၂၀၂၁၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော သန်းပေါင်းများစွာသော ပြည်သူများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ရက်စက်စွာ နှိမ်နင်းခဲ့သည်။ စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့များသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် အခြား ကြမ်းကြုတ်ရက်စက်မှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်ရာရောက်သည်။ လွတ်လပ်စွာ ပြောဆိုခွင့်နှင့် စုဝေးခွင့်များကိုလည်း အပြင်းအထန် ကန့်သတ်ထားသည်။
စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်လာပြီး ကချင်၊ ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များရှိ တိုင်းရင်းသားလူနည်းစုများအပေါ် စစ်ရာဇ၀တ်မှုများစွာ ကျူးလွန်ခဲ့သည်။ စစ်တပ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများရှိ ကျေးရွာများကိုလည်း မီးရှို့ခြင်းနှင့် “မြေလှန်” နည်းဗျူဟာများ အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်။ ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်ခဲ့သည့် ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများ အပါအဝင် အခြားပြစ်မှုများအတွက် တာဝန်ယူပေးရန် နိုင်ငံတကာ၏တောင်းဆိုမှုများကို မြန်မာစစ်တပ်သည် ကာလကြာမြင့်စွာကတည်းက ဖီဆန်နေခဲ့သည်။ အာဏာသိမ်းပြီးနောက်ပြီး စစ်အစိုးရ၏ အရည်အချင်းမဲ့မှုနှင့် တိုင်းပြည်စီးပွားရေးကို တလွဲ စီမံခန့်ခွဲမှုများ ကြောင့် ပြည်သူများ မှာ ဆင်းရဲဒုက္ခ ပိုလာပြီး အကြောက်တရားနှင့် မလုံခြုံမှုအခြေအနေများ ပိုမို အမြစ်တွယ် လာသည်။
ညှဉ်းပန်းနှိပ်စက်မှုများ၊ နိုင်ငံရေးကွပ်မျက်မှုများနှင့် ချုပ်နှောင်ခံရစဉ် သေဆုံးမှုများ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အာဏာပိုင်များသည် ဒီမိုကရေစီလိုလားသူ ၁၆,၀၀၀ ကျော်ကို မတရားဖမ်းဆီးခဲ့သည်။ အကျဉ်းထောင်အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အပါအဝင် ညှဉ်းပန်းနှိပ်စက်မှု သို့မဟုတ် မလျော်ကန်သော ဆက်ဆံမှုများကို ကြုံခဲ့ရသည်ဟု အကျဉ်းသားဟောင်း အများအပြားက စွပ်စွဲခဲ့သည်။ အစောင့်များက သူ့ကို မုဒိမ်းကျင့်ပြီး ရိုက်နှက်ခဲ့ကြောင်း အဖမ်းခံရရာမှ ပြန်လွတ်လာသော အမျိုးသားသတင်းထောက်တစ်ဦးက ပြောပြခဲ့သည်။
အချုပ်ထဲ သေဆုံးမှုမြောက်များစွာအတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့တွင် တာဝန်ရှိသည်။ အဖမ်းဆီးခံခဲ့ရသော တက်ကြွလှုပ်ရှားသူ ခြောက်ဦး၏ ညှဉ်းပန်းနှိပ်စက်ခံရမှု ယူဆရသောအခြင်းအရာနှင့် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းတို့ကြောင့် အသက်ဆုံးရှုံးရပုံများကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) က အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) မှတ်တမ်းအရ အာဏာသိမ်းပြီးနောက် ရဲစခန်းများ၊ စစ်တပ်စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များစသည်တို့၌ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးခဲ့ရသူ အနည်းဆုံး ၂၇၃ ဦးရှိသည်ဟု သိရသည်။ စစ်အစိုးရသည် တရားရုံးများတွင် တရားမျှတမှုမရှိသော တံခါးပိတ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပြင်းထန်သော နှစ်ရှည်ထောင် ပြစ်ဒဏ်များ မကြာခဏ ချမှတ်ခဲ့သည်။ ၂၀၂၂၊ နိုဝင်ဘာလအထိ လုံခြုံရေးတပ်ဖွဲ့များက အနည်းဆုံး လူ ၂၄၀၀ ခန့် သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ပြောကြားချက်အရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်အစိုးရက အဂတိလိုက်စားမှု၊ နိုင်ငံတော်အကြည်ပျက်စေမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ဖောက်ဖျက်မှု အပါအဝင် စွဲချက်များစွာဖြင့် တရားစွဲခဲ့သည်။ ရာထူးမှ ဖယ်ရှားခံခဲ့ရသော အစိုးရအဖွဲ့ဝန်ကြီး သုံးဦးဖြစ်သည့် ဦးစိုးဝင်း၊ ဦးဆက်အောင်နှင့် ဦးကျော်ဝင်းတို့အပြင် ဩစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး ရှောင်တာနဲ (Sean Turnell) တို့ကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ နှစ်စီ စက်တင်ဘာလအတွင်း ချမှတ်ခဲ့သည်။ စက်တင်ဘာလအစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့အား ရွေးကောက်ပွဲ လိမ်လည်မှု စွဲချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာလတွင် နောက်ထပ်ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရပြီး လက်ရှိအချိန်တွင် စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရသည်။
နိုဝင်ဘာလတွင် အမျိုးသားနေ့ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသား ၆၀၀၀ အထိ လွှတ်ပေးခဲ့သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။ ထိုလွတ်မြောက်လာသူများတွင် သြစတြေးလျ ပါမောက္ခ ရှောင်တာနဲ၊ မြန်မာနိုင်ငံဆိုင်ရာ ယူကေသံအမတ်ဟောင်း ဗစ်ကီဘိုးမင်း (Vicky Bowman) နှင့် သူမ၏ခင်ပွန်း ဦးထိန်လင်း၊ ဂျပန်နိုင်ငံသား ရုပ်ရှင်ရိုက်ကူးသူ တိုရု ကူဘိုတာ (Toru Kubota) နှင့် အမေရိကန် နိုင်ငံသား ရုက္ခဗေဒပညာရှင် ဦးကျော်ဌေးဦးတို့ အပါအဝင် တရားမဲ့ ဖမ်းဆီးခံထားရသူ အချို့ပါဝင်သည်။
ဇူလိုင်လတွင် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး သေဒဏ်စီရင်ခြင်းအဖြစ် စစ်အစိုးရသည် အမျိုးသားလေးဦးကို ကွပ်မျက်ခဲ့သည်။ ထိုသူများမှာ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ထင်ရှားသော တက်ကြွလှုပ်ရှားသူ ဦးကျော်မင်းယု (ခေါ်) ကိုဂျင်မီ၊ ဦးလှမျိုးအောင်နှင့် ဦးအောင်သူရဇော် တို့ဖြစ်ကြသည်။ သူတို့အားလုံးကို နိုင်ငံတကာ စံနှုန်းများနှင့် မကိုက်ညီသော တံခါးပိတ် တရားခွင်များပြုလုပ်ကာ သေဒဏ်ချမှတ်ခဲ့သည်။
စစ်ရာဇ၀တ်မှုများနှင့် အခြားရက်စက်မှုများ
အရပ်ဘက်စစ်ဘက်မခွဲခြားဘဲ ပစ်ခတ်သော စစ်တပ်၏ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားအများအပြား သေဆုံးကာ စာသင်ကျောင်းများ အပါအဝင် ကျေးရွာများ ပျက်စီးပြီး လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။ မြန်မာစစ်တပ်နှင့် ဒီမိုကရေစီ လိုလားသော လက်နက်ကိုင်အဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားနေသော ဒေသအများအပြားတွင် မိုဘိုင်းအင်တာနက်ဒေတာနှင့် ကွန်ရက်များကို ပိတ်ပင်ထားဆဲ ဖြစ်သည်။
စက်တင်ဘာ ၁၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်များက ဒုံးကျည်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ရာ ကလေးငယ် ၇ ဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ပြီး ခြေလျင်တပ်များကလည်း ထပ်မံ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုကို “ပြင်းပြင်းထန်ထန်” ရှုတ်ချကြောင်းကို “နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ဆန့်ကျင်ပြီး ကျောင်းတွေနဲ့ ဆေးရုံတွေကို တိုက်ခိုက်တာဟာ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးတွေအပေါ် ပြင်းပြင်းထန်ထန် အကြမ်းဖက်မှု ခြောက်ခုထဲက တစ်ခု ဖြစ်တယ်။ အဲလိုအမှုမျိုးကို လုံခြုံရေးကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားသည်။
