Skip to main content

မြန်မာ

“ဖဲကြိုးနီလှုပ်ရှားမှု”တွင် ဆန္ဒပြနေကြသော မန္တလေးမြို့မှ ဆေးဝန်ထမ်းများ (၂၀၂၁၊ ဖေဖော်ဝါရီလ ၃ ရက်)

 

© ကျော်ဇောဟိန်း/SOPA Images/Sipa USA via AP Images

၂၀၂၁ ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာစစ်တပ်မှအာဏာသိမ်းလိုက်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေစီအကူးအပြောင်းလုပ်ငန်းစဉ်များအား လုံးဝရပ်တန့်သွားစေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲများတွင် တောင်ပြိုကမ်းပြိုနိုင်ခဲ့ပြီး နောက်ထပ်ငါးနှစ်သက်တမ်းအတွက် အာဏာရယူရန် အသင့်ဖြစ်နေခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်ချုပ်ရေးကောင်စီ၏ တပ်သားနှင့်ရဲဝန်ထမ်းများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူမပါတီမှ ဝါရင့်အဖွဲ့ဝင်များအပါအဝင် ရာနှင့်ချီသော ပါလီမန်အမတ်များကို ဖမ်းဆီး၍ ဥပဒေမဲ့ချုပ်နှောင်ခဲ့ပြီး တချို့ကို အဓမ္မဖမ်းဆီးဖျောက်ဖျက်ထားသည်။

စကစမှာ ရွေးကောက်ပွဲနှင့်မဲမသမာမှုများ နေရာတိုင်းတွင် တွေ့ရှိခဲ့သည်ဆိုသော အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့သော်လည်း နိုင်ငံတကာနှင့်ပြည်တွင်း လေ့လာစောင့်ကြည့်သူများကမူ ရွေးကောက်ပွဲများမှာ “ယုံကြည်နိုင်ပြီး မဲပေးသူအများစု၏ဆန္ဒကို ရောင်ပြန်ဟပ်သည်” ဟု လေ့လာဖော်ထုတ်ခဲ့ကြသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အကျင့်ပျက်ခြစားမှု၊ သွေးတိုးလှုံ့ဆော်မှု၊ နိုင်ငံတော် လျို့ဝှက်ချက်များပေါက်ကြားမှုအပါအဝင် အမှုပေါင်းများစွာနှင့် တရားစွဲခဲ့သည်။ သူမ၏ ဝန်ကြီးသုံးယောက်နှင့် သြစတြေးလျနိုင်ငံသား စီးပွားရေးအကြံပေး တယောက်မှာလည်း  နိုင်ငံတော်လှို့ဝှက်ချက်များပေါက်ကြားမှု စွဲချက်ကို ရင်ဆိုင်နေရသည်။

နိုင်ငံတဝှမ်းတွင် လူပေါင်းသန်းချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ၍ အရပ်သားအစိုးရကို အာဏာပြန်ပေးရန် တောင်းဆိုခဲ့ကြပြီး ပါလီမန်အမတ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ ပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရကို တည်ထောင်ခဲ့ကြသည်။ လုံခြုံရေးတပ်များက လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ရာရောက်သော အမှုများဖြစ်သည့် နှိပ်စက်ညှင်းပန်းခြင်း၊ လွတ်လပ်ခွင့်ကို အပြင်းအထန်ကန့်သတ်ထားခြင်း၊ အဓမ္မဖမ်းဆီးဖျောက်ဖျက်ခြင်း၊ မုဒိန်းကျင့်ခြင်းအပါအဝင် အခြားလိင်ပိုင်းဆိုင်ရာစော်ကားခြင်းများနှင့် လူသားမဆန်သော ပြုမူခြင်းများ ကျူးလွန်ခြင်းဖြင့် တုန့်ပြန်ခဲ့သည်။ ဂျာနယ်လစ်များ၊ ရှေ့နေများ၊ ကျန်းမာရေးဝန်ထမ်းများ၊ စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးများနှင့် အခြားလူပေါင်းများစွာမှာ အဓမ္မဖမ်းဆီးခံရမည့် အန္တရာယ်ကို ရင်ဆိုင်နေရဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်နေ့အတွင်း စစ်တပ်နှင့် ရဲတို့မှ ဆန္ဒပြသူနှင့်ရပ်ကြည့်သူ အနည်းဆုံး ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး ထိုအထဲမှ ၇၅ ယောက်ခန့်မှာ ကလေးငယ်များ ဖြစ်သည်။ အစိုးရအရာရှိများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အရပ်ဖက်ဝန်ထမ်းများအပါအဝင် ၈၇၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မတ်လ ၁၄ ရက်နေ့တွင် စစ်အစိုးရက ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အခြားမြို့များတွင်လည်း စည်းကမ်းများတင်းကြပ်ခဲ့သည်။ စစ်တပ်နှင့် ရရာလက်နက်စွဲကိုင်ထားသော ဒေသခံများ တိုက်ပွဲများဖြစ်ပွားပြီးနောက်  စစ်အစိုးရက မေလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ စစ်အုပ်ချုပ်ရေးအမိန့်အရ မြို့နယ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာ ဒေသခံစစ်တိုင်းမှူးများအား လွှဲပေးခဲ့သည်။

