဖောက်မှုများကို ကျူးလွန်ခြင်း (သို့) သူတို့သိသိလျက်နှင့် ဖြစ်ပျက်နေခြင်းဖြစ်သည်။ အရာရှိများနှင့် စစ်သားများက ရက်စကြ်ကမ်းကြုတ်မှုများကိုကျူးလွန်သော်လည်း ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွှတ်သည်။ မြန်မာနိုင်ငံရှိ ပြည်တွင်း စစ်မက်များတွင်ပါဝင်သည့် အဖွဲ့များ အားလုံးက ကျူးလွန်ထားသော ချိုးဖောက်မှုများအပေါ် လွတ်လပ်ပြီး ယုံကြည်စိတ်ချရသည့်၊ ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုများပြုရန် လိုအပ်ပြီဟု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က ဆိုသည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရန် ထောက်ခံခဲ့သည့် ၁၆ နိုင်ငံက လာမည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထိုကော်မရှင်အား ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် ကရင်လူ့အခွင့်အရေးအဖွဲ့တို့က တိုက်တွန်းနိုးဆော်သည်။
“အာဆီယံနဲ့ ဥရောပသမဂ္ဂအဖွဲ့ အစိုးရများက မြန်မာနိုင်ငံရှိ အခြေအနေများမှာ သူ့အလိုလို တိုးတက်ပြောင်းလဲလာလိမ့်လို့ မျှော်လင့်နေတာကို ရပ်ဆိုင်းသင့်တယ်။ အဲဒီလို မျှော်နေမယ့်အစား၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းရန် ဖိအားပေးသင့်တယ်” ဟု Pearson က ဆိုသည်။ “အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက ရဲဘက်ပေါ်တာများအသုံးပြုမှုကို ရပ်ရန် ဘာမှမလုပ်ဘဲနေတဲ့ နေ့တိုင်းဟာ စစ်တပ်မှ ထိုသေစေနိုင်တဲ့အလုပ်တွေကိုလုပ်ဖို့ ပေါ်တာများကို တွန်းပို့တဲ့ နေ့တွေ ဖြစ်စေတာပါပဲ။”
ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘက်ပေါ်တာများ၏ ထုတ်ဖော်ပြောဆိုချက်များ။ ။
အမည်များ အားလုံးမှာ အမည်ဝှက်များ ဖြစ်သည်။
“၂၀၁၀ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ သူတို့ (ထောင်အာဏာပိုင်များ)က (ပဲခူးရှိ ပျာထောင်) မှ ထောင်သားနာမည် တခုချင်းစီကို ခေါ်တယ်။ ပြီးတော့ ကျွန်တော်တို့ကို တန်းစီရပ်ခိုင်းပြီး၊ ပေါ်တာလုပ်ရမယ့်အကြောင်းပြောတယ်။ ကျွန်တော် ပေါ်တာဆိုတာ ဘာမှန်း မသိခဲ့ဘူး။ တခါမှလည်း မကြားဖူးဘူး။ (ရဲတွေက) ထရပ်ကားတစီးမှာ ထောင်သား ၂၅ ယောက်ကို သယ်တယ်။ ထရပ်ကားတွေကို မိုးရေခံဖျင်စနဲ့ အကုန် အုပ်ထားတော့ အပြင်ကို ဘာမှ မတွေ့ရဘူး။ တခါတလေကျရင် အသက်ရှူရတောင် ကြပ်တယ်။ ကျွန်တော်တို့ကို ထောင်ဝတ်စုံတွေ ဝတ်ခိုင်းပြီး၊ ခြေထောက်တွေမှာလည်း သံကွင်းတွေ ချိတ်ထားတယ်။”
- ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘက်ပေါ်တာ “ကျော်မင်း”၊ ၂၀၁၁၊ ဇန္နဝါရီလ
