၂၀၀၄ ခုနှစ်တွင် ကုမ္ပဏီတစ်ခုက ၎င်းထံမှယူလိုက်သည်ဟုဆိုသော မြေ ၃၅ ဧက၏ တစ်စိတ်တစ်ပိုင်းပေါ်တွင် ဧရာဝတီ တိုင်းဒေသကြီးမှ အသက် ၆၁ နှစ်အရွယ်ဦးလဝင်း ထိုင်နေပုံ။ ၎င်းမြေသိမ်းပိုက်ခံရသည့်အတွက် ထိခိုက်ပုံကို မေးသည့်အခါ၊ “ကျွန်တော့် ဘဝရဲ့နေရာတိုင်းမှာ အတော်ကြီးကိုဒုက္ခခံလိုက်ရတယ်။” ဟုပြောပါသည်။ လယ်မလုပ်နိုင်သဖြင့် အလုပ်ကြမ်းသမားအဖြစ် စတင် လုပ်ကိုင်ကာ ကျူထရံရက်၍ တစ်ခါတစ်ရံ ငါးမျှားခဲ့ပါသည်။ ယခု သူ၏တစ်နေ့ဝင်ငွေမှာ ကျပ် ၄၅၀၀ (အမေရိကန်ဒေါ်လာ ၃.၂၀) ထက် မပိုဟုပြောပါသည်။ © ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အတွက် ပက်ထရစ်ဘရောင်း

© 2017 Patrick Brown for Human Rights Watch
(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်၊ ရန်ကုန်) – အတိတ်က တရားမဝင်မြေယာသိမ်းဆည်းမှုများအတွက် မြန်မာနိုင်ငံအစိုးရ အနေဖြင့် နစ်နာမှုလျော်ကြေးချက်ချင်းပေးသင့်၍ နောင်တွင် မြေယာသိမ်းဆည်းမှုများမဖြစ်ရန် လယ်သမားများနှင့် အခြား အသေးစားမြေပိုင်ရှင်များ၏ရပိုင်ခွင့်များကို ကာကွယ်သည့်ဥပဒေများကိုလည်း အစိုးရမှပြဋ္ဌာန်းသင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ယနေ့ထုတ်ပြန်သည့်   အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားပါသည်။

လွန်ခဲ့သည့် အနှစ် ၃၀ အတွင်း၊ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အရာရှိများသည် လယ်သမားများထံမှ ကျယ်ပြန့်သော မြေယာမြောက်များစွာကို သိမ်းပိုက်ခဲ့သော်လည်း လုံလောက်သည့်လျော်ကြေး မပေးသဖြင့် ၎င်းတို့အနေဖြင့် လုပ်ကိုင်စားသောက်နိုင်ခြင်းမရှိတော့ဘဲ အခြေခံဝန်ဆောင်မှုများရယူနိုင်မှုလည်း နည်းပါးသွားပါသည်။ နစ်နာမှုအတွက် လျော်ကြေးမပေးခြင်း၊ ၎င်းတို့ထံမှယူလိုက်သည့် မြေယာများပေါ်မှထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများကိုရပ်တန့်ရန် ငြင်းဆိုမှုအပေါ် ဆန့်ကျင်ဆန္ဒပြသည့်အတွက် လယ်သမားအမြောက်အများမှာ ပြစ်မှုဆိုင်ရာတရားစွဲဆိုခြင်းခံခဲ့ရပါသည်။  

“မြန်မာနိုင်ငံတစ်ဝှမ်း မြေယာသိမ်းဆည်းမှုတွေကြောင့် ကျေးလက်လူမှုအသိုင်းအဝိုင်းတွေအပေါ် အကြီးအကျယ်ထိခိုက်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။” “ဒေါ်အောင်ဆန်းစုကြည်ရဲ့အစိုးရက တရားမဝင် မြေယာသိမ်းဆည်းမှုတွေကို ချက်ချင်းကိုင်တွယ်၊ နစ်နာသူတွေကို လျော်ကြေးပေးပြီး နောင်မှာ ပြည်သူတွေ ချိုးဖောက်မှုတွေမခံရအောင် ကာကွယ်ဖို့ အတွက် ဥပဒေတွေကို ပြုပြင်ပြောင်းလဲရပါမယ်။” ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်စင် မှ ပြောကြားခဲ့ပါသည်။

Myanmar: Decades of Land Confiscations

The government of Myanmar should promptly provide redress for historic land confiscations. The government should also enact laws and regulations that will safeguard the rights of landholders and guard against future illegal confiscations of land. 


