Skip to main content
လူသားမဆန်သော ရာဇဝတ်မှုများနှင့် လူမျိုးရေးခွဲခြားမှုများအတွက် တရားမျှတမှုမရှိခြင်း

မြန်မာအစိုးရအနေဖြင့် အခြေခံလူ့အခွင့်အရေးနှင့်နိုင်ငံရေး အခွင့်အရေးများကို ထပ်ခါတလဲလဲ ချိုးဖောက်လျက်ရှိပြီးအစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များမှနေ၍လူနည်းစုများ အပေါ်တွင်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကို တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရာတွင်အောင်မြင်ခြင်း မရှိခဲ့ ဟု Human Rights Watch အဖွဲ့အစည်းမှ ယနေ့ထုတ်ပြန်လိုက်သော World Report 2021 တွင်ပြော ကြားခဲ့သည်။

မြန်မာ

ဓာတ်ပုံစာသား။   ။၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ရန်အတွက် မျက်နှာကာများ တပ်ဆင်ထားသော မဲဆန္ဒရှင်များက ရွှေတိဂုံဘုရားအနီးရှိ မဲရုံတစ်ခုတွင် မဲပေးရန် တန်းစီနေကြစဉ်။ ရန်ကုန်၊ မြန်မာ။ နိုဝင်ဘာလ ၈ ရက်၊၂ဝ၂ဝ။ သိန်းဇော်/အေပီသတင်းဌာန။

၂ဝ၂ဝ ခုနှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေသည် ယေဘုယျအားဖြင့် ယုတ်လျော့လာခဲ့ပြီး

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်ငြိမ်းချမ်းစွာစုဝေးခွင့်တို့ကိုပိုမိုတင်းကြပ်ခဲ့သည်။မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ကြားတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး အစိုးရ အဖွဲ့ဝင်များ အနေဖြင့် ကချင်၊ ကရင်၊ ရခိုင်၊ ရိုဟင်ဂျာ နှင့် ရှမ်း စသည့် လူနည်းစုလူမျိုးများ အပေါ်တွင် နိုင်ထက်စီးနင်းမှုများပိုမိုပြုကျင့်လျက်ရှိကြသည်။စစ်တပ်နှင့်ရဲတပ်ဖွဲ့တို့မှလည်းတရားမမျှတစွာဖမ်းဆီးခြင်း၊ခေါ်ယူထိန်းသိမ်းခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်းနှင့်ဖမ်းဆီးခံရချိန်အတွင်းသတ်ဖြတ်ခြင်းများအားပြုကျင့်ခြင်းတို့ဖြင့် အကြမ်းဖက်မှုများကို ပိုမိုပြင်းထန်စေခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာလူမျိုးစုများ အပေါ်တွင် လူသား မဆန်သော ရာဇဝတ်မှုများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည်မှာ ဩဂုတ်လ ၂၅ ရက်နေ့တွင် သုံးနှစ်တာကြာရှိခဲ့ပြီဖြစ်သည်။ ဤဖြစ်ရပ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ သိန်းနှင့်ချီသော ရိုဟင်ဂျာလူမျိုးများမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်ခဲ့ရပြီး ထိုထဲမှ လူဦးရေ ၇၄ဝ,ဝဝဝ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ဤ ပဋိပက္ခကို ဖြေရှင်းရာတွင် (သို့) ဒုက္ခခံရသူများအပေါ်တွင် တာဝန်ယူမှု နှင့် တရားမျှတမှုရှိစေရန် ဆောင်ရွက်ရာတွင် ထိရောက်စွာ အရေးယူဖြေရှင်းခဲ့သည်ကို မတွေ့ရပါ။ စစ်ဘက်ဆိုင်ရာတရားခုံရုံး မှ တပ်မတော်သား သုံးဦးကို ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော ပြစ်မှုများဖြင့် အမိန့်ချမှတ်လိုက်သည်မှာ အစိုးအရအနေဖြင့် အဓိပ္ပာယ်ရှိသော တာဝန်ခံမှုများကို ရှောင်ရှားရန် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း တွေ့မြင်နိုင်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအား အမိန့်ပေး၍ ဦးစီးခဲ့ကြသော တပ်မတော် အထက်အရာရှိပိုင်းကို ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးရမည့်အစား အောက်ခြေအဆင့် တပ်သားအချို့ကိုသာ အပြစ်ရှာခဲ့ခြင်းပင် ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လာမည့် ၅ နှစ်တာကာလအတွင်း နိုင်ငံ့တာဝန်ထမ်းဆောင်ရန်ထပ်မံရွေးချယ်ခံခဲ့ရသည်။  အခြေခံလူ့အခွင့်အရေးကျင့်သုံးသူများအား ပြစ်ဒဏ်ပေးရာတွင် မကြာခဏ အသုံးပြုလေ့ရှိသည့် လူ့အခွင့်အရေးချိုးဖောက်သော  ဥပဒေများအား ပြင်ဆင်ခြင်း သို့မဟုတ် ဒီမိုကရေစီအပြည့်အဝရရှိရန် အတွက် ပိုမိုတိုးချဲ့ ဆောင်ရွက်ခြင်းတို့ကို ယခုနှစ်အတွင်းNLD အစိုးရအနေဖြင့် ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။ ထိုသို့လုပ်ငန်းစဉ်များကိုဆောင်ရွက်ရမည့်အစားလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မှာပိုမိုဆုံးရှုံးလာသည့်အပြင် လူ့အခွင့်အရေး ကာကွယ်သူများ နှင့် တက်ကြွလှုပ်ရှားသူများက အစိုးရနှင့် တပ်မတော်တို့အပေါ်တွင်ဝေဖန်ပြောဆိုခဲ့ကြသောကြောင့်ပြစ်ဒဏ်ပေးခံခဲ့ကြရသည်။ဥပဒေပြဌာန်းချက် များအရ ဆန္ဒထုတ်ဖော်ပွဲများအတွက်စုဝေးရာတွင် ကြိုတင်အသိပေးရန်သာလိုအပ်သော်လည်းခွင့်ပြု ချက်မရှိသောပြည်သူ့ဆန္ဒဖော်ထုတ်ပွဲများသည်ရာဇဝတ်မှုမြောက်စေရန်အစိုးရအနေဖြင့်ဆောင်ရွက်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးသူများနှင့်ထိရောက်မှုရှိစွာပူးတွဲလုပ်ကိုင်ရန်မြန်မာအစိုးရအားနိုင်ငံတကာမှ ပိုမိုဖိအားပေးလျက်ရှိပြီးကုလသမဂ္ဂ အထူးကိုယ်စားလှယ် သော်မတ်စ် အင်ဒရူးစ် နှင့် မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) တို့အနေဖြင့်လည်း လူနည်းစု လူမျိုးများအပေါ်တွင် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ၎င်းတို့နှင့်အတူ ပူးပေါင်းပါဝင်ရန်တိုက်တွန်းလျက်ရှိသည်။လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်များကို ချိုးဖောက်မှုဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုမှု ကို နိုင်ငံတကာခုံရုံး (ICJ) မှဆက်လက်ကြားနာလျက်ရှိပြီးတစ်ချိန်တည်းမှာပင်ရိုဟင်ဂျာ လူမျိုးများအား လူမျိုးတုန်းသတ်ဖြတ်ခြင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် လိုအပ်သော ဥပဒေများကို သတ်မှတ်ပြဌာန်းရန် ကန့်ကွက်သူမရှိအမိန့်ဖြင့် အမိန့်ချမှတ်ခဲ့သည်။ မြန်မာအစိုးရဘက်မှ ပူးပေါင်းပါဝင်မှုနှင့် ပတ်သက်၍ မြန်မာ နှင့် ဂမ်ဘီယာနိုင်ငံတို့မှ တင်ပြချက်များကို ပြင်ပသို့ပေါက်ကြားမှုမရှိစေဘဲ ပုံမှန်တင်ပြကြရန် နိုင်ငံတကာခုံရုံးအနေဖြင့် အမိန့်ချမှတ်ခဲ့သည်။