အာဏာသိမ်းသည့်နေ့နောက်ပိုင်းတွင် ချင်းပြည်နယ်လို ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ချေမှုန်းရန် စစ်ဆင်ရေးများကို စစ်တပ်မှ အရှန်မြှင့်လာခဲ့သည်။ စစ်တပ်၏ နေရာမရွေး လက်နက်ကြီးများနှင့်ပစ်ခတ်ခြင်း၊ လေတပ်မှဗုံးကြဲခြင်းများကြောင့် အရပ်သားများစွာ ဒဏ်ရာရသေဆုံး၊ စာသင်ကျောင်းများအပါအဝင် ရွာပေါင်းများစွာ ပျက်ဆီးခဲ့ပြီး လူထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်း

မြန်မာနိုင်ငံတဝှမ်းရှိ အရပ်သားများကို နေရာအနှံ့အပြားတွင် စနစ်တကျ တိုက်ခိုက်ခြင်းများ (ဆန္ဒပြသူများအား သတ်ဖြတ်ခြင်း၊ အတိုက်အခံပါတီထောက်ခံသူများကို အဓမ္မဖမ်းဆီးဖျောက်ဖျက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ဖမ်းဆီးခံရသူအချို့ကို မုဒိန်းကျင့်ခြင်းနှင့် အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းများအပါအဝင်) ကို လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သည်။ “ဆန္ဒပြသူများက လူထု (အထူးအဖြင့် စိတ်ခံစားချက်နုနယ်သော ဆယ်ကျော်သက်များနှင့် လူငယ်များ)ကို အသက်အန္တရာယ်မကင်းသော ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းသို့ မောင်းသွင်းနေသည်” ဟု​ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့ထုတ် စစ်အစိုးရ၏ Global New Light of Myanmar သတင်းစာတွင် ရေးသားခဲ့သည်။​

စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရသူ ၁၂၀၀ ကျော်မှ အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မုံရွာနှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် အခြားမြို့နယ်များမှ ဆန္ဒပြသူများနှင့် ရပ်ကြည့်သူများ ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနှင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှသာ မဖြစ်မနေ သေစေနိုင်သော အင်အားသုံးသင့်သည်ဟု အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများက သတ်မှတ်ထားသည်။ သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သူတို့အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုမပြုသော လက်နက်မဲ့ဆန္ဒပြသူများကို ပစ်ခတ်ခဲ့သည်ဟု မီဒီယာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့အပါအဝင် အခြားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ ၂၀၂၁ အစီရင်ခံစာများအရ သိရသည်။

မတ်လ ၃ ရက်နေ့ တရက်ထဲတွင်ပင် မြန်မာနိုင်ငံအနှံ့အပြားတွင် ကျည်ဆံအစစ်သုံးပြီး ပစ်ခတ်မှုများကြောင့် ၃၈ ယောက် သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။ ထိုနေ့အတွင်း စစ်ကိုင်းတိုင်း မုံရွာမြို့၊ မန္တလေးတိုင်း မြင်းခြံနှင့် မန္တလေးမြို့၊ မကွေးတိုင်း စလင်းမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင်လည်း လူအသေအပျောက်များခဲ့သည်ဟု မီဒီယာများမှ အတည်ပြုခဲ့ကြသည်။ မတ်လ ၁၃ ရက်တွင် အာဏာပိုင်များ၏လက်ချက်ဖြင့် သေဆုံးသူ ၉ ယောက်ရှိသည့်အနက် ၅ ယောက်မှာ မန္တလေးမြို့၊ စိန်ပန်းရပ်ဆန္ဒပြပွဲထဲသို့ လုံခြုံရေးတပ်ဖွဲ့များက တိုက်ရိုက်ပစ်ခတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။ မတ်လ ၁၄ ရက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏လက်ချက်ကြောင့် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ၆၆ ယောက်ခန့် သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ သိရသည်။