ထိုနေ့တွင်ပင် ရှမ်းပြည်နယ် မိုးဗြဲမြို့ရှိ နေရပ်စွန့်ခွာထွက်ပြေးရသူများ (IDP) စခန်းကို လေတပ်မှ တိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့သည်။
အောက်တိုဘာ ၂၃ ရက်နေ့တွင် အတိုက်အခံ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စီစဉ်ကျင်းပသည့် KIO (၆၂) နှစ်ပြည့်အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို မြန်မာစစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်မှာ စစ်ဥပဒေများကို ချိုးဖောက်ရာ ရောက်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၀ သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ စစ်အစိုးရ တပ်ဖွဲ့များက ထိခိုက်ဒဏ်ရာရရှိသူများ ဆေးကုသခွင့်မရအောင် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
ကချင်၊ ရှမ်း၊ ကရင်နှင့် ကရင်နီပြည်နယ်များတွင်သာမက မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ စာသင်ကျောင်းများ အပါအဝင် အရပ်ဘက်အဆောက်အဦးပေါင်း ၃၀,၀၀၀ ခန့် စစ်တပ် စစ်ဆင်ရေးများကြောင့် ပျက်ဆီးခဲ့ကြောင်း OHCHR မှ သတင်းထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းပြီးနောက် ကလေးသူငယ် ၃၈၂ ယောက် အနည်းဆုံး သေဆုံးခဲ့ကြောင်း၊ ကျေးရွာများကို စီးနင်းဖမ်းဆီးမှုများကြောင့် သေဆုံးသူ ၂၆၆ ဦးရှိပြီး အရှင်လတ်လတ် သို့မဟုတ် အလောင်းကို မီးရှို့ခံရသူ ၁၁၁ ယောက်ရှိခဲ့ကြောင်း OHCHR မှ ပြောကြားခဲ့သည်။ ယင်းတို့မှာ ရာဇဝတ်မှု သက်သေခံအထောက်အထား များကို ဖျောက်ဖျက်ရန် ကြိုးပမ်းမှုသဘောမျိုး ဖြစ်သည်။
တားမြစ်ထားသည့် မြေမြှုပ်မိုင်းများကို ကရင်နီပြည်နယ်တွင် စစ်တပ်က အသုံးပြုခြင်းသည် စစ်ရာဇ၀တ်မှု မြောက်ကြောင်း Amnesty International က ဇူလိုင်လ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကရင်နီပြည်နယ်ရှိ အရပ်သားများကို တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုမြောက်သည်ဟု လူ့အခွင့်အရေးအဖွဲ့ Fortify Rights အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇူလိုင်လတွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်ကြားရှိ ခိုင်မာမှုမရှိသော အပစ်အခတ်ရပ်စဲရေး ရပ်ဆိုင်းသွားပြီးနောက် တိုက်ပွဲများ လနှင့်ချီ၍ ပြန်လည်ဖြစ်ပွားလာခဲ့သည်။ အရပ်သားအများအပြား သေဆုံးကာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် နယ်စပ်တလျှောက်တွင် နေရပ်စွန့်ခွာထွက်ပြေးရသူ များပြားလာပြီး မြန်မာစစ်တပ် ဗုံးကြဲမှုများမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ပင် ကျရောက်ခဲ့သည်ဟု သတင်းများအရ သိရသည်။
နေရပ်စွန့်ခွာထွက်ပြေးရသူများနှင့် အကူအညီများ