“ည ၁၀ နာရီလောက်မှာ ကျွန်တော်နဲ့ တခြား ထောင်သားနှစ်ယောက် ထွက်ပြေးခဲ့တယ်။ မနက် ၁ နာရီလောက်မှာ တခြားစစ်တပ်က စစ်သားတွေ ကျွန်တော်တို့ကို ဖမ်းမိသွားတယ်။ ဒီ စစ်သားလေးယောက်က ကျွန်တော်တို့ ခနြွာ တခုလုံးကို တုတ်ကြီးတွေနဲ့ ရိုက်တယ်။ လက်တွေကို အနောက်ဘယ် တုတ်ချည်ထားပြီး ခြေချင်းဝတ်တွေကိုလည်း ချည်ထားတယ်။ ခြေထောက်တွေကို ဆွဲ့ဆန့်ခိုင်းတယ်။ စစ်သားတယောက်က ဝါးလုံးထူထူနဲ့ ကျွန်တော်တို့ ခြေသလုံးတွေကို တနာရီလောက်ကြာအောင် ပွတ်တိုက်ခဲ့တယ်။ စစ်သား ၅ ယောက် (သို့) ၆ ယောက်လောက်ရှိမယ်ထင်တယ်။ အကုန်လုံးက အရက်တွေ မူးနေကြတယ်။ ကျွန်တော်တို့ ဘာကြောင့် ထွက်ပြေးတယ်ဆိုတာကို သူတို့ သိချင်တယ်။ ကျွန်တော်တို့ က ကြောက်လို့ ထွက်ပြေးတာပါလို့ပြောတယ်။ သူတို့ စိတ်တိုသွားပြီး၊ “နင်တို့ ကိုယ့်နိုင်ငံကို မချစ်ဘူးလား” လို့ ပြောတယ်။ တပ်ကြပ်ကြီးတယောက်က “နင်တို့ နောက်ထပ်ထွက်ပြေးတာတွေ့ရင် သတ်ပစ်မယ်” လို့ အော်ပြောတယ်။”
- ထွက်ပြေးလွတ်မြောက်လာသည့် ရဲဘက်ပေါ်တာ “ထွန်းမောက်”၊ ၂၀၁၁၊ ဖေဖော်ဝါရီလ
“ကောင်ကလေးက “ကျွန်တော်ထွက်ပြေးရင် ခင်ဗျားတို့ ပစ်မှာပဲမဟုတ်လား” လို့ သူတို့ (စစ်သား) တွေကို မေးတယ်။ သူတို့က“နင့်ကို ငါတို့ မသတ်ဘူး၊ နင်ပြေးနိုင်တယ်” လို့ပြောတယ်။ ပြီးတော့ သူ့ကို ပြေးဖို့ အမိန့်ပေးတယ်။ သူ ချောက်ကမ်းပါးဘက်ကို လမ်းလျှောက်သွားတာနဲ့ သူ့နောက်ကျောတည့်တည့်ကို ပစ်ထဲ့လိုက်တယ်။ ပြီးတော့ ကျွန်တော်တို့ကိုပြောတယ်၊ “အခုဘာဖြစ်သွားတယ်ဆိုတာ နင်တို့တွေ့ပြီ မဟုတ်လား။ တောင်ပေါ်မတက်နိုင်ဘူးဆိုရင် နင်တို့ကို သတ်ပစ်မယ်”။ ကျွန်တော်တို့ ကြောက်သွားတယ်။
- ထွက်ပြေးလွှတ်မြောက်လာသည့် ရဲဘက်ပေါ်တာ “မဿဲ”၊ ၂၀၁၁၊ ဇန္နဝါရီလ
“ညကျရင် စစ်သားတွေ ပြောတာက တောင်ပေါ်တွေမှာ စစ်ဖြစ်နေတယ်။ နောက်ညအထိ အသက်ရှင်သေးရင်တော့ ကံကောင်းတာပဲလို့ပြောတယ်။ ကျွန်တော်တို့အကုန်လုံးသေပြီလို ထင်ခဲ့တာ။ သေတာပဲဖြစ်ဖြစ်၊ ရှင်တာပဲဖြစ်ဖြစ်၊ ဒီမှာတော့ ဘာမှမထူးပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ၁၅ယောက်က ထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ မြစ်ကိုဖြတ်ပြီး ထိုင်းဘက်ကို ကူးလာခဲ့တယ်။ စစ်သားတွေက “မပြေးနဲ့၊ မပြေးနဲ့” ဆိုပြီးအော်နေတာကြားလို့ ကျွန်တော်နောက်လှည့်ကြည့်လိုက်တော့ ပထမဆုံးကျည်ဆံ ကျွန်တော့်ကိုထိသွားတယ်။ ကျွန်တော်ထင်တာ ၄ ခါလောက်ပစ်မယ်ထင်တယ်။ ကျည်ဆံက ကျွန်တော့် ပခုံးကိုထိသွားပြီး လက်မောင်းကျိုးသွားတယ်။ ကျွန်တော် မြေကြီးပေါ်ကို မှောက်ခုံကျသွားတယ်။ ခေါင်းတွေမူးသွားတယ်။ အကုန်လုံးက ထွက်ပြေးသွားကြတယ်။”
- ထွက်ပြေးလွှတ်မြောက်လာသည့် ရဲဘက်ပေါ်တာ “ထွန်းထွန်းအောင်” ၂၀၁၁ ဖေဖော်ဝါရီ