လိုအပ်ချက်များနှင့် ၂ဝ၂ဝ ရွေးကောက်ပွဲ

မြန်မာနိုင်ငံ၏ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် တပ်မတော်သားကိုယ်စားလှယ် များကို ၂၅ ရာခိုင်နှုန်းအထိ နေရာပေးထားရသည်။ စစ်တပ်နှင့် ဆက်နွယ်နေသော ပါတီမဟုတ်ဘဲ လွှတ်တော်တွင် အနိုင်ရယူလိုပါက ကျန်ရှိနေသော နေရာ၏ ၃ ပုံ ၂ ပုံအထိ အနိုင်ရရှိရန်လိုအပ်ပြီး စစ်တပ်နှင့် ဆက်နွယ်နေသော ပါတီဖြစ်ပါက ၃ ပုံ ၁ ပုံ အထိသာ နေရာရရှိလျှင် အနိုင်ရရှိမည်ဖြစ်သည်။

ရိုဟင်ဂျာ မဲပေးသူများနှင့် အမတ်လောင်း အများစုအား ပိတ်ပင်ခဲ့သည့် အဆင့်အတန်းခွဲခြားထားသော နိုင်ငံသားဖြစ်တည်မှု အပါအဝင် အစိုးရအပေါ် ဝေဖန်သူများအား ရာဇဝတ်မှုဖြင့် ပြစ်ဒဏ်ပေးခြင်း၊ အစိုးရမီဒီယာအားမမျှတစွာအသုံးပြုခွင့်များ၊ လွတ်လပ်၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ ကော်မရှင် မထားရှိခြင်း နှင့် တိုင်ကြားချက်များကိုဖြေရှင်းရန် လုပ်ငန်းစဉ်မရှိခြင်းတို့ မှာ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲ ပြဿနာများထဲမှ အချို့ပင် ဖြစ်သည်။

ရွေးကောက်ပွဲမစမီ ၂ လ အလိုတွင် ပါဝင်ယှဉ်ပြိုင်သော ပါတီများအနေဖြင့် အစိုးရပိုင် ရုပ်မြင်သံကြား နှင့် ရေဒီယို ဌာနများတွင် ၁၅ မိနစ်စာ မဲဆွယ်ဟောပြောခြင်းများထုတ်လွှင့်ရန်ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုပေးခဲ့သည်။ သို့သော် မည်သည့်နိုင်ငံရေးထုတ်လွှင့်မှုကို မဆို ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွင် ကြိုတင်ခွင့်ပြုချက်တောင်းရန် လိုအပ်သည်။ ၎င်းတို့ပြောကြားသည့်အကြောင်းအရာများကိုကော်မရှင် ထံမှဝေဝါးစေသော၊သေချာမသတ်မှတ်ထားသောကန့်သတ်ချက်များဖြင့်စိစစ်ဖြတ်တောက်ခဲ့သဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကာကွယ်ပေးသောနိုင်ငံတကာစံချိန်စံညွှန်းများကိုဖောက်ဖျက် သည် ဟုဆိုနိုင်သည်။ ပါတီအချို့၏ မဲဆွယ်မိန့်ခွန်းများကို ရွေးကောက်ပွဲကော်မရှင်အနေဖြင့် စိစစ်ဖြတ်တောက်ခဲ့သောကြောင့် ပါတီ ၆ ဖွဲ့က ၎င်းတို့၏ ထုတ်လွှင့်မှုအားလုံးကို ရုပ်သိမ်းခဲ့ပြီး ပါတီ ၁ဝ ခုမှာလည်း သပိတ်မှောက်ခဲ့ကြသည်။

ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် ချင်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် မဲပေးခွင့်ကို ဖျက်သိမ်းခဲ့သော်လည်း ထိုဒေသအသီးသီးတွင် ရွေးကောက်ပွဲဖျက်သိမ်းခဲ့ရသည့် အသေးစိတ်အကြောင်းပြချက် တစ်စုံတစ်ရာ မပေးအပ်ခဲ့ပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော ‘ဝ’ ဒေသတွင်လည်း မဲပေးခြင်း မရှိခဲ့ပါ။

ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ

၂ဝ၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးသန့်စင်ရှင်းလင်းမှုကြောင့် နေရပ်စွန့်ခွာခဲ့ရသော ရိုဟင်ဂျာ ၁၃ဝ,ဝဝဝခန့်မှာ ယခုအချိန်အထိ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ အကန့်အသတ်မဲ့လေဟာပြင်ဒုက္ခသည်

စခန်းများတွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ ၈နှစ်ကြာကာလအထိ မြန်မာအစိုးရအနေဖြင့်ရိုဟင်ဂျာ များကိုလူနေမှုအဆင့်အတန်း အလွန်နိမ့်ကျသော ဒုက္ခသည်စခန်းများတွင်ဆက်လက်ထိန်းသိမ်း ထားဆဲ ဖြစ်ပြီး ၎င်းတို့ကို သီးသန့်ပယ်ထားကာ အခြေခံလူ့အခွင့်အရေးဖြစ်သော နေရပ်ဇာတိသို့ ပြန်နိုင်ခွင့်ကို ပိတ်ပင်ထားဆဲပင်ဖြစ်သည်။ရိုဟင်ဂျာများအနေဖြင့်လွတ်လပ်စွာလှုပ်ရှားသွားလာခွင့်အလျင်းမရှိသောကြောင့်ဤလုပ်ရပ်ကိုမျှတမှုကင်းမဲ့၍အဆင့်အတန်းခွဲခြားထားသောလွတ်လပ်မှုအဖြစ်သတ်မှတ်နိုင် သည်။ အစားအသောက်နှင့် ဆေးဝါးများ အပါအဝင် အခြားအထောက်အပံ့များအား ရယူခွင့်ကို ပြင်းထန်စွာပိတ်ပင်တားဆီးထားခြင်း၊ပညာသင်ယူခွင့်တန်းတူညီမျှမရရှိခြင်း၊ယိုယွင်းနေသောအိမ်ရာများ၊ ရှင်သန်နေထိုင်မှုအပေါ်ထိန်းချုပ်ထားခြင်းများနှင့် အရေးပေါ် ကျန်းမာရေး လုပ်ငန်းစဉ်များ ရယူ နိုင်ရန်အတွက် အထူးပိတ်ပင်တားဆီးထားမှုများကြောင့် စခန်းများ၌ ရောဂါဖြစ်ပွားမှုနှုန်းနှင့် လူသေဆုံး မှုနှုန်းများမြင့်တက်လာခဲ့သည်။ရိုဟင်ဂျာများအပေါ်ထားရှိထားသောလူနေမှုအဆင့်အတန်းနိမ့်ကျစေ သည့်ဖိနှိပ်ချုပ်ချယ်မှုများမှာလူသားတို့လက်မခံသောရာဇဝတ်မှုများဖြစ်သည့်ဖိစီးနှိပ်စက်ခြင်း၊အသားအရောင်ခွဲခြားခြင်း နှင့် လွတ်လပ်မှုကို ပြင်းထန်စွာ ထိန်းချုပ်ခြင်း စသည်တို့နှင့် အလားတူပင်ဖြစ်သည်။

ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြသောရိုဟင်ဂျာများအားမြန်မာအစိုးရ အနေဖြင့် ကိုဗစ်-၁၉ကပ်ရောဂါကာကွယ်ရေးနှင့်ဆက်နွယ်အကြောင်းပြု၍အကြမ်းဖက်မှုများအပါ အဝင် နိုင်ထက်စီးနင်းမှုများ ပြုကျင့်ခဲ့ကြသည်။

စခန်းထဲမှ ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်သွားရောက်ရန် စဉ်ဆက်မပြတ် တောင်းဆိုခဲ့သော်လည်း မြန်မာအစိုးရအနေဖြင့်ငြင်းပယ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစိုးရအနေ ဖြင့်စခန်းများကိုပိတ်သိမ်းရန် စတင်ဆောင်ရွက်ခဲ့သော်လည်း ၎င်းတို့ချမှတ်ခဲ့သောလုပ်ငန်းစဉ်များအရ လက်ရှိစခန်းနေရာများတွင်အမြဲတမ်းနေထိုင်ရန်အဆောက်အဦးများကိုတည်ဆောက်မည်ဖြစ်သောကြောင့် ရိုဟင်ဂျာများအနေသည် အမြဲတမ်း ထိန်းသိမ်းခံရသူများအဖြစ်သာဆက်လက်သတ်မှတ်ခံရရန် အလားအလာရှိနေသည်။ ၂ဝ၂ဝ ခုနှစ်တွင် အစိုးရမှ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံး စခန်းကို စတင်ပိတ်သိမ်းဟန်ပြုခဲ့သော်လည်း သီးခြားဖြစ်နေသော၊ ရေကြီးလေ့ရှိသောမြေပေါ်တွင်ယာယီတဲများ ဆောက်လုပ်ခဲ့ပြီး နေရပ်စွန့်ခွာခဲ့ရသော ရိုဟင်ဂျာနှင့်ကမန်လူမျိုးများ၏ နေရပ်ဒေသသို့ပြန်လည်သွား ရောက်လိုသော တောင်းဆိုမှုများကို ငြင်းပယ်ခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

လူ့အခွင့်အရေးကာကွယ်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များနှင့် အခြားသာမန်ပြည် သူများကငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများတွင် အစိုးရ(သို့)စစ်တပ်ဘက်မှ ဝင်ရောက်စွက်ဖက်မှုများနှင့် ပတ်သက်၍ဝေဖန်ခဲ့ကြရာတွင် မြန်မာအစိုးရအနေဖြင့်ရှည်လျားပြီး မရေရာသောစကားလုံးများဖြင့်ဖွဲ့ စည်းထားသည့် ဥပဒေပြဌာန်းချက်များ အသုံးပြုကာ ၎င်းတို့အားဖမ်းဆီးခြင်း၊ချုပ်နှောင်ခြင်း၊အပြစ်ပေး ခြင်းများပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိအဖြစ်အပျက်များအားသတင်းရယူတင်ဆက်မှုအပေါ်တွင်အစိုးရအနေဖြင့်ပစ်မှတ်ထား အရေးယူခဲ့သည်။ မတ်လပိုင်းတွင် မန္တလေးအခြေစိုက် Voice of Myanmar၏အယ်တီတာချုပ် ဖြစ်သူကိုနေမျိုးလင်းကိုအသေးစိတ်ပြဌာန်းသတ်မှတ်ထားခြင်းမရှိသောအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အစိုးရဘက်မှ အမှုဖွင့်ခဲ့သည်။ အကြောင်းမှာမတ်လ၂၃ရက်နေ့တွင်မတရားအသင်းအဖြစ် ကြေညာခံထားရသော AA (ရခိုင်လက်နက်ကိုင်အဖွဲ့) မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး နှင့် အင်တာဗျူး မေးမြန်းခဲ့သောကြောင့်ဖြစ်သည်။ များမကြာမီတွင် ကိုနေမျိုးလင်းအပေါ်စွပ်စွဲချက်များကို ပြန်လည် ရုတ်သိမ်းခဲ့သည်။

Development Media Group (DMG) ၏ သတင်းအယ်ဒီတာ ကိုအောင်မာန်ဦး ကို မတရား အသင်းအက်ဥပဒေဖြင့် စွဲချက်တင်ခဲ့သည်။ စွပ်စွဲချက်အကြောင်းအရင်းများကို ၎င်းကိုယ်တိုင် တရားဝင် မသိရသေးသော်လည်း သတင်းဌာနမှ AA နှင့် ပတ်သက်သော စစ်ရေးပဋိပက္ခများအကြောင်းများကို ရေးသား ထုတ်ဝေခဲ့သောကြောင့် ယခုကဲ့သို့ စွပ်စွဲခံရခြင်းဖြစ်သည်ဟု သူက ယုံကြသည်ထားသည်။ ထို့အပြင် တစ်လ နှစ်ကြိမ်ထုတ်ဝေသော DMG သတင်းမီဒီယာအတွက် ပုံနှိပ်ထုတ်ဝေခြင်း လိုင်စင်ကို အစိုးရအနေဖြင့် အသစ်ပြန်လည်ထုတ်ပေးခဲ့ခြင်း မရှိဘဲ ယခုအခါတွင် DMG အနေဖြင့်ပုံနှိပ်ထုတ်ဝေ ခြင်းကို ရပ်ဆိုင်းခဲ့ရသည်။

အစိုးရဘက်မှ ရေရာစွာ ပြဌာန်းထားခြင်းမရှိသော ဆက်သွယ်ရေးဥပဒေဖြင့် နှစ်ခုတည်းရှိသော ရခိုင်သတင်းဌာနများဖြစ်ကြသည့် DMG နှင့် Narinjara News အပါအဝင် အခြားဝက်ဘ်ဆိုဒ်များစွာ ကိုလည်း ပိတ်ပင်ခဲ့သည်။ အစိုးရအဖွဲ့ဝင်များအနေဖြင့် ဤသို့ ပိတ်ပင်ရခြင်းမှာ သတင်းအမှားများ မပျံ့နှံ့စေရန်နှင့် နိုင်ငံ့လုံခြုံရေးအတွက် စိတ်ချရစေရန်ဟု အကြောင်းပြခဲ့ကြသည်။ စစ်တပ်ဘက်မှ ကျူးလွန်ခဲ့သော အကျင့်ပျက်ခြစားမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်နေသည့် Justice for Myanmar အဖွဲ့၏ ဝက်ဘ်ဆိုဒ်အား ပိတ်ပင်ရန် ဩဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာအစိုးရမှ အင်တာနက်ဝန်ဆောင်မှုပေးသည့် ဆက်သွယ်ရေးကုမ္ပဏီများကို အမိန့်ပေးခဲ့သည်။

နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီများ၊ တပ်မတော် နှင့် သာမန်ပြည်သူများအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို စိစစ်ပိတ်ပင်နိုင်သည့် အသရေဖျက်မှုဖြင့် ရာဇဝတ်မှုမြောက်နိုင်သော ပြဌာန်းချက်များကို ဆက်လက်အသုံးချလျက်ရှိသည်။ တောင်းဆိုမှုများကြောင့် အစိုးရအနေဖြင့် ပုဂ္ဂလိကဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကို ပြင်ဆင်ခဲ့သော်လည်း  ထိုဥပဒေ အပါအဝင် ဆက်သွယ်ရေးဥပဒေအောက်ရှိ အသရေဖျက်မှု ဥပဒေများ နှင့် ရာဇဝတ်မှုများကို အသုံးပြု၍ ဝေဖန်သူများကို ဆက်လက် အရေးယူလျက်ရှိသည်။

အစိုးရအနေဖြင့် ‘အများပြည်သူအထိတ်တလန့် ဖြစ်စေရန်’ နှင့် ‘ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသော’ စကားများကို ပိတ်ပင်တားဆီးနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (ခ) ကို အသုံးပြု၍ အစိုးရ နှင့် စစ်တပ်အပေါ် ဝေဖန်နေသူများအား စွဲချက်တင်လျက်ရှိသည်။  စက်တင်ဘာလမှ စတင်၍ အနည်းဆုံး ကျောင်းသား ၅၈ ဦး အား ဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများအား ဝေဖန်ထောက်ပြသည့် စတစ်ကာ မဲဆွယ်ပွဲအတွက် လူစုလူဝေးဖြင့် စည်းရုံးခြင်း၊ ရခိုင်နှင့် ချင်းပြည်နယ်တို့ရှိ အင်တာနက်ပိတ်ပင်မှုတို့ အပေါ် ဝေဖန်ခြင်းတို့ကြောင့် စွဲချက်တင်ခြင်း (သို့) ဖမ်းဆီးခြင်းများ အားဖြင့်အရေးယူထားသည်။ ကျောင်းသားများကို ပုဒ်မ ၅ဝ၅ (ခ) အပါအဝင် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေနှင့်သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေများအောက်တွင် စွဲချက်တင်ခဲ့ပြီး ထိုထဲမှ ၁၇ ဦးမှာ တရားရုံးကြားနာမှုကို

ဖမ်းဆီးခံရင်း စောင့်ဆိုင်းနေကြရသည်။

ငြိမ်းစုစီဥပဒေကို အသုံးပြု၍ အခြား တက်ကြွလှုပ်ရှားသူများကိုလည်း ပစ်မှတ်ထား ဖမ်းဆီးခဲ့သည်။ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလတွင် ရွာသားများ၏အိမ်များအား ဖျက်ဆီးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ်နော်အုန်းလှ နှင့်  အခြားသုံးဦးတို့က ဆန္ဒပြခဲ့ကြသောကြောင့် ထောင်ဒဏ် တစ်လအမိန့်ချမှတ်ခံခဲ့ရသည်။ လူ့အခွင့်အရေး လှုပ်ရှားသူ ကဗျာဆရာမောင်ဆောင်းခအနေဖြင့် ‘စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ၊ လူသတ်နေတာတွေကို မသိစေချင်လို့ အင်တာနက် ဖြတ်ထားတာလား?’ဟူသောစာတန်းကိုရန်ကုန်ဆူးလေရှိလူကူးခုံးကျော်တံတားတွင်ချိတ်ဆွဲခဲ့သောကြောင့်ငွေဒဏ်ချမှတ်ခံခဲ့ရသည်။ဇူလိုင်လတွင်စစ်ပွဲကိုဆန့်ကျင်သောဆန္ဒပြပွဲများကိုကြိုတင်အကြောင်းမကြားဘဲ ဆောင်ရွက်ခဲ့သောကြောင့် ကျောင်းသားခေါင်းဆောင် နှစ်ဦးဖြစ်ကြသည့် မြတ်ဟိန်းထွန်း နှင့် ကျော်လင်းတို့ကို ထောင်ဒဏ် တစ်လစီချမှတ်ခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ပဋိပက္ခများ မြင့်တက်လာခြင်း

ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်တို့တွင် ပိုမိုပြင်းထန်လျက်ရှိသော တပ်မတော်နှင့် AA ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြားမှ တိုက်ပွဲများကြောင့် နစ်နာဆုံးရှုံးမှုဒဏ်အခံရဆုံးမှာ ပြည်သူများပင်ဖြစ်သည်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး OHCHR ၏ ထုတ်ပြန်ချက်အရ ၂ဝ၂ဝခုနှစ်တွင် အရပ်သား ၅ဝဝ ခန့် သတ်ဖြတ်ခံခဲ့ရသည်။ ၂ဝ၂ဝ ခုနှစ် ဇူလိုင်လအထိ ပဋိပက္ခများကြောင့် ခန့်မှန်းခြေ လူဦးရေ ၈၁,၆၃၇ဦးခန့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ခဲ့ရသည် ဟု ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး OCHA မှ ဆိုသည်။ သို့သော်လည်း ဒေသတွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အဆိုအရ တိုက်ပွဲများကြောင့် ရခိုင်လူမျိုးအများစုပါဝင်သော လူဦးရေ ခန့်မှန်းခြေ ၂၂ဝ,ဝဝဝ ဦးအထိ ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။ ပြည်သူနှင့်လက်နက်ကိုင်မခွဲခြားပဲမမျှတစွာ တိုက်ခိုက်နေသည့်အပြင် အချို့ကိုလည်း ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်ခံရခြင်းများလည်း ရှိပြီးပျောက်ဆုံးမှုများ၊ တရားဥပဒေမျက်ကွယ်သတ်ဖြတ်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂ မဟာမင်းကြီး မစ်ရှဲ ဘာချလေ မှ ဆိုသည်။ ဤပဋိပက္ခများကြောင့် ချင်းပြည်နယ်ရှိ ရွာပေါင်း ၂ဝဝ နှင့် အထက်တွင် အစားအသောက် မလုံလောက်မှုများကြီးစွာ ဖြစ်ပေါ်လျက်ရှိသည်။