မတ်လ ၂၇ ရက် တပ်မတော်နေ့မတိုင်ခင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဆန္ဒပြသူများအနေဖြင့် “နောက်စေ့နဲ့ နောက်ကျောကို ဖောက်မယ့် အန္တရာယ်ရှိနေတယ်ဆိုတာ ရှေ့က မရှုမလှသေခဲ့ရတာ သင်ခန်းစာယူဖို့လိုတယ်”ဟု ကြေညာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ထိုခြိမ်းခြောက်မှုအတိုင်း လုံခြုံရေးတပ်ဖွဲ့များက အနည်းဆုံး မြို့နယ်ပေါင်း ၄၀ တွင် ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းမှုများပြုလုပ်ခဲ့ပြီး လူ ဒါဇင်နဲ့ချီ သတ်ဖြတ်ခဲ့သည်။

ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော အရုဏ်ဉီးစစ်ဆင်ရေးတစ်ခုတွင် ဆန္ဒပြသူများ တည်ဆောက်ထားသော သဲအိတ်ခံတပ်များနှင့် အကာအရံများကို ဖြိုခွင်းခဲ့ရာ ပြည်သူ ၈၂ ဉီးခန့် သေဆုံးခဲ့သည် - ထိုနေရာတွင် လုံခြုံရေးတပ်သားများ အပြည့်ချထားပြီး သတင်းသမားများနှင့် လွတ်လပ်သော စုံစမ်းသူများကို ဝင်ရောက်ခွင့်မပေးခြင်းကြောင့် သေဆုံးသူအရေအတွက်အတိအကျ မသိရပေ။

ဒီမိုကရေစီအရေး ဆန္ဒပြမှုကြောင့် ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာသူများက အချုပ်ထဲတွင် နှိပ်စက်ညှင်းပန်းခံရကြောင်း၊ အနိုင်အထက်ပြုခံရကြောင်း ပြောခဲ့သည်။ ညှင်းပန်းနှိပ်စက်နည်းများမှာ  ရိုက်နှက်ခံရခြင်း၊ သေနတ်နှင့်ပတ်သတ်မည့်ဟန်ပြုခြင်း၊ ဆေးလိပ်မီးနှင့်တို့ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် အဓမ္မပြုမည်ဟု ခြိမ်းခြောက်ခြင်းတို့ ဖြစ်သည်။

စစ်အစိုးရသည် နိုင်ငံရေးသမားများ၊ ရွေးကောက်ပွဲအရာရှိများ၊​ ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူများ စုစုပေါင်း ၁၀၀ ကျော်ကို အဓမ္မဖမ်းဆီးဖျောက်ဖျက်ခဲ့ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတည်မပြုခဲ့ပေ၊ ထိုအချက်မှာ အပြည်ပြည်ဆိုင်ရာဉပဒေ ချိုးဖောက်ခြင်း ဖြစ်သည်။ သူတို့ဖမ်းဆီးလိုသူကို မတွေ့သောအခါ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအပါအဝင် ထိုသူတို့၏မိသားစုဝင်များကို လုံခြုံရေးတပ်ဖွဲ့များက မကြာခဏ ဖမ်းဆီးလေ့ရှိသည်။

ရိုဟင်ဂျာများအပေါ် ခြိမ်းခြောက်မှုများ

အာဏာပိုင်များက ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ ၆ သိန်းကျော်ကို လူမျိုးရေးခွဲခြားခြင်း၊ ဖမ်းဆီးထောင်ချခြင်းနှင့် လွတ်လပ်ခွင့်ကို အပြင်းအထန်ကန့်သတ်ထားခြင်းတို့ဖြင့် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်နေသည်။ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်းနှင့် အိမ်ယာများကို မီးရှို့ခြင်းများ ပါဝင်သော စစ်ဆင်ရေးကို စတင်ခဲ့သောကြောင့် ရိုဟင်ဂျာအများစု အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြရပြီး လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုဉပဒေများကို ၂၀၁၇ တွင် မြန်မာစစ်တပ်မှ ရင်ဆိုင်နေရသည်။