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် ပြည်တွင်းတွင် လူပေါင်း ၁ သန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး နောက်ထပ် လူပေါင်း ၇၀,၀၀၀ ခန့်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။ သန်းနှင့်ချီသော နေရပ်စွန့်ခွာ ထွက်ပြေးရသူများနှင့် အန္တရာယ်ကျရောက်နေသည့် အခြားသူများမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများ သေရေးရှင်ရေးတမျှ လိုအပ်နေသော်လည်း စစ်အစိုးရသည် ထိုအကူအညီများကို ပိတ်ဆို့ထားခဲ့သည်။ လူထုကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန်နှင့် အကြမ်းဖက်ရန် ရည်ရွယ်ကာ လုပ်ရိုးလုပ်စဉ်အတိုင်း “ဖြတ်လေးဖြတ်” ဗျူဟာဖြင့် ပိတ်ဆို့ထားသည်။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်း ဒေသများ အပါအဝင် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို စစ်တပ်က တားဆီးပိတ်ပင်ခြင်းမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသည့် ဝန်ထမ်းများအား ခရီးသွားလာရေးကန့်သတ်ချက်အသစ်များ ချမှတ်ခဲ့သည်။ လမ်းများနှင့် ကူညီရေးယာဉ်တန်းများကို ပိတ်ဆို့ကာ၊ စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကို ဖျက်ဆီးခြင်း၊ အကူအညီပေးသည့် ဝန်ထမ်းများကို တိုက်ခိုက်ခြင်းနှင့် ဆက်သွယ်ရေးလိုင်းများကိုပါ ဖြတ်တောက်ခဲ့သည်။ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး ကျန်းမာရေးအဆောက်အဦများနှင့် ဆေးဝန်ထမ်းများကိုပါ စစ်တပ်က တိုက်ခိုက် ခဲ့သည်။ IDP စခန်းများသို့ ပို့ပေးမည့် ရိက္ခာနှင့် ဆေးဝါးများကို စစ်တပ်က သိမ်းဆည်းခဲ့ပြီး ကူညီပံ့ပိုးပေးသည်ဟု သံသယရှိသူများကိုလည်း ဖမ်းဆီးခဲ့သည်။
ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများ ပြင်းထန်လာပြီးနောက် စက်တင်ဘာလတွင် စစ်အစိုးရ အာဏာပိုင်များသည် ရခိုင်ပြည်နယ် မြို့နယ်ခြောက်မြို့နယ်တွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်း များကို ပိတ်ပင်ခဲ့သည်။ အဆိုပါမြို့နယ်များတွင် ပြေးဆွဲနေသော စစ်တပ်ထိန်းချုပ်သည့် သင်္ဘောများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အားလုံးကိုလည်း ပိတ်ပင်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းများ လိုအပ်သည့် ခရီးသွားလာခွင့် လျှောက်ထားရေးမှာ ပို၍ပင် ခန့်မှန်းရခက်ခဲလာပြီး ကန့်သတ်ချက်များ ပိုကြီးထွားလာသည်။ ဒေသခံရှေ့တန်းကယ်ဆယ်ရေး လုပ်သားများသည် လုံခြုံမှုကင်းမဲ့သော အခြေအနေများတွင် အလုပ်လုပ်နေကြရသည်။ စစ်ဆေးရေး ဂိတ်များတွင် ဟန့်တားနှောင့်ယှက်ခံ၊ ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်များအပြင် အရပ်သားများ နေထိုင်သည့် နေရာများတွင် သာမက လူအများစွန့်ခွာထွက်ပြေးသွားသည့် နေရာများတွင်ပါ မြေမြှုပ်မိုင်း အန္တရာယ်၊ ဗုံးဒဏ် အန္တရာယ်များကို ရင်ဆိုင်နေကြရသည်။
မေလတွင် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (ASEAN Humanitarian Assistance Centre, AHA Centre)နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (UN Office for the Coordination of Humanitarian Affairs, OCHA) တို့သည် အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းစဉ် ချမှတ်ရေး တွေ့ဆုံခဲ့ကြသည်။ ထိုလုပ်ငန်းစဉ်တွင် ဒေသခံအဖွဲ့များ သို့မဟုတ် ဆန့်ကျင်သူအဖွဲ့အစည်းများ မပါဝင်သောကြောင့် အာဆီယံနှင့် ကုလသမဂ္ဂ၏ အကူအညီပေးရေးလုပ်ငန်းများကို စစ်အစိုးရက လက်နက်သဖွယ် ထပ်မံ အသုံးချသွားနိုင်သည်ဟု စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့သည်။