စက်တင်ဘာလတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့၌ ကလေးငယ် နှစ်ဦးမှာ အရပ်ဖက်၊စစ်ဖက်မခွဲခြားပဲ ပစ်ခတ်သည့်လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည်။  ကလေးသူငယ်အခွင့်အရေး ချိုးဖောက်မှုများ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး အထူးတာဝန်အဖွဲ့ (CTFMR) ၏ အတည်ပြုထားသော အချက်အလက်များအရ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကြား၌ ကလေးငယ် ၄၃ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၁ဝ၃ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု တွေ့ရှိရသည်။ ဤအရေအတွက်မှာ ၂ဝ၁၈ နှစ် နှင့် ၂ဝ၁၉ ခုနှစ်တွင် တွေ့ရှိခဲ့ရသော စုစုပေါင်း သေဆုံးမှုထက် ပိုမိုများပြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေထိုင်နေကြသူများအနေဖြင့် ပဋိပက္ခများနှင့် ကြုံတွေ့နေရလျက်ရှိသည်။ NGO အဖွဲ့အစည်းအချို့၏ ပြောပြချက်အရ ဖေဖော်ဝါရီလ နှင့် ဩဂုတ်လကြားတွင် ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်ရှိ တိုက်ပွဲများကြောင့် ပြည်သူ ၄၈ ဦးခန့် အသက်ဆုံးရှုံးခဲ့ရသည် ဟု ဆိုသည်။ စက်တင်ဘာလတွင် မူဆယ်မြို့၌ မြန်မာစစ်တပ်နှင့် KIA ကချင်လွတ်မြောက်ရေးတပ်မတော်တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့်ဒေသတွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူများမှာအကြိမ်ကြိမ်အခါအခါထပ်မံရွှေ့ပြောင်းခဲ့ရသည်။အောက်တိုဘာလတွင်ရှမ်းပြည်နယ်တောင်ပိုင်း၌မြန်မာစစ်တပ်နှင့်SSAရှမ်းပြည်တပ်မတော် တို့ကြားတွင် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် လူပေါင်း ၄၅ဝဝ ခန့် ရွှေ့ပြောင်းခဲ့ကြရသည်။

ဤပြည်နယ်များတွင် အမျိုးသမီးနှင့် မိန်းကလေးများကိုလူကုန်ကူးခြင်းမှာလည်းမဖြေရှင်းနိုင်သေးသည့် အရေးကြီးပြဿနာတစ်ခုဖြစ်ပြီးပဋိပက္ခများနှင့်စီးပွားရေးအကြပ်အတည်းများကြောင့်၎င်းတို့ကိုတရုတ်ပြည်နယ်သို့လိမ်လည် ခေါ်ယူ၍ ‘သတို့သမီး’ များအဖြစ်ဥပဒေမဲ့စွာ ရောင်းချခံရလျက်ရှိသည်။ မြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၏ တင်ပြချက်အရ ဇန်နဝါရီလနှင့်စက်တင်ဘာလကြားတွင် ဒုက္ခခံရသူ၁၄ဝပါဝင်သောလူကုန်ကူးမှု၉၄မှုထဲမှ ၆၈မှုမှာ အလိုမတူဘဲ ထိမ်းမြားလက်ထပ်ရန်အတွက် တရုတ်ပြည်နယ်သို့ လူကုန်ကူးခံခဲ့ရခြင်းပင် ဖြစ်သည်။

သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ဤကဲ့သို့ အမှုအရေအတွက်ကို အများပြည်သူသိရှိအောင် ကြေညာသည်မှာ မှန်ကန်သောလုပ်ရပ်ဖြစ်သော်လည်း လက်တွေ့တွင် ဖြစ်ပျက်ခဲ့သော အမှုအရေအတွက်မှာ ကြေညာထားသည်ထက်ပိုများနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာအစိုးရအနေဖြင့် လူကုန်ကူးမှုကို တားဆီးခြင်း၊ ဒုက္ခသည်များကို ရှာဖွေစောင့်ရှောက်ခြင်း၊ အမှုကျူးလွန်သူများကို တရားစီရင်ခြင်း (သို့) လွတ်မြောက်လာသူများကို ကူညီထောက်ပံပေးခြင်း စသည်တို့ဆောင်ရွက်ရာတွင် ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးသောကြောင့်ပင် ဖြစ်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးပေးရေးဥပဒေ ကိုလည်း နိုင်ငံတကာစံချိန်စံညွှန်းနှင့်အမီ ပြဌာန်းနိုင်ခြင်းမရှိသေးသောကြောင့် ဝေဖန်ခံနေရပြီး ယခုလက်ရှိတွင် လွှတ်တော်တွင်းသဘောတူညီချက်ရရှိရန်စောင့်ဆိုင်းနေဆဲဖြစ်သည်။

တရားမျှတမှုမရှိသော အင်တာနက် ဖြတ်တောက်မှုများ

ရခိုင်နှင့် ချင်းပြည်နယ်ရှိ အင်တာနက်ပိတ်ဆို့မှုများကို အစိုးရမှ ကန့်သတ်ခဲ့သည်မှာ ၂ဝ၂ဝ ခုနှစ်တွင် ၂ နှစ်တာ ကြာရှိခဲ့ပြီဖြစ်သည်။ တိုက်ပွဲများ နှင့် နေရပ်စွန့်ခွာရမှုများ ပိုမိုမြင့်တက်နေသည့်အပြင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလျက်ရှိသောကြောင့် ပိုမိုကောင်းမွန်သော အများပြည်သူ ကျန်းမာရေးဆိုင်ရာ ဆက်သွယ်မှုများ လိုအပ်နေသော်လည်း မြန်မာ့တပ်မတော်အနေဖြင့် ထို ပိတ်ပင်ကန့်သတ်ချက်များကို လျှော့ချမည့်အစီအစဉ်မရှိ ဟု ကြေညာခဲ့သည်။ ၂ဝ၁၉ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မြန်မာအစိုးရ အနေဖြင့် ရခိုင်ပြည်နယ်ရှိ မြို့ ၈ မြို့ဖြစ်သော မြောက်ဦး၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ မောင်းတော၊ မင်းပြား၊ ကျောက်တော်မြို့တို့အပြင် ချင်းပြည်နယ်ရှိ ပလက်ဝမြို့တို့တွင် မိုဘိုင်းအင်တာနက်ကို ပိတ်ပင်စေခဲ့သည်။

ထိုအချိန်မှစ၍ အင်တာနက်ပိတ်ပင်ခံရသော ဒေသများတွင် နေထိုင်နေကြသော ပြည်သူများအနေဖြင့် ၎င်းတို့ကြုံတွေ့နေရသောအခြေအနေအခက်အခဲများ၊လိုအပ်သောအကူအညီများကိုတင်ပြရန်အတွက်သာမက အပြစ်မဲ့ပြည်သူများအပေါ် တိုက်ခိုက်မှုများ နှင့် တရားမမျှတသော ဖမ်းဆီးမှုများ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဘက်မှဖမ်းဆီးထားစဉ်အတွင်းနှိပ်စက်ညှင်းပန်းမှုများနှင့်သတ်ဖြတ်မှုများစသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ထုတ်ဖော်တင်ပြရန်အတွက်ပါ ခက်ခဲလျက်ရှိသည်။ ၂ဝ၂ဝခုနှစ်မေလ၂ရက်နေ့တွင် မောင်းတောမြို့၌ မိုဘိုင်းအင်တာနက် ပိတ်ပင်မှုများကို ရုတ်သိမ်းခဲ့သည်

