၂၀၁၈ မေလ ၁၂ ရက် ရန်ကုန်မြို့ စစ်ဆန့်ကျင်ရေးကန့်ကွက်ဆန္ဒပြမှုတစ်ခုအတွင်း ရဲများ၏ထိန်းသိမ်းမှုခံရပြီးနောက် ဆန္ဒပြသူတစ်ဦး အကျဉ်းထောင်ကားတစ်စင်းအတွင်းမှ အော်နေပုံ။

© 2018 Sai Aung Main/AFP/Getty Images

(ရန်ကုန်၊ ဖေဖော်ဝါရီ ၁၊ ၂၀၁၉) - ဆယ်စုနှစ်များစွာအတွင်း မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်သူ့ဆန္ဒနှင့် အညီ ရွေးကောက်တင်မြှောက်ခံ အစိုးရသည် အခြေခံလူ့အခွင့်အရေးများကို လျစ်လျူပြုလျက် ၎င်းကို ငြိမ်းချမ်းစွာ ဝေဖန်သူအမြောက်အမြားတို့အား တရားစွဲကာ ထောင်ချခဲ့သည်ဟု ယနေ့ ထုတ်ပြန်လိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (HRW) ၏ အစီရင်ခံစာတွင် ဆိုထားသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ ဆန္ဒထုတ်ဖော်ခွင့်၊ စုဝေးခွင့်တို့ကို ကာကွယ်ပေးပြီးလျှင် ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခြင်းကို အပြစ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေများကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီဖြစ်အောင် ပြုပြင်ပြောင်းလဲစေဖို့ မြန်မာအစိုးရအပေါ် ကျန်နိုင်ငံများက ဝိုင်းဝန်းတိုက်တွန်းဖိအားပေးသင့်သည်ဟုလည်း ရေးသားထားသည်။

တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ သာမန် အရပ်သားပြည်သူများအပေါ် အရေးယူရာတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဘောင်ကျယ်ပြီး အဓိပ္ပာယ်ထွေပြားအောင်ရေးသားထားသည့် ဥပဒေများ အသုံးချ နေပုံ အကြောင်းကို “Dashed Hopes: The Criminalization of Peaceful Expression in Myanmar (အရှိုက်ထိ မျှော်လင့်ချက်များ - မြန်မာနိုင်ငံ၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခြင်းကို ပြစ်မှုတပ်ခြင်း)” ဟု အမည်ပေး ထားသည့် ၈၇ မျက်နှာပါ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။ မီဒီယာထက်တွင် ယခင်ကနှင့်ယှဉ်လျှင် လွတ်လွတ်လပ်လပ် ပြောဆိုဆွေးနွေး၍ရသည့် အကြောင်းအရာများ ပိုမိုပေါများလာသော်လည်း အစိုးရ၊ စစ်တပ်နှင့် ၎င်း၏အရာရှိများအပေါ် ဝေဖန်မှုများသာမက ကချင်နှင့်ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားသည့် အခွင့်အရေးချိုးဖောက်မှုများအကြောင်း ပြောဆိုရေးသားသူများမှာ ဖမ်းဆီးတရားစွဲဆိုခံရမှု အကြိမ်အရေ အတွက် များများ ဖြစ်ပေါ်လျက်ရှိသည်။

“မြန်မာနိုင်ငံမှာ အစိုးရသစ် လက်ထက် သတင်းမီဒီယာအခွင့်အရေး ချိုးဖောက်ပိတ်ပင်မှုတွေဟာ တကယ်ကိုပဲ စိတ်ပျက်စရာ ကောင်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ပြောင်းလဲချိန်တန်ပြီလို့ ကတိပြုခဲ့ကြပေမယ့်လည်း ငြိမ်းချမ်းစွာပြောဆိုမှုတွေ၊ ဆန္ဒထုတ်ဖော်မှုတွေကို ဒီ အစိုးရလက်မှာ ဆက်လက် တရားစွဲဆိုနေဆဲဖြစ်ပြီး ပြည်သူကိုဖိနှိပ်တဲ့ ဥပဒေဟောင်းကြီးတွေကို ပြင်ဆင်ဖို့ အတွက်လည်း ပျက်ကွက်ခဲ့ပါတယ်” ဟု HRW ၏ အာရှဆိုင်ရာ ဥပဒေအကြံပေး လည်းဖြစ်၊ ယခု အစီရင်ခံစာကို ရေးသားသူလည်းဖြစ်သည့် လင်ဒါ လက္ခဒီရာ (Linda Lakhdhir) က ပြောသည်။