စာမျက်နှာ ၃၃ မျက်နှာရှိသည့် ("ကျွန်ုပ်တို့၏မြေယာအတွက် မည်သည့်အရာမျှမရ- မြန်မာနိုင်ငံရှိ လယ်သမားများအပေါ် မြေယာသိမ်းဆည်းမှု၏ ထိခိုက်မှုများ") “Nothing for Our Land’: Impacts of Land Confiscation on Farmers in Myanmar” အစီရင်ခံစာတွင် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီနှင့်ရန်ကုန်တိုင်းဒေသကြီးတို့ရှိ လယ်သမားများအပေါ် မြေယာသိမ်းဆည်းမှုများ၏ ကြီးစွာသောထိခိုက်မှုများကို မှတ်တမ်းတင်ထားပါသည်။ လယ်သမားများမှ ၎င်းတို့၏စားဝတ်နေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးနှင့် ကလေးများ၏ပညာရေးတို့ ဆုံးရှုံးသွားပုံ၊ နစ်နာမှုအတွက်လျော်ကြေးတောင်းဆိုရန် ကြိုးပမ်းပုံနှင့် ဤကြိုးပမ်းမှုအတွက် မကြာခဏ ဖမ်းဆီးခံရပုံတို့ကို ဖော်ပြထားပါသည်။    
ဤအစီရင်ခံစာအတွက်သုတေသနပြုလုပ်ရာတွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့သည် မြန်မာနိုင်ငံရှိလယ်သမား ၃၉ ဦးအပြင် မြေယာနှင့်ပတ်သက်၍ကျွမ်းကျင်သူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများတို့နှင့် ပြောဆိုဆွေးနွေးခဲ့ပါသည်။

ဖိနှိပ်သည့်စစ်အစိုးရများလက်အောက်တွင် မြန်မာနိုင်ငံကျေးလက်ဒေသရှိပြည်သူများ မြေယာသိမ်းဆည်းမှုဒုက္ခခံရသည်မှာ ကြာမြင့်ပြီဖြစ်ပါသည်။ ၁၉၉၀ ခုနှစ်များအစောပိုင်းကတည်းက အစိုးရသည် ဧကသိန်းပေါင်းများစွာကို သိမ်းယူခဲ့ကြောင်း တရားဝင်ကိန်းဂဏန်းများမှ အတည်ပြုထားသော်လည်း၊ တက်ကြွလှုပ်ရှားသူများကမူ ဧကသန်းပေါင်းများစွာ သိမ်းဆည်းခံရသည်ဟု ယူဆပါသည်။ တပ်မတော်အစိုးရမှ မြေယာသိမ်းဆည်းသည့်အခါ အသိပေးမှုနည်းပါးခြင်း၊ အသိပေးမှုမပြုခြင်းနှင့် လျော်ကြေးအလုံအလောက်မပေးခြင်းတို့ ဖြစ်လေ့ရှိ၍ သိမ်းဆည်းခံရသူများအပေါ် ကြီးမားသည့် ထိခိုက်မှုများရှိပါသည်။

အစိုးရသည် ၎င်း၏မိသားစုထံမှ မြေယာ ၁၂ ဧက သိမ်းဆည်းစဉ်က လုံးဝကြိုတင်သတိပေးချက်မရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ အသက် ၆၁ နှစ်အရွယ်ရှိ ဦးသိန်းဝင်းက လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အား “ကျွန်တော်မသိခဲ့ဘူး။ သူတို့ ဒီလိုပဲယူလိုက်တာပဲ။” ဟု ပြောပါသည်။ ဤသို့သိမ်းပိုက်မှုအပေါ် မကျေနပ်ကြောင်း ပြောဆိုမှုအတွက် ထောင်ချခံရရန် ခြိမ်းခြောက်ခံရ၍ လျော်ကြေးလုံးဝမရရှိဘဲ ၎င်း၏သိမ်းပိုက်ခံလိုက်ရသော မြေပေါ်တွင် အစိုးရမှ ၎င်းအား ငါးကန် အဓမ္မတူးခိုင်းခဲ့ပါသည်။ “ကျွန်တော်တို့ ဘာမှမရဘူး။” “ကျွန်တော်တို့ လယ်တွေအတွက် တစ်ပြားမှကို မရခဲ့ဘူး။” ဟု ပြောပါသည်။