ဆက်သွယ်ရေးဝန်ကြီးဌာန အနေဖြင့် အင်တာနက်ကန့်သတ်ပိတ်ပင်မှုများကို ဩဂုတ်လ ၁ ရက်နေ့တွင် ရုတ်သိမ်းမည် ဟု ဇွန်လ၌ ကြေညာခဲ့သော်လည်း ဩဂုတ်လ အစပိုင်းမှသာ 2G ကွန်ယက်များကို ပြန်လည်အသုံးပြုနိုင်ခဲ့ပြီး 3G နှင့် 4G ဝန်ဆောင်မှုများကိုတော့ ပိတ်ပင်ထားဆဲဖြစ်သည်။ 2G အင်တာနက်အား အခြေခံဆက်သွယ်ရေးနှင့် ဝန်ဆောင်မှုများတွင် အသုံးပြုနိုင်သော်လည်း မြန်နှုန်းမှာမူ 3G ထက် အဆပေါင်းများစွာ နှေးကွေးပြီး Video Call များ၊ ဓာတ်ပုံ (သို့) ဗီဒီယို ပါရှိသော ဝက်ဘ်ဆိုဒ်စာမျက်နှာများကို မကြည့်ရှုနိုင်ပါ။

အလုပ်သမားအခွင့်အရေး

၂ဝ၂ဝ ခုနှစ်တွင် ရန်ကုန်မြို့ရှိစက်မှုဇုန်များတွင်အလုပ်လုပ်ကိုင်နေကြသောအလုပ်သမားများ၏ဆန္ဒပြပွဲ၊ သပိတ်မှောက်ပွဲများမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ကိုဗစ်ကာလတွင် စက်မှုဇုန်များအတွင်း ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများမှာပိုမိုပြင်းထန်လာခဲ့သည့်အပြင်အလုပ်သမားများအနေဖြင့်အဖွဲ့လိုက် အလုပ်ထုတ်ခံရခြင်း၊၎င်းတို့၏အလုပ်ရှင်များမှသမဂ္ဂအားဖြိုခွဲရန်ကြိုးပမ်းခြင်းတို့နှင့်ကြုံတွေ့နေရသည်။

မြန်မာနိုင်ငံ၌ ပြဌာန်းထားသော အလုပ်သမားဥပဒေများနှင့် ပြသနာဖြေရှင်းသည့်စနစ်များက

အလုပ်သမားအခွင့်အရေးကို အပြည့်အဝ ကာကွယ်ထားနိုင်ခြင်းမရှိပါ။ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ အတူတကွ ပူးပေါင်း၍ ညှိုနှိုင်းခွင့် နှင့် အခြား အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်မှုများမှာ နေရာအနှံ့ဖြစ်ပွားလျက်ရှိသည်။ အလုပ်ရှင်များဘက်မှ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို ပြင်းထန်စွာ ဖိနှိပ်ထားခြင်းတို့အပါအဝင် အစိုးရဘက်မှ တရားဥပဒေစိုးမိုးရေး နှင့် အလုပ်ခွင် စောင့်ကြည့်စစ်ဆေးရေးတို့တွင် အားနည်းခြင်း၊ အလုပ်အတွက် လုံခြုံမှုအာမခံမရှိခြင်းတို့ကြောင့် အလုပ်သမားများအနေဖြင့် ခေါင်းပုံဖြတ် ထိန်းချုပ်ခံနေရသည်။ ၂ဝ၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေ တွင် လက်ရှိ အသစ်ပြဌာန်းထားသော ပြင်ဆင်ချက်များအနေဖြင့် ဥပဒေလမ်းကြောင်းအရ ညှိနှိုင်းသဘောတူရာတွင်အထောက်အကူဖြစ်စေမည့်အဖွဲ့အစည်းလွတ်လပ်ခွင့် (သို့) အထောက်အပံ့များကို လုံခြုံစိတ်ချစွာ ရယူနိုင်ခြင်း မရှိပါ။

ကလေးအလုပ်သမား ပြဿနာများကိုလည်း အရေးတကြီး ဖြေရှင်းနိုင်ရန် လိုအပ်လျက်ရှိသည်။ သို့သော် အစိုးရအနေဖြင့် စက်မှုဇုန် ၂ဝ ခန့်တွင် လုပ်ကိုင်နေကြသော ကလေးအလုပ်သမားများအတွက် ဘေးအန္တရာယ်ရှိသော လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းစွာ သတ်မှတ်ထားခြင်းမရှိသေးသလို ထိုအခြေအနေများကို တားဆီးရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ကလေးသူငယ် အခွင့်အရေးဥပဒေအောက်တွင် တိကျသေချာစွာ ပြဌာန်းထားနိုင်ခြင်း မရှိသေးပါ။ မြန်မာအစိုးရအနေဖြင့် အလုပ်သမားဥပဒေ ကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း၏ အဓိက သဘောတူညီမှုများနှင့် ထပ်တူကျမှုရှိစေရန် သေချာစွာ လုပ်ကိုင်ဆောင်ရွက်သင့်သည်။

လိင်စိတ်ခံယူမှု နှင့် ဂျဲန်ဒါ ဝိသေသ

မြန်မာနိုင်ငံ၏ ရာဇဝတ်မှုအနေဖြင့် ‘ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု’ ပြုကျင့်ပါက ထောင်ဒဏ် ၁ဝ နှစ် နှင့် ဒဏ်ငွေ ချမှတ်နိုင်သည်။

နိုင်ငံတကာမှ အဓိက ဆောင်ရွက်သူများ

ရိုဟင်ဂျာများအပေါ်လူ့အခွင့်အရေးချိုးဖောက်၍ ကျူးလွန်ခဲ့သောရာဇဝတ်မှုများကို စစ်တပ်အရာရှိ အကြီးအကဲများအနေဖြင့် တာဝန်ခံမှုရှိစေရန် ထင်ရှားသောလုပ်ဆောင်ချက်များ ပြုလုပ်ခဲ့ကြသည်။ ၂ဝ၁၉ခုနှစ်တွင်လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာသဘောတူညီချက်ကိုချိုးဖောက်မှုဖြင့်နိုင်ငံတကာတရားရုံး (ICJ ) တွင်မြန်မာအစိုးရကို ဂမ်ဘီယာနိုင်ငံမှ တရားစွဲဆိုခဲ့သည်။ ၂ဝ၂ဝခုနှစ် ဇန်နဝါရီလတွင် မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်ခြင်းမှ ကာကွယ်တားဆီးရန် တရားရုံးမှ ကန့်ကွက်သူမရှိ အမိန့်ပေးအပ်ခဲ့သည်။ ဂမ်ဘီယာမှ တင်သွင်းလိုက်သောအမှုကိုဆက်လက်ကြားနာ ဆောင်ရွက်စေပြီးကျူးလွန်ခဲ့သောရက်စက်ကြမ်းကြုတ်မှုများ၏သက်သေများကိုထိန်းသိမ်းထားရန် လည်းအမိန့်ချမှတ်ခဲ့သည်။ မြန်မာနိုင်ငံဘက်မှ ပူးပေါင်းပါဝင်မှုများကို ပြင်ပသို့မပေါက်ကြားစေဘဲ ဂမ်ဘီယာနှင့် မြန်မာနိုင်ငံမှ ပုံမှန် တင်ပြရန် နိုင်ငံတကာတရားရုံးမှ အမိန့်ချမှတ်ခဲ့သည်။