စားသုံးကုန်ပစ္စည်းများ ပို့ဆောင်ရေးကွင်းဆက်များ ပြတ်တောက်ခြင်း၊ ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်းနှင့် ကုန်စည်ရှားပါးလာခြင်းနှင့် စိုက်ပျိုးရေး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးရခြင်းတို့ကြောင့် နိုင်ငံတစ်ဝန်း စားနပ်ရိက္ခာ ပြတ်လပ်မှု ပိုမိုတိုးပွားလာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေစျေး အဆမတန် ကျဆင်းလာသောကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရသူများနှင့် ပဋိပက္ခဒဏ်ခံရသော လူထုသာမက မြို့ပြနှင့် မြို့ပြဝန်းကျင်ဒေသလူထုပါ စားနပ်ရိက္ခာအကျပ်အတည်းများနှင့် ရင်ဆိုင်နေကြရသည်။ လူပေါင်း ၁၁ သန်းခန့်မှာ ဆိုးရွားသော စားနပ်ရိက္ခာမလုံခြုံမှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဆိုသည်။ စက်တင်ဘာလတွင် စစ်အစိုးရက ချမှတ်ခဲ့သော ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းသစ်များအရ အကူအညီရယူလိုသူများမှာ ငွေကြေး ရရှိနိုင်ရန်အတွက် မှတ်ပုံတင်ကတ်ပြားများ ပြရန် လိုအပ်လာသည်။
ရိုဟင်ဂျာများကို နှိပ်ကွပ်ခြင်း
ရိုဟင်ဂျာ ၆၀၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ်တွင်သာ နေထိုင်ခွင့်ရှိပြီး စနစ်တကျ ကျူးလွန်နေသော ညှဉ်းပန်းနှိပ်စက်ခြင်းများဖြစ်သည့် အသားအရောင်ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လွတ်လပ်မှုကို အကြီးအကျယ် ပိတ်ဆို့ထားခြင်းများကို ရင်ဆိုင်နေရဆဲဖြစ်သောကြောင့် စစ်တပ်သည် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများ ကျူးလွန်နေသည်။
အာဏာသိမ်းစစ်အစိုးရသည် ရိုဟင်ဂျာစခန်းများနှင့် ကျေးရွာများအပေါ် သွားလာလှုပ်ရှားမှု ကန့်သတ်ချက်နှင့် အကူအညီ ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ရာ စက်တင်ဘာလတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO လုပ်ငန်းများပါ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ရေရှားပါးမှု၊ အစာရေစာ ပြတ်လပ်မှု၊ ရောဂါဘယနှင့် အာဟာရချို့တဲ့မှုများကို ရိုဟင်ဂျာများ ပိုမိုရင်ဆိုင်လာရသည်။ မုတ်သုံရာသီအစပျိုးတော့မည်ဖြစ်သော ဧပြီလတွင် စစ်တပ်က ရိုဟင်ဂျာစခန်းများရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ကန့်သတ်ချက်အသစ်များ ချမှတ်ခဲ့သည်။ ရိုဟင်ဂျာ ၂၈,၀၀၀ ခန့်မှာ နေထိုင်ရန် မသင့်တော်သော၊ အရေးပေါ်ပြုပြင်ရန် လိုအပ်နေသော ယာယီစခန်းများတွင် နေထိုင်နေကြရပြီး ထိုအခြေအနေမှာ “အိမ်ရှင်များနှင့် အခြားနေထိုင်သူများပါ အသက်အန္တရာယ် ကျရောက်စေနိုင်သည်” ဟု ကုလသမဂ္ဂက ပြောသည်။
“တရားမ၀င် ခရီးသွားလာခြင်း” ကြောင့် ရိုဟင်ဂျာများ ဖမ်းဆီးခံရမှု ပိုမိုများပြားလာခဲ့သည်။ ဤအစီရင်ခံစာရေးသားနေချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မလေးရှားနိုင်ငံသို့ ထွက်ပြေးမည့် ရိုဟင်ဂျာ ၁၃၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားသည်။ ၎င်းတို့တွင် ရာနှင့်ချီသောကလေးများလည်း ပါဝင်သည်။ ထိုသူအများအပြားများ အမြင့်ဆုံးအပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်ခံခဲ့ရသည်။
ရိုဟင်ဂျာနှင့် ကမန်မွတ်ဆလင် ၁၃၅,၀၀၀ ခန့်ကို အကျဉ်းစခန်းများတွင် မတရားဖမ်းဆီးပြီး နှစ်အကန့်အသတ်မရှိ ချုပ်နှောင်ထားခဲ့သည်မှာ ၁၀ နှစ်ကြာပြီ ဖြစ်သည်။ စစ်အစိုးရသည် ပြဿနာများသော “စခန်းပိတ်ခြင်း” လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ယာယီတန်းလျားရှည်များကို ဖြိုချပြီး မူလစခန်းနေရာ သို့မဟုတ် စခန်းအနီးအနားတွင် အမြဲတမ်းအဆောက်အဦများဖြင့် အစားထိုးပေးခဲ့သည်။ ထိုလုပ်ရပ်ကြောင့် ခွဲခြားဆက်ဆံမှု ပိုမိုအားကောင်းလာပြီး ရိုဟင်ဂျာများမှာ ၂၀၁၂ ခုနှစ်အထိ နေထိုင်ခဲ့သော သူတို့ပိုင်အိမ်ရာများသို့ ပြန်နိုင်ခွင့် ဆုံးရှုံးခဲ့ကြရသည်။ ဩဂုတ်လတွင် စစ်အာဏာပိုင်များသည် စစ်တွေမြို့ရှိ စခန်းများတွင် သန်းခေါင်စာရင်း ကောက်ယူခဲ့ပြီး မြေကွက်များကို သွားရောက် တိုင်းတာခဲ့သည်။