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုအပြီး ရိုဟင်ဂျာ ၁ သိန်း ၃ သောင်းကျော်မှာ ရခိုင်ပြည်နယ်ရှိ လေဟာပြင်ထိန်းသိမ်းရေးစခန်းများတွင် အကျဉ်းချခံထားရသည်။ ဤအမှုမှာလည်း ရိုဟင်ဂျာတို့၏အခြေခံအခွင့်အရေးဖြစ်သော အိမ်ပြန်ခွင့်ကို ချိုးဖောက်ခြင်း ဖြစ်သည်။ သူတို့ကို ခရီးသွားလာခွင့်မပေးခြင်းမှာလည်း သူတို့၏လွတ်လပ်ခွင့်ကို အဓမ္မချိုးဖောက်ခြင်း၊ လူမျိုးရေးဝါဒဖြင့် ချိုးဖောက်ခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူသားချင်းဆိုင်ရာစာနာထောက်ထားသောအကူအညီပေးမှုများကို ကန့်သတ်လိုက်ခြင်းကြောင့် ရိုဟင်ဂျာစခန်းများနှင့် ရွာများတွင် ကာကွယ်ကုသနိုင်သော ရောဂါများမှ သေဆုံးမှုများနှင့် အခြားရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာသည်။ ရခိုင်ပြည်နယ်တွင်​ မေလနှောင်ပိုင်းက ကလေးငယ် ၉ ဉီး ဝမ်းရောဂါဖြင့် သေဆုံးခဲ့ရသည်ဟု သတင်းများအရ သိရသည်။

အမျိုးသမီးများနှင့်မိန်းကလေးငယ်များ၏အခွင့်အရေးများအပေါ် ခြိမ်းခြောက်မှုများ

စစ်အစိုးရကို ဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် အမျိုးသမီးများ ဉီးဆောင်ပါဝင်ခဲ့ကြသည်။ လုံခြုံရေးတပ်များ၏လက်ချက်ဖြင့် အရင်ဆုံးအသက်ပေးရသူ၊ အထိန်းသိမ်းခံရသူများမှာ အမျိုးသမီးဆန္ဒပြသူများ ဖြစ်ကြသည်။ ဖမ်းဆီးခံရစဉ်တွင် ရိုက်နှက်ခံခဲ့ရသည်ဟု အမျိုးသမီးပေါင်းများစွာမှ ထွက်ဆိုခဲ့ကြပြီး ထိန်းသိမ်းခံရစဉ်တွင်လည်း လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခြင်းများနှင့် မဖွယ်မရာဆက်ဆံခြင်းများ ခံခဲ့ရကြောင်း အမျိုးသမီးအချို့မှ ထွက်ဆိုခဲ့ကြသည်။

အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို လူကုန်ကူးမှုမှာ ရှမ်းပြည်နယ်နှင့်ကချင်ပြည်နယ်များတွင် စိုးရိမ်ရသောပြဿနာ ဖြစ်နေဆဲဖြစ်သည်။ စီးပွားရေးချွတ်ခြုံကျသော ထိုပြည်နယ်များတွင် အမျိုးသမီးများမှာ လှည့်စားခံရပြီး လိင်ကျွန်ဘဝသို့ ရောင်းစားခံရခြင်းနှင့် ကလေးမွေးရန်သက်သက်ဖြစ်သည့် “သတို့သမီးများ” ဘဝသို့ ရောက်ရှိသွားကြသည်။

စစ်တပ်ကအာဏာမသိမ်းခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရမှာ အမျိုးသမီးများကို အကြမ်းဖက်မှု ကာကွယ်ရေးဉပဒေကို ပြဌာန်းပေးနိုင်ခြင်း မရှိခဲ့ပေ။ အဆိုပါဉပဒေမူကြမ်းမှာ နိုင်ငံတကာစံနှုန်းမှီခြင်းမရှိဟု ဝေဖန်ခံခဲ့ရသော်လည်း ဉပဒေလုံးဝမရှိသော လက်ရှိအခြေအနေတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို အကာအကွယ်ပေးခြင်း၊ အကြမ်းဖက်ခံရသူများကို အကူအညီပေးခြင်းနှင့် အကြမ်းဖက်သူများကို အရေးယူခြင်းများ လုပ်ဆောင်နိုင်ခြင်း မရှိချေ။