၂ဝ၁၇ခုနှစ်တွင်ရိုဟင်ဂျာများအပေါ် အစုလိုက်အပြုံလိုက် လူသတ်မှုများ၊ မုဒိမ်းမှုများနှင့် အခြား ရာဇဝတ်မှုများ ကျူးလွန်ခဲ့ပါသည်ဟု၀န်ခံထားသည့်မြန်မာ့တပ်မတော် မှ စစ်သားနှစ်ဦးသည် အဆိုပါ လူမဆန်သည့် ရာဇဝတ်မှုများ အား စုံးစမ်းစစ်ဆေးနေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ၏ အမှုနှင့် စပ်လျင်း၍ The Hauge မြို့တွင် လာရောက်မည်ဟုသတင်းထုတ်ပြန်ထားသည်။ ထိုရာဇဝတ်မှုများထဲမှအနည်းဆုံးတစ်ခုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံတွင်းမှ နှင်ထုတ်ခြင်း နှင့် အခြား လူသားမဆန်သည့် လုပ်ရပ်များလည်းအပါအဝင် ဖြစ်သည်။

နယ်စပ်ကိစ္စများအပါအဝင်ရိုဟင်ဂျာဒုက္ခသည်များအားပြန်လည်ပို့ဆောင်ရာတွင်လုံခြုံစွာပို့ဆောင်နိုင်ရန် မြန်မာနိုင်ငံဘက်မှ ထောက်ပံ့နိုင်ခြင်းမရှိသောကြောင့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြားတွင် ဆက်ဆံ ရေးများ ပိုမိုတင်းမာလျက်ရှိသည်။ နယ်စပ်တွင် မြန်မာတပ်ဖွဲ့များ ရုတ်တရက် တိုးမြှင့်ခြင်း နှင့်ပတ်သက်၍ စက်တင်ဘာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာသံအမတ်အား ဆင့်ခေါ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဘက်မှလည်းကော့ဘဇားမြို့နယ်စပ်နားတွင်၎င်းတို့၏တပ်ဖွဲ့များကိုတန်ပြန်တိုးမြှင့်ခဲ့ သည်။

စက်တင်ဘာလတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးပြုလုပ်ပြီးနောက် ကောင်စီအဖွဲ့ဝင် ၉ နိုင်ငံမှ မြန်မာအစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များအား ပြန်လည်ပို့ဆောင်ရာတွင် လုံခြုံသော၊ အလိုတူသော၊ ရေရှည်တည်တံ့သော၊ ဂုဏ်သရေမညှိုးနွမ်းစေသော ပို့ဆောင်ရေးဖြစ်စေရန် ဖန်တီးပေးရမည် ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရိုဟင်ဂျာလူမျိုးများအပေါ်ကျူးလွန်ခဲ့သောမြန်မာအစိုးရ၏ရာဇဝတ်မှုများကြောင့်ဥရောပသမဂ္ဂအနေ ဖြင့်လက်နက်ခဲယမ်းမှအပ (Everything But Arms) စာရင်းတွင် မြန်မာနိုင်ငံကို ဖယ်ရှားရန်သင့်၊ မသင့် ဆုံးဖြတ်ရာ၌ ၆ လ ကြာ ပြန်လည်ဆန်းစစ်ခြင်းလုပ်ငန်းစဉ် ဖြင့် ဆောင်ရွက်ရန် စဉ်းစားခဲ့သော်လည်း ဥရောပသမဂ္ဂ လူ့အခွင့်အရေး စောင့်ကြည့်ရေး လုပ်ငန်းဆောင်တာများမှာ ကိုဗစ်-၁၉ အခြေအနေ ကြောင့်နှောင့်နှေးခဲ့သည်။

စက်တင်ဘာလတွင် လူ့အခွင့်အရေးကောင်စီ၌ အစ္စလာမ်နိုင်ငံများ၏အဖွဲ့ နှင့် ဥရောပသမဂ္ဂ တို့မှ မြန်မာနိုင်ငံအနေဖြင့် တာဝန်ယူရာတွင် သေချာမှုရှိစေရန်၊ လူမျိုးတုန်းသတ်ဖြတ်မှုများကို တားဆီး ကာကွယ်ခြင်းနှင့်ပတ်သက်၍နိုင်ငံတကာတရားရုံးမှအမိန့်ချမှတ်ခဲ့သည်များကိုလိုက်နာဆောင်ရွက်ရန်၊ကုလသမဂ္ဂအဖွဲ့များနှင့်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများအားလုံခြုံစိတ်ချရသောရပိုင်ခွင့်ပေး ရန် နှင့် လူ့အခွင့်အရေးယန္တရားများကို လက်ခံကျင့်သုံးရန် လှုံ့ဆော်ခဲ့ကြသည်။

ကိုဗစ် - ၁၉

ကိုဗစ်-၁၉ ရောဂါ မပျံ့ပွားစေရန်အတွက် သတ်မှတ်ထားသော ပြဌာန်းချက်များကြောင့် လူသားချင်း စာနာထောက်ပံ့သော အဖွဲ့အစည်းများအနေဖြင့် ချင်း၊ ကချင်၊ ကရင်၊ ရခိုင် နှင့် ရှမ်းပြည်နယ်တို့၌ နေရပ်စွန့်ခွာရသူများနှင့် အခြားသော အကူအညီလိုအပ်နေသူများအတွက် အကူအညီပေးရာတွင် နှောင့်နှေးမှုများ ရှိနေပါသည်။ မြန်မာအစိုးအရအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကို ကာကွယ်နိုင်ရန်အတွက် ကန့်သတ်ချက်များ ထားရှိသင့်သော်လည်း လူသားချင်းစာနာထောက်ပံ့သော လုပ်ငန်းစဉ်များအားဆောင်ရွက်နေသည့် ကမ္ဘာ့ကုလမဂ္ဂအပါအဝင်အခြားကူညီထောက်ပံ့မှုများပေး နေသောအဖွဲ့အစည်းများအတွက်အဟန့်အတားတစ်ခုဖြစ်မနေသင့်ပါ။ဒုက္ခသည်များအကူအညီပေးရေးလူမှုရေးအဖွဲ့အစည်း-ဒိန်းမတ်၏ထုတ်ပြန်ချက်အရအထောက်အပံ့များမှာ အဆင်သင့်ဖြစ်နေသော် လည်း နိုင်ငံအတွင်းသတ်မှတ်ထားသော ညမထွက်ရအမိန့်ကြောင့် အမှန်တကယ်လိုအပ်နေသော ပြည်သူလူထု အတွက် ထိရောက်စွာ သွားရောက် ကူညီပံ့ပိုးပေးနိုင်ခြင်းမရှိ ဟု တင်ပြထားသည်။

စက်တင်ဘာလ ၂၂ရက် နှင့်အောက်တိုဘာလ ၂ရက်နေ့ ကြား၌ ရခိုင်ပြည်နယ်တွင် အသက်ကယ် အထောက်အကူပစ္စည်းများ ဖြန့်ချိရန် ကုလသမဂ္ဂအဖွဲ့ (၆) ဖွဲ့ နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (၆) ဖွဲ့သာခရီးသွားလာခွင့် ခွင့်ပြုချက်ရရှိခဲ့သည်။ နိုင်ငံအတွင်းရှိ အခြားဒေသများတွင် ဩဂုတ်လမှစတင်၍ နေ့စဉ် ကိုဗစ်-၁၉ တွေ့ရှိမှု နှင့် သေဆုံးမှုနှုန်းများမှာ မြန်ဆန်စွာ မြင့်တက်လာခဲ့သည်။