မြေယာများ ရုတ်တရက်သိမ်းဆီးလိုက်သည့်အခါ ၎င်းတို့၏စားဝတ်နေရေးအပေါ်ထိခိုက်ပုံကို လယ်သမားအများအပြားက ပြောပြခဲ့ပါသည်။ “ကျွန်တော်တို့က ဘာလုပ်ငန်းမှလည်းမရှိ၊ ဝင်ငွေရဖို့ ဘာအလုပ်မှလည်းမရှိတော့ ငတ်ကုန်ကြတာပေါ့။” ဟု ဧရာဝတီတိုင်းဒေသကြီးမှ အသက် ၆၁ နှစ်အရွယ် ဦးသိန်းဝင်းမှ ပြောခဲ့ပါသည်။  ၎င်း၏လယ်အသိမ်းခံရပြီးနောက် ၎င်း၏မိသားစုမှာ တစ်နေ့ထမင်းနှစ်နပ် ပုံမှန်စားနိုင်ရုံသာရှိခဲ့သည်ဟု ပြောပါသည်။

မြန်မာနိုင်ငံတစ်ဝှမ်း မြေယာသိမ်းဆည်းမှုတွေကြောင့် ကျေးလက်လူမှုအသိုင်းအဝိုင်းတွေအပေါ် အကြီးအကျယ်ထိခိုက်ခဲ့တာ ဆယ်စုနှစ်များစွာ ကြာခဲ့ပါပြီ။

Phil Robertson

Deputy Asia Director

မြေယာသိမ်းဆည်းမှုများကြောင့်ထိခိုက်မှုများသည် လယ်သမားတို့ဘဝ၏အခြားကဏ္ဍများသို့လည်း စိမ့်ဝင်သွားကာ ၎င်းတို့ ကျန်းမာရေးစောင့်ရှောက်ကုသမှုခံယူနိုင်စွမ်းနှင့် ၎င်းတို့၏ကလေးများအား ပညာသင်ကြားပေးနိုင်စွမ်းတို့ နည်းပါးသွားကာ ကလေးအများအပြားမှာ ကျောင်းမှမထွက်ချင်ဘဲ ထွက်ခဲ့ရ၍ အလုပ်လုပ်ခဲ့ရပါသည်။ မြန်မာနိုင်ငံရှိ မြေယာဆုံးရှုံးသွားသူ အမြောက်အများမှာ တစ်နေ့လျှင် မြန်မာကျပ်ထောင်ပေါင်းအနည်းငယ်သာ (အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာသာ) ရရှိသည့် အလုပ်ကြမ်းသမားများအဖြစ်လုပ်ကိုင်ခဲ့ရပါသည်။

စစ်အစိုးရအဖြစ်မှ အရပ်သားတစ်ပိုင်းဦးဆောင်သည့် အစိုးရအဖြစ်သို့ ၂၀၁၁ ခုနှစ်တွင် ကူးပြောင်းစဉ်ကတည်းက အာဏာပိုင်များသည် မြေယာသိမ်းဆည်းမှုပြဿနာကိုင်တွယ်ရေးကို ဆောင်ရွက်ခဲ့ပါသည်။ သမ္မတဟောင်းဦးသိန်းစိန်မှ လယ်ယာဥပဒေနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပြဋ္ဌာန်းချက်၊ အမျိုးသား မြေယာသုံးစွဲမှုမူဝါဒ ကျင့်သုံးခြင်းနှင့် မြေယာသိမ်းဆည်းမှုများကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ပါသည်။  သို့ရာတွင် ရွေးကောက်ခံရသည်မှာမကြာသေးသော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့်အစိုးရ အာဏာရသည့် ၂၀၁၆ ခုနှစ်တွင် သိမ်းဆည်းခံရသည့် ထောင်ပေါင်းများစွာသော မြေယာများအတွက် တောင်းဆိုမှုများအပေါ် ဖြေရှင်းမှုမရကြသေးပါ။ 

တကယ်တမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာစာတမ်း၏ အဓိကအခြေခံသဘောတရားတစ်ရပ်မှာ စစ်အစိုးရ လက်အောက်တွင် မြေယာအမြောက်အများသိမ်းဆည်းမှုများ၏ ထိခိုက်ပျက်စီးသည့်သက်ရောက်မှုများကို အဆုံးသပ်ရန် ဖြစ်၏။ အစိုးရသစ်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့နောက်တစ်ဖွဲ့ ဖွဲစည်း၍ အရေးပါသည့်ဥပဒေများကို ပြုပြင်ပြောင်းလဲကာ အရေးကြီးသည့်ခြေလှမ်းများ ဆောင်ရွက်ခဲ့ပါသည်။ သို့ရာတွင် အောင်မြင်မှုအနည်းငယ်မှလွဲ၍ လယ်သမား အမြောက်အများမှာ မည်သည့်ရလဒ်များမှ မတွေ့ရသေးပေ။