မီဒီယာနှင့် လွတ်လပ်စွာ ပြောရေးဆိုခွင့်

အောက်တိုဘာ ၂၅ ရက်အထိ ဂျာနယ်လစ် ၉၈ ဉီး အဖမ်းခံခဲ့ရပြီး ၄၆ ဉီးမှာ အကျဉ်းကျခံရဆဲ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏မှတ်တမ်းအရ သိရသည်။ ဂျာနယ်လစ် ၆ ဉီးကို ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ထိုအထဲမှ ၅ ဉီးမှာ ပုဒ်မ ၅၀၅ (က) ချိုးဖောက်မှုဖြင့် ထောင်ကျခံခဲ့ရပြီး အဆိုပါ ပုဒ်မမှာ “ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန်” သို့မဟုတ် “ကောလဟာလသတင်း”ကို ထုတ်ပြန်ကြေညာခြင်းတို့ကို ပြစ်မှုမြောက်စေသည်။ ဤအမှုတိုင်းတွင် အာဏာပိုင်များက ပြည်သူကို အသိမပေးလိုသော သတင်းတိုင်းကို “ကောလဟာလသတင်း”ဟု သတ်မှတ်သည်။

မတ်လ ၈ ရက်နေ့တွင် စစ်အစိုးရမှ ဒေသခံသတင်းဌာန ၅ ခုဖြစ်သော ဒီဗွီဘီ၊ ခေတ်သစ်မီဒီယာ၊ မဇ္ဈိမ၊ မြန်မာနောင်း၊ ဆဲဗင်းဒေး သတင်းဌာနများကို လိုင်စင်ရုတ်သိမ်းခဲ့သည်။ မေလ ၄ ရက်တွင် ကချင်ပြည်နယ်မှ 74 မီဒီယာနှင့် ရှမ်းပြည်နယ်မှ တာချီလိတ်သတင်းဌာနတို့လည်း လိုင်စင်ရုတ်သိမ်းခဲ့သည်။ ထိုနေ့တွင်ပင် ဂြိုလ်တုရုပ်သံကြည့်ခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။

မေလ ၄ ရက်နေ့တွင် Frontier Myanmar ၏ တာဝန်ခံအယ်ဒီတာဖြစ်သော အမေရိကန်လူမျိုး ဒန်နီ ဖန်စတာကို ဖမ်းဆီးလိုက်ပြီး နိုင်ငံရေးအရင်းခံစွဲချက်များဖြင့် ထိန်းသိမ်းခဲ့သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် သူ့ကို ထောင်ဒဏ် ၁၁ နှစ်ကျခံစေရန် အပြစ်ပေးလိုက်သော်လည်း နိုဝင်ဘာ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာခွင့်ပေးခဲ့သည်။

ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီကို “စစ်အစိုးရ”ဟု မသုံးစွဲရန် ဂျာနယ်လစ်များကို ပြန်ကြားရေးဝန်ကြီးဌာနမှ သတိပေးခဲ့ပြီး မလိုက်နာပါက ဉပဒေအရအရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်။​

အင်တာနက်ဖြတ်တောက်ခြင်းများ

စစ်တပ်အာဏာသိမ်းပြီးနောက် မနက် ၁ နာရီမှ မနက် ၉ နာရီအထိ တနိုင်ငံလုံးအင်တာနက်ပိတ်ဆို့ထားသည်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြာခဲ့သည်။ ထိုပိတ်ဆို့မှုကို ရုတ်သိမ်းပေးလိုက်သော်လည်း အာဏာပိုင်များက ဝဘ်ဆိုက်ပေါင်းမြောက်များစွာကို ပိတ်ပင်ထားပြီး အင်တာနက်အရှိန်ကိုလည်း တနှစ်လုံး နှေးအောင်လုပ်ထားခဲ့သည်။ မိုဘိုင်းဒေတာနှင့် ကွန်ယက်များကိုလည်း စစ်အစိုးရနှင့် ဒီမိုကရေစီ ပြည်သူ့စစ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်သော မြို့နယ်ပေါင်း ၂၂ ခုတွင် ဆက်လက်ပိတ်ဆို့ထားခဲ့သည်။

လူသားချင်းဆိုင်ရာစာနာထောက်ထားသော အကူအညီပေးမှုများအပေါ် ခြိမ်းခြောက်မှုများ

ချင်း၊ ကချင်၊ ကရင်၊ ကယားနှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသများတွင် ပိုမိုပြင်းထန်လာသည့် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများကြောင့် လူသားချင်းဆိုင်ရာစာနာထောက်ထားသော အကူအညီပေးမှုလုပ်ငန်းများ ပိုမိုခက်ခဲလာသည်။ ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း တိုးလာသော ၂ သန်းအပါအဝင် အနည်းဆုံး လူ ၃ သန်းခန့်မှာ ဇူလိုင်လတွင် လူသားချင်းဆိုင်ရာစာနာထောက်ထားသော အကူအညီပေးမှုများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များတွင် စားနပ်ရိက္ခာခေါင်းပါးမှုများ ဖြစ်ပေါ်ခဲ့သည်။