ကိုဗစ်-၁၉ ရောဂါများ ဖြစ်ပွားနေစဥ်ကာလအတွင်း အကျဉ်းသားပေါင်း ၂ သောင်းကျော်ကို နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ဤသည်မှာ ဆယ်စုနှစ်အတွင်း လူဦးရေအများဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းပင် ဖြစ်သော်လည်း နိုင်ငံရေးအကျဉ်းသားများ မပါဝင်ခဲ့ပေ။ အကျဉ်းထောင်ထဲ၌ အမှုကြားနာရန်အတွက် စောင့်ဆိုင်းနေရသော နိုင်ငံရေး အကျဉ်းသား ပေါင်း ၁၈ဝ ရှိပြီးထိုထဲမှ၃၂ဦးမှာအကျဉ်းချမှတ်ခံခဲ့ရသည်ဟုစက်တင်ဘာလတွင်နိုင်ငံရေးအကျဉ်း သားများ ကူညီစောင့်ရှောက်ရေးအသင်း မှ ခန့်မှန်းခဲ့သည်။

သတင်းထောက် နှင့် သတင်းစာတိုက်များကို ကိုဗစ်-၁၉ ကပ်ဘေးဆိုက်ချိန်တွင် မဖြစ်မနေလိုအပ်သော ဝန်ထမ်းများ (သို့) ဝန်ဆောင်မှုများအဖြစ် အစိုးရမှ သတ်မှတ်ထားခြင်းမရှိပေ။ မီဒီယာပိုင်းမှ ပညာရှင်၊ ဝန်ထမ်းများ အနေဖြင့် အိမ်ပြင်သို့ထွက်၍ အလုပ်လုပ်ပိုင်ခွင့်ကိုလည်း အစိုးရမှ ကန့်သတ်ခဲ့သည်။ သတင်းစာနှင့် မဂ္ဂဇင်းများအနေဖြင့်လည်း ပုံနှိပ်ထုတ်ဝေခြင်း ကို မဖြစ်မနေ ရပ်နားခဲ့ရသောကြောင့် နိုင်ငံအနှံ့ ကျန်းမာရေး ကပ်ဘေးဆိုက်နေချိန်တွင် စီးဆင်းရန် လိုအပ်နေသောသတင်းအချက်အလက် များကို ကန့်သတ်စေကာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကိုလည်း တားဆီးလျက်ရှိသည်။

၂ဝ၂ဝ ခုနှစ် ဧပြီလ၊ ကိုဗစ်ကာလအတွင်းတွင် ညမထွက်ရအမိန့်ကို ဖောက်ဖျက်ခဲ့သောကြောင့် မန္တလေး ရဲတပ်ဖွဲ့ဝင်များမှ လူတစ်ဦးအား ရိုက်နှက်နေသော ဗီဒီယိုတစ်ခု ပေါ်ထွက်လာခဲ့သည်။ နိုင်ငံရေး ဆန္ဒပြသူများနှင့် အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ ကိုလည်း ကိုဗစ်ကာလ တားမြစ်ချက်များအား ဖောက်ဖျက်မှု နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ အပါအဝင် အခြားဥပဒေမျိုးစုံဖြင့် အရေးယူဖမ်းဆီးခဲ့ကြသည်။ အိမ်ပြင်မထွက်ရအမိန့်ကို ဖောက်ဖျက်သူများအား အထူးသဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြစ်ဒဏ်ပေး၍ အကျဉ်းထောင်ထဲထည့်သည်မှာ ကြမ်းတမ်းသောလုပ်ရပ် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူဦးရေထူထပ်ပြီး သန့်ရှင်းမှုမရှိသော အကျဉ်းထောင် အခြေအနေများ ကြောင့် ရောဂါမှာ ပိုမိုပျံ့ပွားနိုင်သောကြောင့် ဖြစ်သည်။

ဂျပန်က အဖျော်ယမကာ ကုမ္ပဏီကြီး အနေဖြင့် စုံစမ်းစစ်ဆေး အစီရင်ခံစာထုတ်သင့်ကြောင်း။

(တိုကျို) – ဂျပန်နိုင်ငံ အခြေစိုက် ကီရင်ကုမ္ပဏီအုပ်စုအနေဖြင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် (MEHL) နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာထုတ်ပြန်သင့်ပြီး ၎င်းတို့နှင့် အလျင်အမြန် အဆက်အသွယ်ဖြတ်သင့်ကြောင်း ယနေ့တွင် Human Rights Watch မှ ပြောကြားခဲ့သည်။ Deloitte Tohmatsu ငွေကြေးဆိုင်ရာအကြံပေးအဖွဲ့၏ စုံစမ်းစစ်ဆေးချက် အနှစ်ချုပ်ကို ဇန်နဝါရီ ၇ ရက်၊ ၂ဝ၂၁ ခုနှစ်တွင် ကီရင်ကုမ္ပဏီက ထုတ်ပြန်ကြေငြာခဲ့သော်လည်း အစီရင်ခံစာတစ်စောင်လုံးကိုမူ လျှို့ဝှက်ထားခဲ့ပြီး ထုတ်ပြန်ရန် ငြင်းဆန်ခဲ့သည်။

စခန်း ‘ပိတ်သိမ်းမှုများ’ ကြောင့် အကန့်အသတ်မရှိ အကျဉ်းကျနေခြင်း၊ ဖိစီးနှိပ်စက်ခံရခြင်း

(ဘန်ကောက်၊ အောက်တိုဘာလ ၈ ရက်၊ ၂ဝ၂ဝ ခုနှစ်) မြန်မာအစိုးအရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ နေထိုင်မှုအဆင့်အတန်း အလွန်နိမ့်ကျသော၊ ဖိစီးနှိပ်စက်မှုများရှိသော စခန်းများတွင် ရိုဟင်ဂျာ မွတ်စလင် ၁၃ဝ,ဝဝဝ ခန့်အား အချိန်အကန့်အသတ်မရှိ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အလျင်မြန်ဆုံး ရပ်တန့်သင့်သည်” ဟု ယနေ့ ထုတ်ပြန်လိုက်သော Human Rights Watch ၏ .

စစ်တပ်ထိန်းချုပ်အဖွဲ့အစည်းအားလုံးသို့ အကူအညီပေးအပ်ခြင်း ရပ်ဆိုင်းပါ

(တိုကျို၊ ဇူလိုင် ၂၃၊ ၂၀၂၀) – မော်တော်ယာဉ်များနှင့်ဆက်သွယ်ရေးပစ္စည်းများ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ငွေကြေးလှုဒါန်းမည့် အစီအစဉ်ကိုဂျပန်အစိုးရအနေဖြင့် ချက်ခြင်းဖျက်သိမ်း သင့်ကြောင်း Human Rights Watch မှ ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိမနေဘဲ စစ်တပ်ရဲ့ ထိန်းချုပ်ထောက်ပံ့မှုနဲ့ လည်ပတ်နေတာ ဖြစ်ပြီး ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေ ခိုင်ခိုင်လုံလုံ ရှိနေတာ ဖြစ်ပါတယ်။