စစ်အာဏာပိုင်များသည် “နိုင်ငံသားစိစစ်ရေး” လုပ်ငန်းဖြစ်သော ပန်းခင်းစီမံချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် “နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား” များကို ဆက်လက်ထုတ်ပေးနေသောကြောင့် ရိုဟင်ဂျာများမှာ မိမိတို့နိုင်ငံအတွင်းတွင် မိမိတို့ကို နိုင်ငံခြားသားများဟု သတ်မှတ်ပေးသော ထိုကတ်များကို လက်ခံရန် အတင်းအကျပ် ဖိအားပေးခံနေရသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ကြား အလွတ်သဘော အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက် နိုင်ငံရေးအရ ထိန်းချုပ်ရန် ကြိုးပမ်းမှု ကြီးထွားလာခြင်းကြောင့် ရိုဟင်ဂျာနှင့် ရခိုင်အရပ်သားများ ထိခိုက်ဒဏ်ရာရမှု၊ ဖမ်းဆီးခံရမှုနှင့် နေရပ်စွန့်ခွာထွက်ပြေးရမှုအန္တရာယ်များ ဆိုးရွားစွာ ကြုံတွေ့ခဲ့ရသည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်ကြည့်ရှုပြီးနောက် “နယ်စပ်ဟိုဘက်က လက်ရှိအခြေအနေတွေအရ [ရိုဟင်ဂျာတွေ] နေရပ်ပြန်ဖို့ အချိန်ကောင်း မဟုတ်သေးဘူး” ဟု ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က သြဂုတ်လတွင် ပြောကြားခဲ့သည်။
ပြည်သူ့အခွင့်အရေးများ ဆုံးရှုံးလာခြင်းနှင့် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများ
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်တွင် စစ်အစိုးရသည် ပြည်သူ့အခွင့်အရေးများ ဖြစ်သည့် လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုရုံးခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်များကို အဆက်မပြတ် ကန့်သတ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထားကာ ဖမ်းဆီးထောင်ချမှုများ ပြုလုပ်ခဲ့သည်။ ဆန့်ကျင်နေသူများ၏ ဆိုရှယ်မီဒီယာကို ကြိုက်နှစ်သက်မှုပြခြင်း သို့မဟုတ် မျှဝေခြင်း ကဲ့သို့သော ထောက်ခံအားပေးမှုများ ပြုလျှင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်သည်ဟု စစ်အစိုးရက စက်တင်ဘာ ၂၀ ရက်တွင် သတိပေးခဲ့သည်။
နိုင်ငံရေးအမှုနှင့် ရာဇ၀တ်မှုများကို ရှေ့နေလိုက်ပေးသော ရှေ့နေများကို စစ်အစိုးရအာဏာပိုင်များက ပိုမိုဒုက္ခပေးလာသည်။ အပြင်လူတက်ရောက်ခွင့်မရှိသော တရားခွင်များနှင့် မျှတသော တရားစီရင်ရေး ကင်းမဲ့ခြင်းတို့မှာ ရှေ့နေများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲမှ နှစ်ခုသာ ဖြစ်သည်။ ဥပဒေများကို စိတ်ကြိုက်ရေးဆွဲခြင်း၊ စစ်အစိုးရဘက်လိုက်သော တရားသူကြီးများကို နေရာပေးခြင်းနှင့် အတိုက်အခံများကို ကူညီသော ရှေ့နေများကို ဖမ်းဆီးခြင်းတို့ဖြင့် စစ်အစိုးရက အာဏာကို တရားဝင်ဖြစ်အောင် ကြိုးပမ်းနေသည်။
မတ်လတွင် ပြဋ္ဌာန်းခဲ့သော ဥပဒေသည် ရဲတပ်ဖွဲ့များအား စစ်တပ်၏ထိန်းချုပ်မှုအောက်သို့ ပို့ပေးခဲ့သည်။ ရဲဝန်ထမ်းများမှာ စစ်တပ်စစ်ဆင်ရေးများတွင် လိုအပ်သလို ပါဝင်ရမည့်အပြင် စစ်တပ်၏အမိန့်အားလုံးကို နာခံရမည် ဖြစ်သည်။
လိင်စိတ်ကိုင်းညွတ်ခြင်းနှင့် ဂျန်ဒါဝိသေသ