စစ်အစိုးရဆန့်ကျင်ရေး ပြည်သူ့စစ်တပ်ဖွဲ့များ

အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံတဝှမ်းတွင် စစ်အစိုးရကို ဆန့်ကျင်ရန်နှင့် လုံခြုံရေးတပ်များကို ပစ်မှတ်ထားရန် ပြည်သူ့စစ်တပ်ဖွဲ့များ ထူထောင်လာကြသည်။ ပြည်သူစစ်တပ်ဖွဲ့အများစုမှာ အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံတဝှမ်းတွင် စတင်တည်ထောင်ခဲ့သော ပြည်သူ့ကာကွယ်ရေးတပ်မတော် အမည်ခံကြသည်။ သို့ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမည်ခံတပ်အချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မသက်ဆိုင်ဘဲ ထိုအစိုးရ၏အမိန့်အာဏာမတည်ပေ။

ဇူလိုင်လတွင် အာဏာသိမ်းစစ်တပ်ကို ပြည်သူ့စစ်တပ်ဖွဲ့များမှ အသေးစားတိုက်ခိုက်မှုများဖြင့် စတင်တိုက်ခိုက်ခဲ့သည်။  စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး အာဏာသိမ်းစစ်တပ်မှ တပ်သားများရာနှင့်ချီ၍ ကျဆုံးခဲ့သည်ဟု သတင်းများတွင် တွေ့ရသည်။ စစ်တပ်ဘက်မှလည်း ရွာများကို ဝင်တိုက်ခြင်းနှင့် မီးရှို့ခြင်းများဖြင့် တုန့်ပြန်ခဲ့သည်။ ပြည်သူ့စစ်တပ်ဖွဲ့အချို့မှာ အဆောက်အဉီး ဗုံးခွဲခြင်းများ၊ စစ်တပ်ထောက်ခံသူ အရပ်သားများကို လုပ်ကြံခြင်းများစသော တရားမဝင်လုပ်ရပ်များကို ကျူးလွန်ခဲ့ကြသည်။

စက်တင်ဘာလ ၇ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရသမ္မတ ဒူဝါလရှီးလက စစ်အစိုးရကို “ကာကွယ်ရေးစစ်” ကြေညာခဲ့သည်။​

လိင်စိတ်ကိုင်းညွတ်ခြင်းနှင့် ဂျန်ဒါဝိသေသ

မြန်မာဉပဒေအရ “သဘာဝကိုဆန့်ကျင်ပြီး လိင်ဆက်ဆံခြင်း”မှာ ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ်ကျခံရစေနိုင်သည်။​

Lesbian၊ Gay၊ Bisexual၊ Transgender(LGBT) များမှာ ထိန်းသိမ်းခံရစဉ်တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအန္တရာယ်နှင့် ပိုမိုကြုံတွေ့နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ခဲ့သည်။ ထိန်းသိမ်းခံရစဉ်တွင် အရာဝတ္ထုတခုနှင့် အဓမ္မကျင့်ခြင်းခံရသည့်အပြင် ရိုက်နှက်နှိပ်စက်ခံခဲ့ရသည်ဟု Transgender အမျိုးသမီးတယောက်မှ ပြန်လည်ပြောပြခဲ့သည်။

ကိုဗစ်-၁၉နှင့် ကျန်းမာရေးလုပ်သားများကို တိုက်ခိုက်ခြင်းများ

၂၀၂၁၊ နိုဝင်ဘာလအထိ မြန်မာပြည်၏လူဉီးရေ ၅၄ သန်းအနက် ၁၃ ရာနှုန်းသာ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးကြောင်း သိရသည်။ ၂၀၂၀ မတ်လ နှင့် ၂၀၂၁ အောက်တိုဘာ ကြားတွင် သေဆုံးသူဉီးရေ ၁၇၉၉၈ ယောက် ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သော်လည်း တကယ်သေဆုံးသူအရေအတွက်မှာ အဆမတန်များပြားနိုင်သည်။