အဆိုပါ အစီရင်ခံစာကို မြန်မာနိုင်ငံပြည်တွင်းမှာပင် ပြုလုပ်ခဲ့သည့် အင်တာဗျူးများ၊ ၂၀၁၆ ခုနှစ် နောက်ပိုင်း ဥပဒေနှင့်မူဝါဒရေးရာ အပြောင်းအလဲဆန်းစစ်ချက်တို့အပေါ် အခြေပြုကာ ပြုစုခဲ့ခြင်း ဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာ့ရာဇသတ်ကြီး စသည့် ဥပဒေတို့ကို ကိုင်တွယ်သုံးစွဲမှုများကို လေ့လာထားသည်။ ငြိမ်းချမ်းစွာ ပြောဆိုခြင်းနှင့် စုဝေးခြင်းတို့ အပေါ် ပြစ်မှုဥပဒေများသုံးပြီး တရားစွဲခြင်းကို အစိုးရအနေဖြင့် ရပ်တန့်သင့်ပြီးလျှင် ထုတ်ဖော်ခွင့်၊ စုဝေးခွင့်၊ မီဒီယာလွတ်လပ်ခွင့်တို့ကို ပိုမိုကာကွယ်ပေးနိုင်စေရန်အတွက်လည်း ဥပဒေရေးရာ ပြုပြင်ပြောင်းလဲသင့်သည် ဟု HRW က ဆိုထားသည်။

အစိုးရသစ်လက်ထက်တွင် ဆယ်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို အသုံးပြုမှု မြင့်တက်လာခဲ့သည်။ အဆိုပါ ဥပဒေအပြင် ပြစ်မှုမြောက်သည့်အသရေဖျက်မှုပုဒ်မများကို မကြာခဏ အသုံးပြုပြီးလျှင် အစိုးရ သို့မဟုတ် တပ်မတော်ကို ဝေဖန်သည့် သို့မဟုတ် “စော်ကားပုတ်ခတ်” သည့်၊ သို့မဟုတ် ၎င်းတို့ကို အကြည်ညိုပျက်ချင် စရာဖြစ်အောင် တစ်နည်းတစ်ဖုံး ပြောဆိုရေးသားသည့် ပြည်သူများကို တရားစွဲခဲ့သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းမှာပင် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ သုံးဦးကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ကာ ထောင်ဒဏ် ချမှတ်ခဲ့သည်။ ၎င်းတို့သည် ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသည့် ပြည်သူများကို အကာအကွယ်ပေးရန် တိုက်တွန်းခဲ့ပြီးနောက် တပ်မတော်ကို အသရေဖျက် သည်ဟု ဆိုကာ တရားစွဲခံခဲ့ရခြင်း ဖြစ်သည်။ ဧပြီလတုန်းကလည်း စစ်ဆန့်ကျင်ရေး ပြဇာတ်တစ်ပုဒ်တွင် သံချပ်ရွတ်ဆိုသည့် အထက်တန်းကျောင်းသား ရှစ်ဦးတို့ကိုလည်း တပ်မတော်ကို အသရေဖျက်မှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုပြဇာတ်ကို အင်တာနက်ပေါ် တိုက်ရိုက်ထုတ်လွှင့်ခဲ့သူကိုလည်း ပုဒ်မ ၆၆(ဃ) အရအပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

“ဒီကောင်လေးတွေ စင်ပေါ်မှာ ရွတ်နေတဲ့ဟာတွေကို တပ်မတော်က မကြိုက်ဘူးလို့ ထင်တယ်။ စစ်ပွဲတွေ မရပ်ဘူးဆိုရင် စစ်သားတွေဟာ မုဒိမ်းကျင့်နိုင်နေမယ်လို့လည်း သူတို့ရွတ်တဲ့အထဲ ပါတယ်။ ဒါဟာ တပ်မတော် မကြိုက်တဲ့အပိုင်းပဲ” ဟု ထိုပြဇာတ်ကို တိုက်ရိုက်လွှင့်ခဲ့သည့် ထွန်းထွန်းဦးက HRW ကို ပြောသည်။