မြန်မာ့ရာဇသတ်ကြီးအရ “သဘာဝတရားနှင့် ဆန့်ကျင်၍ လိင်ဆက်ဆံခြင်း” မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ စစ်အစိုးရလက်အောက်တွင် အထိန်းသိမ်းခံရသော လိင်တူချစ်သူ၊ လိင်နှစ်မျိုးလုံးနှင့်ဆက်ဆံသူ၊ လိင်ပြောင်းလဲထားသူ (LGBT) များမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရနိုင်ခြေ ပိုများလာသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ၊ အရှက်ခွဲမှုများကို ရဲနှင့် စစ်အရာရှိများမှ ကျူးလွန်ခဲ့ကြောင်း အမျိုးသမီးများကလည်း ထုတ်ဖော်ခဲ့ကြသည်။
အရေးပါဆုံး နိုင်ငံတကာအဖွဲ့အစည်းများ
ရိုဟင်ဂျာများကို မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်မှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ လူမျိုးတုံးသတ်ဖြတ်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းအရ ဂမ်ဘီယာက စွပ်စွဲထားသောအမှုအတွက် မြန်မာက ပဏာမကန့်ကွက်ချက် လေးချက်ကို တင်သွင်းခဲ့ရာ နိုင်ငံတကာတရားရုံးက ဖေဖော်ဝါရီလတွင် ကြားနာခဲ့သည်။ ဇူလိုင်လတွင် တရားရုံးက အဆိုပါကန့်ကွက်မှုများကို ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ဆောင်ရွက်ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ဧပြီမတိုင်ခင် တန်ပြန်ထုချေလွှာ တင်သွင်းရမည် ဖြစ်သည်။ တရားဝင် ကြားဝင်ဆောင်ရွက်ခြင်းဖြင့် အဆိုပါအမှုအား ပံ့ပိုးကူညီရန် စီစဉ်ထားသည်ဟု ယူကေ၊ နယ်သာလန်၊ ကနေဒါနှင့် ဂျာမနီတို့က ကြေညာထားသည်။
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမြောက်သည်ဟု မတ်လတွင် အမေရိကန်က တရားဝင်ဆုံးဖြတ်ခဲ့သည်။ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံး (ICC) တရားစွဲရှေ့နေကလည်း မြန်မာ၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်။ စုံစမ်းမှုများသည် ရိုဟင်ဂျာများအပေါ် ၂၀၁၇ ခုနှစ်အတွင်း ကြမ်းကြုတ်ရက်စက်မှုများ ကျူးလွန်ခြင်းများတွင် စ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (ICC အဖွဲ့ဝင်) သို့ ခိုလှုံ ရောက်ရှိသည်တွင် အဆုံးသတ်ထားသည်။
ကြီးလေးသော ရာဇ၀တ်မှုများအတွက် တာဝန်ရှိသူများအား တရားစွဲဆိုနိုင်ရန်၊ အမှုတွဲများ ပြုစုရန် ကုလသမဂ္ဂမှ တာဝန်ပေးထားသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ဇူလိုင်လတွင် သတင်းထုတ်ပြန်ခဲ့သည် မှာ အထောက်အထားများကို စုဆောင်းလေ့လာချက်အရ “[IIMM ] အဖွဲ့၏ ကနဦး တွေ့ရှိချက်ကို ထပ်လောင်းခိုင်မာစေပြီး၊ မြန်မာနိုင်ငံတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသော ရာဇဝတ်မှုများကို စနစ်တကျ ဆက်လက် ကျူးလွန်နေသည်ဟု ကောက်ချက်ချသည်။
အမေရိကန်၊ ယူကေ၊ ကနေဒါနှင့် ဥရောပသမဂ္ဂတို့က စစ်အစိုးရနှင့် ဆက်နွှယ်နေသည့် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ခဲ့သည်။ ဖေဖော်ဝါရီလတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် စစ်အစိုးရ ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့သည်။ MOGE သည် ယခုအထိ အရေးယူ ခံရသည့် တစ်ခုတည်းသော အစိုးရအဖွဲ့အစည်းဖြစ်သည်။ ဧပြီလတွင် မြန်မာနိုင်ငံ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီရေး ပျက်ပြားစေသော လူပုဂ္ဂိုလ်များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အရေးယူနိုင်မည့် BURMA Act ဥပဒေကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုခဲ့ရာ အထက်လွှတ်တော်တွင် အတည်ပြုရန် ကျန်နေသေးသည်။