စစ်အစိုးရက ကျန်းမာရေးဝန်ထမ်းများကိုလည်း ဆေးကုသပေးနေစဉ်အချိန်များတွင်ပင် နှောက်ယှက်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းအများစုမှာ အစောပိုင်းကတည်းက အာဏာဖီဆန်ရေးလှုပ်ရှားမှုခေါင်းဆောင်များ ဖြစ်ကြပြီး အစိုးရဆေးရုံများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရန် ဆန္ဒပြငြင်းဆန်ခဲ့ကြသည်။​ အာဏာသိမ်းပြီးနောက်ပိုင်း ၉လအတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၂၆၀ မှာ ဆေးကုသပေးနေစဉ်တွင် တိုက်ခိုက်ခံခဲ့ရပြီး အယောက် ၂၀ သေဆုံးခဲ့သည်။ စက်တင်ဘာလအထိ  ကျန်းမာရေးဝန်ထမ်းပေါင်း ၇၆ ယောက်မှာ ထိန်းသိမ်းခံရဆဲဖြစ်ပြီး ၆၀၀ ကျော်ကိုလည်း ဖမ်းဝရမ်းထုတ်ထားသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပြောသည်။ အများစုမှာ ရွေ့ပြောင်းနိုင်သော ယာယီဆေးခန်းများတွင် မြေအောက်လှုပ်ရှားမှုသဖွယ် ဆေးကုနေရပြီး အချို့မှာ ပုန်းရှောင်နေရသည်။ ဆေးဝန်ထမ်းများကို တိုက်ခိုက်ခြင်းမှာ ကိုဗစ်-၁၉ ရောဂါကို တုန့်ပြန်မှုကို ကမောက်ကမ ဖြစ်စေသည်ဟု မြန်မာပြည်အခြေစိုက် ကုလသမဂ္ဂရုံးက ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ

ရွေးကောက်တင်မြှောက်ထားသောအစိုးရအား ဖြုတ်ချခြင်းကို စိုးရိမ်ပူပန်ကြောင်းနှင့် အဓမ္မဖမ်းဆီးခံထားရသူများကို ချွင်းချက်မရှိပြန်လွှတ်ပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးက ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့သည်။ မတ်လတွင် ထပ်မံထုတ်ပြန်ခဲ့သော ဆုံးဖြတ်ချက်တွင်လည်း စစ်တပ်မှ အရပ်သားအစိုးရအား ဖြုတ်ချခြင်းကို “အပြင်းအထန်ရှုံ့ချကြောင်း”နှင့် ထိုလုပ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း အထူးဖော်ပြခဲ့သည်။​

ကုလသမဂ္ဂအထွေထွေညီလာခံကလည်း ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုကို အပြင်းအထန်ရှုံ့ချကြောင်း ဇွန်လတွင်  ဆုံးဖြတ်ခဲ့သည်။​ မြန်မာပြည်သို့ လက်နက်များဝင်ရောက်မှုကို တားမြစ်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်းအား အကြံပြုချက်ကို အထွေထွေညီလာခံက ထုတ်ပြန်ခဲ့သည်။ သို့သော် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အထွေထွေညီလာခံ၏ အကြံပြုချက်ကို တရားဝင်ဆုံးဖြတ်ချက်အဖြစ် မပြဌာန်းနိုင်ခဲ့သောကြောင့် မြန်မာပြည်သို့ လက်နက်များနှင့် နှစ်မျိုးသုံးနိုင်သောနည်းပညာ(ဉပမာ နူးကလီးယားစွမ်းအင်ကဲ့သို့ လက်နက်ရော စွမ်းအင်အဖြစ်ပါ အသုံးပြုနိုင်သောနည်းပညာ) တင်သွင်းခြင်းကို ကမ္ဘာလုံးဆိုင်ရာတားမြစ်ခြင်းဉပဒေ ဖြစ်မလာခဲ့ပေ။

ကနေဒါ၊ ဉရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများက စစ်တပ်ထိပ်သီးခေါင်းဆောင်များ၊ စစ်အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် ကုမ္ပဏီကြီးများကို အမည်တပ်ဒဏ်ခတ်ခဲ့သည်။ သို့သော် စစ်အစိုးရ၏အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သော ရေနံနှင့်သဘာဝဓာတ်ငွေ့မှရသော ဝင်ငွေများကို မည်သည့်အစိုးရကမှ မကန့်သတ်ခဲ့ပေ။