၎င်းတို့တောင်းဆိုမှုများပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ ဆွေးနွေးခဲ့သူလယ်သမားအများစုကပြောပါသည်။ ၎င်းတို့အများအပြားက အကျင့်ပျက်ခြစားမှုနှင့် လုပ်ကိုင်ရည်ညံ့ဖျင်းခြင်းတို့ကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ပျက်ကွက်ခြင်းအပေါ် အပြစ်တင်ကြပါသည်။ ၎င်းတို့၏လယ်ယာများပြန်လည်ရရှိရေး သို့မဟုတ် လျော်ကြေးရရေးအတွက် စောင့်နေရသည်ကို စိတ်ပျက်လှပြီဖြစ်သည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ လယ်သမားရာပေါင်းများစွာတို့သည် အများပြည်သူရှေ့မှောက် အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ စီစဉ်ခြင်းနှင့်ပါဝင်ခြင်းအတွက် တရားစွဲဆိုခံရခြင်း၊ သို့မဟုတ် ၎င်းတို့တောင်းဆိုသည့် လယ်မြေတွင် လယ်ယာလုပ်ကိုင်ခြင်းအတွက် ပိုင်နက်ကျူးကျော်မှုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းများ ရှိပါသည်။ ပြစ်မှုဖြင့် တရားစွဲဆိုခံရသူများ ရင်ဆိုင်ရလေ့ရှိသည့် ရှည်လျားသောအမှုစစ်ဆေးခြင်းများမှလည်း ၎င်းတို့အတွက် ငွေရေးကြေးရေးဝန်ထုပ်ဝန်ပိုး အသစ်များ ဖန်တီးနေပါသည်။

မြေယာရပိုင်ခွင့်အတွက် လှုပ်ရှားသူများကို အကြောင်းမဲ့ဖမ်းဆီးမှုများ ရပ်တန့်ရန်နှင့် မြေယာသိမ်းပိုက်မှုများအပေါ် ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြသည့်အတွက် အမှုစစ်ဆေးရန်စောင့်ဆိုင်းနေသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် မြန်မာနိုင်ငံအစိုးရအား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှ တောင်းဆိုပါသည်။ ဥပဒေမဲ့မြေယာသိမ်းဆည်းမှုဟူသည့် စွပ်စွဲချက်များကို ဘက်မလိုက်ဘဲစုံစမ်းစစ်ဆေးခြင်း၊ တွေ့ရှိချက်များကို အများပြည်သူအတွက်အစီရင်ခံခြင်း၊ မြေယာ ရပိုင်ခွင့်များကို ချိုးဖောက်သူများအား သင့်လျော်စွာအရေးယူခြင်းနှင့် လယ်သမားများနှင့် မိမိတို့၏မြေယာများကို တရားမဝင်ယူခြင်း ခံလိုက်ရသည့် အခြားသူများကို လုံလောက်သည့် လျော်ကြေးများ ချက်ချင်းပေးခြင်းများကိုလည်း အစိုးရမှဆောင်ရွက်ရပါမည်။ 

“ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံမြေယာပြုပြင်ပြောင်းလဲမှုတစ်ပုံတစ်ခေါင်းကြီးကို အလှူရှင်နိုင်ငံတွေက မယုံသင့်ဘူး။” “မြန်မာအစိုးရက အရင်က မြေယာတရားမဝင်သိမ်းဆည်းခံရတဲ့လူတွေကို နစ်နာမှုလျော်ကြေးပေးဖို့နဲ့ ဥပဒေသစ်တွေက လယ်ယာမိသားစုတွေရဲ့ ရပိုင်ခွင့်တွေကို နောင်မှာအကာအကွယ်ပေးကြောင်း သေချာအောင်လုပ်ဖို့ လိုတယ်။” ဟု ရောဘတ်စင်က ပြောပါသည်။

ဤအစီရင်ခံစာတွင် ဆုရဓာတ်ပုံဆရာ (ပက်ထရစ်ဘရောင်း) Patrick Brown ရိုက်ကူးထားသော ဓာတ်ပုံများပါရှိပါသည်။ ဘရောင်းသည် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့နှင့်အတူ ရှမ်းပြည်နယ်၊ ဧရာဝတီနှင့် ရန်ကုန်တိုင်းဒေသကြီးများသို့ ခရီးထွက်ခဲ့ပါသည်။ ဘရောင်း၏လက်ရာများကို “ကျွန်ုပ်တို့၏မြေယာအတွက် မည်သည့်အရာမျှမရ” ထုတ်ဝေမှုအပြီးတွင်

ရန်ကုန်မြို့လယ် ပန်သူရိယအနုပညာပြခန်း၌ ပြသထားပါမည်။