၁၉၉၀ ခုနှစ်များကတည်းက မြန်မာနိုင်ငံရှိ အကြီးဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းခွင်များကို လုပ်ကိုင်ခဲ့သည့် ပြင်သစ်ကုမ္ပဏီ TotalEnergies သည် မြန်မာနိုင်ငံမှ ဇူလိုင်လတွင် ထွက်ခွာခဲ့သည်။ TotalEnergies ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသော ဖက်စပ်အဖွဲ့အစည်းများ ဖြစ်သည့် MOGE၊ အမေရိကန် အခြေစိုက် Chevron နှင့် ထိုင်းအခြေစိုက် PTTEP တို့မှာပရောဂျက်တွင် အစုရှယ်ယာများ တိုးလာခဲ့ပြီး PTTEP မှာ အော်ပရေတာအဖြစ် ဝင်ရောက်လုပ်ကိုင်နေပြီ ဖြစ်သည်။ Chevron၊ Woodside၊ Mitsubishi၊ Petronas နှင့် ENEOS အပါအဝင် အခြားကုမ္ပဏီများကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်မှုမှ အနည်းဆုံး တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
နော်ဝေအခြေစိုက် Telenor ဆက်သွယ်ရေးကုမ္ပဏီသည် မတ်လတွင် မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည်။ ကာတာအခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီ Ooredoo ကလည်း မြန်မာနိုင်ငံရှိ ၎င်း၏ ဆက်သွယ်ရေးလုပ်ငန်းကို စက်တင်ဘာလတွင် ရောင်းချမည်ဟု ကြေညာခဲ့သည်။
ဥရောပ ပါလီမန်သည် စစ်အစိုးရ၏ အလွဲသုံးစားမှုများ ဆက်လက်လုပ်ဆောင်နေခြင်းကို ရှုတ်ချသည့် ဆုံးဖြတ်ချက် နှစ်ရပ်ကို ချမှတ်ခဲ့ပြီး ဥရောပသမဂ္ဂကလည်း ပိုမိုပြင်းထန်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မတ်လ ဆုံးဖြတ်ချက်အရ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ကိုသာ “မြန်မာပြည်သူများ၏ ဒီမိုကရေစီ ဆန္ဒများကို တရားဝင် ကိုယ်စားပြုသော အဖွဲ့အစည်းများအဖြစ်” အသိအမှတ်ပြု ခဲ့သည်။
မြန်မာနိုင်ငံသည် အချက်ငါးချက်ပါ အာဆီယံသဘောတူညီချက် ကို လိုက်နာရန် ဆက်လက်ဖီဆန်ခဲ့သည်။ အာဆီယံထိပ်သီးအစည်းအဝေးများသို့ စစ်အစိုးရကိုယ်စားလှယ်များ တက်ရောက်ခွင့် မရှိသေးပေ။ “နေပြည်တော်အာဏာပိုင်များ၏ မဖြစ်စလောက် တိုးတက်မှုနှင့် တကယ်လုပ်ချင်ကိုင်ချင်စိတ် ကင်းမဲ့မှုတို့ကြောင့် အလွန်အမင်း စိတ်ပျက်မိကြောင်း” သြဂုတ်လကကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
စက်တင်ဘာလတွင် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုတွင် တွေ့ဆုံခဲ့သည်။ ရုရှားသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ၏ အနီးကပ်ဆုံး မဟာမိတ်နှင့် အဓိက လက်နက်ထောက်ပံ့သော နိုင်ငံ ဖြစ်လာခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချသည့် ယူကေ ရေးဆွဲသည့် ဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အတည်ပြုခဲ့သည်။ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း လုံခြုံရေးကောင်စီ၏ ပထမဆုံး မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက်တွင် လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး (တရုတ်၊ အိန္ဒိယနှင့် ရုရှားမှလွဲ၍) မှ အဆိုပါ ဆုံးဖြတ်ချက်ကို မဲပေးခဲ့ကြသည်။
မတ်လတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂမှ ဦးဆောင်တင်သွင်းသော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်နှင့် အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)မှ ဦးဆောင်တင်သွင်းသော ရိုဟင်ဂျာအရေး ဆုံးဖြတ်ချက်ကိုလည်း ဇူလိုင်လတွင် အတည်ပြုခဲ့သည်။ နိုဝင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။