အောက်တိုဘာလတွင် အမေရိကန်ကွန်ကရက်က ထုတ်ပြန်ခဲ့သော “မြန်မာပြည်ဉပဒေ ၂၀၂၁” အရ စစ်တပ်ကို ထပ်မံ၍ အမည်တပ်ဒဏ်ခတ်ရန်နှင့် ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်ရေးကို ကိုင်တွယ်သော ဉပဒေတခုကို သတ်မှတ်ပေးရန် အကြံပြုခဲ့သည်။ ဉရောပပါလီမန်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ပံ့ပိုးပေးခဲ့ပြီး စစ်တပ်ပိုင်လုပ်ငန်းများကို ထပ်မံ၍ဒဏ်ခတ်ရန် တိုက်တွန်းခဲ့သည်။ ဉရောပသမဂ္ဂကမူ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ မြန်မာပြည်အရေးကို ဝင်ရောက်ဖျန်ဖြေခြင်းကို ပံ့ပိုးခဲ့သော်လည်း စစ်အာဏာသိမ်းမှုကို အပြင်းအထန်ရှုံ့ချခဲ့သည်။

စိုးရိမ်စရာကောင်းသော နိုင်ငံတကာပြစ်မှုများကို ကျူးလွန်ခဲ့သည့် လူပုဂ္ဂိုလ်တဉီးချင်းစီကို တရားစွဲနိုင်ရန် စွဲချက်များကို စုဆောင်းရန် ကုလသမဂ္ဂမှ ပံ့ပိုးထားသော Independent Investigative Mechanism for Myanmar (IIMM)ကို လုပ်ပိုင်ခွင့်ပေးထားသည်။ IIMM မှလည်း မြန်မာပြည်အခြေအနေကို “အနီးကပ်စောင့်ကြည့်” နေပြီး အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့သော အမှုများအတွက် အထောက်အထားများကို စုဆောင်းနေသည်။ အထောက်အထားများခိုင်လုံပါက စွပ်စွဲခံရသောအမှုများမှာ လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်မှု မြောက်နိုင်သည်။

ဧပြီလ ၂၄ ရက်နေ့တွင် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ အားလုံးသဘောတူ အချက် ၅ ချက်ပါသော စီမံချက်တခုကို မြန်မာစစ်တပ်နှင့် ညှိနှိုင်းခဲ့ပြီး ဘရူနိုင်းသံအမတ် အာရဝမ် ယူစွပ်ကို အထူးသံတမံအဖြစ် ခန့်အပ်ခဲ့သည်။ စစ်အစိုးရက ထိုအချက် ၅ ချက်ကို အကောင်အထည်မဖော်ခဲ့သောကြောင့် အောက်တိုဘလတွင် ကျင်းပခဲ့သော အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မရှိခဲ့ပေ။

၂၀၁၇ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးများနောက်ပိုင်း ရိုဟင်ဂျာလူမျိုးများကို နှင်ထုတ်ခြင်း၊ ဖမ်းဆီးထောင်ချသတ်ဖြတ်ခြင်းအပါအဝင် လူသားမျိုးနွယ်စုတစ်ခုလုံးအပေါ် ရာဇဝတ်မှုများကျူးလွန်ခြင်းများမှာ နိုင်ငံတကာရာဇဝတ်မှုခုံရုံး (ICC) အဖွဲ့ဝင်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း သက်ရောက်ခဲ့ခြင်းကြောင့် မြန်မာအစိုးရကို ICC တွင် စစ်ဆေးနေသည်။ ဇူလိုင်လက အမျိုးသားညီညွတ်ရေးအစိုးရကလည်း ICC ၏ ပုဒ်မ ၁၂(၃)ကို ကိုးကား၍ မြန်မာပြည်ထဲတွင် ၂၀၀၂ ဇူလိုင်လ ၁ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများကို စစ်ဆေးခြင်းကို လက်ခံမည်ဟု ကြေညာခဲ့သည်။

ဂမ်ဘီယာနိုင်ငံကလည်း မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗန်းရှင်းကို ချိုးဖောက်သဖြင့် အပြည်ပြည်ဆိုင်ရာတရာရုံး (ICJ) တွင် အမှုဖွင့်ခဲ့သည်။ မြန်မာအစိုးရကမူ ICJ ၏ အာဏာသက်ရောက်မှုနှင့် ဂမ်ဘီယာ၏အမှုဖွင့်ခြင်းကို လက်ခံနိုင်မှုမရှိခြင်းတို့ကို အကြောင်းပြ၍ ထိုအမှုကို လက်မခံနိုင်ဟု ငြင်းဆန်ခဲ့သည်။