သတင်းသမားများသည်လည်း ဆက်သွယ်ရေးဥပဒေ၊ မတရားအသင်းအက်ဥပဒေ၊ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ၊ သတင်းမီဒီယာဥပဒေအသစ်၊ ၁၉၃၄ ခုနှစ် လေယာဉ်အက်ဥပဒေတို့အရ ဖမ်းဆီးခံခဲ့ရသည်။ ကမ္ဘာတစ်ဝန်းလုံး၏ အာရုံစူးစိုက်မှု ရခဲ့သည့်ဖြစ်ရပ်တစ်ခုတွင် ‘ရိုက်တာ/Reuters’ သတင်းထောက်နှစ်ဦး ဖြစ်သည့် ဝလုံးနှင့်ကျော်စိုးဦးတို့သည် ရခိုင်ပြည်နယ် အင်းဒင်ရွာ၌ ရိုဟင်ဂျာအမျိုးသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရသည့် အမှုကို စုံစမ်းဖော်ထုတ်ခဲ့ပြီးနောက် ထိုသတင်းယူသည့်အပေါ် လက်တုံ့ပြန်သည်ဟု ယူဆရသောအားဖြင့် ၎င်းတို့ နှစ်ဦးကို ကိုလိုနီခေတ်ဥပဒေ ဖြစ်သည့် အစိုးရလျှို့ဝှက်ချက်များအက်အရ တရားစွဲကာ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ သတင်းသမားများသည် ပဋိပက္ခဖြစ်နေသည့် နယ်မြေများသို့ ဝင်ရောက်ခွင့်မရသလို အစိုးရ မူဝါဒများနှင့် အစီအစဉ်များနှင့် ပတ်သက်သည့် အချက်အလက်များကို တောင်းတိုင်းလည်း ငြင်းပယ်ခံခဲ့ရ သည်။

ဖမ်းဆီးတရားစွဲဆိုအပြစ်ပေးမှု အများအပြားကြောင့် မြန်မာနိုင်ငံတွင်းရှိ သတင်းသမားများ၏ လွတ်လပ်စွာ သတင်းရယူတင်ဆက်လိုမှုအပေါ် ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်ဟု HRW က ဆိုသည်။

စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နိုင်ငံတစ်ဝန်း ဆက်တိုက်ပေါ်ပေါက်လာပြီးနောက်တွင် စုဝေးချီတက်ပွဲများကို ဦးဆောင်သူ သို့မဟုတ် ပါဝင်ဆင်နွှဲသူများအပေါ် တရားစွဲဆိုမှုများ မြင့်တက်သွားခဲ့သည်။ ဆန္ဒပြသူ ၄၅ ဦး ကျော် အဖမ်းခံခဲ့ရပြီး အများစုကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲခဲ့သည်။

“အောင်ဆန်းစုကြည်ရဲ့ အစိုးရအနေနဲ့ စစ်အာဏာရှင်အစိုးရအသုံးပြုခဲ့တဲ့ ဖိနှိပ်တဲ့လက်နက်တွေကို ဖျက်သိမ်းဖို့ အခွင့်အရေးအစစ်အမှန်တစ်ခု ရခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ဒါတွေကို မစွန့်ပယ်ဘဲ ဒါတွေကို သုံးပြီး ငြိမ်းချမ်းစွာဝေဖန်တဲ့သူတွေ၊ ဆန္ဒပြတဲ့သူတွေကို ပြန်ပြီးသုံးခဲ့ပါတယ်။ ခုနေ ဒီလုပ်ထုံးလုပ်နည်းကို ပြန်စွန့်ပြီး ပြောရေးဆိုခွင့်နဲ့ စုဝေးခွင့်တွေကို အပြည့်အဝ အကာအကွယ် ပေးမယ်ဆိုရင် သိပ်နောက်မကျ သေးပါဘူး” ဟု လက္ခဒီရာက ပြောသည်။