ဦးစိုးသိန်း
ညွှန်ကြားရေးမှူးချုပ်၊ ဆက်သွယ်ရေးဌာန
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးသန့်စင်မောင်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

ဦးတင်မောင်ဝင်း
ဥက္ကဋ္ဌ၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးကော်မတီ
ပြည်သူ့လွှတ်တော်

ဦးထွန်းထွန်းဦး
ရှေ့နေချုပ်
ပြည်ထောင်စုရှေ့နေချုပ်ရုံး

ရည်ညွှန်း။         ။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)

သို့

ဦးစိုးသိန်း၊ ဦးသန့်စင်မောင်၊ ဦးတင်မောင်ဝင်းနှင့် ဦးထွန်းထွန်းဦး၊

Human Rights Watch သည် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၉၀ ကျော်ရှိ လူ့အခွင့်အရေးအခြေအနေများကို စောင့်ကြည့်ပြီး အစီရင်ခံနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများကို မှတ်တမ်းတင်ပြီး လူ့အခွင့်အရေးများကို မြှင့်တင်ရန်နှင့်ကာကွယ်ရန် အားပေးထောက်ခံခဲ့သည်မှာ ၂၅ နှစ်ကျော်ခဲ့ပြီဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စာမျက်နှာ ၁၁၃ မျက်နှာပါ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုင်ရာ အစီရင်ခံစာကို ၂၀၁၆ ခုနှစ် ဇွန်လက ထုတ်ဝေခဲ့ပါသည်။[1]

၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေ ၏ ပုဒ်မ ၆၆ (ဃ) အပေါ် ကျွန်ုပ်တို့၏ စိုးရိမ်ပူပန်မှုကို ဖော်ပြရန် ဤစာကို ရေးသားခြင်း ဖြစ်ပါသည်။ ဤဥပဒေကို ပြင်ဆင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအတွင်း ဆွေးနွေးနေသည်ဟု ကျွန်ုပ်တို့ နားလည်ထားပါသည်။ ဤဥပဒေသည် ငြိမ်းချမ်းစွာ ဆန္ဒ ဖော်ထုတ်ခြင်းကို နိုင်ငံရေးအရ ကန့်သတ်ရန် ကြိုးစားခဲ့သည့် စစ်အစိုးရ လက်ထက်နှင့် စစ်သားတစ်ပိုင်း အစိုးရလက်ထက်က အကြွင်းအကျန် ဥပဒေ တစ်ခု ဖြစ်သည်။ ထိုဥပဒေကို ဆက်လက်သုံးစွဲနေသည့်အတွက် နိုင်ငံရေး အကျဉ်းသားသစ်များထပ်ထပ်တိုးလာကာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရကို နာမည်ပျက်စေပါသည်။

နိုင်ငံရေး သို့မဟုတ် အခြားအကြောင်းရင်းများအတွက် အဆိုပါ ပုဒ်မ ၆၆ (ဃ) ကို တလွဲသုံးစွဲခြင်း မရှိစေရန် အတွက် ၎င်းပုဒ်မကို ပယ်ဖျက်ရန် သို့မဟုတ် အလုံးစုံ ပြင်ဆင်ရန်တိုက်တွန်းပါသည်။ ထို့ပြင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို ကာကွယ်မှုပေးနိုင်ရန်အတွက်လည်း ၎င်းပုဒ်မကို နိုင်ငံတကာ စံနှုန်းများနှင့် အညီဖြစ် အောင် ပြုလုပ်ရန် ကျွန်ုပ်တို့ တိုက်တွန်းသည်။

ပုဒ်မ ၆၆ (ဃ) မှာ “ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ် တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီးကန့်ကွက်ခြင်း၊ အသရေ ဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း” အတွက် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သော ပြစ်မှုဆိုင်ရာဥပဒေတစ်ခု ဖြစ်သည်။ ယမန်နှစ်က အစိုးရသစ် တက်လာကတည်းက ဤဥပဒေကို အသုံးပြုမှု မြင့်တက်လာခဲ့ပြီး ယနေ့အထိ အနည်းဆုံး ၅၄ ယောက်ကို ဥပဒေချိုးဖောက်မှုဖြင့် စွဲချက်တင်ခဲ့ပြီးဖြစ်ကာ အနည်းဆုံး ရှစ်ဦးမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။ ၎င်းတို့ အားလုံးလိုလိုသည် Facebook သို့မဟုတ် အခြားသော လူမှုကွန်ရက်ပေါ်တွင် ရေးသားချက်များကြောင့် တရားအစွဲခံရခြင်းဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) ကို အာမခံ ပေး၍ မရသော ပြစ်မှုအဖြစ် သဘောထားခြင်းကြောင့် တရားစွဲခံရသူ များစွာတို့သည် အမှုစစ်ဆေးမှုမပြီးမချင်း လပေါင်းများစွာကြာအောင် အချုပ်သားအဖြစ်နေကြရသည်။ ဤအချက်က ဘာကို ပြသလဲဆိုလျှင် နောက်ဆုံး အမှုမှကွင်းလုံးကျွတ်လွတ်သွားသည်ထားဦး၊ လူတစ်ယောက်သည် ၎င်း၏ ပြောစကား တစ်ခုအတွက် အချုပ်အနှောင်ခံခြင်းဖြင့် အပြစ်ပေးခံရမည်ဆိုသည့် အဓိပ္ပာယ် ဖြစ်သည်။ အပြစ်မရှိဘဲ ဖမ်းဆီးခံကြရသူများ၏ မိသားစုများသည် အစွပ်စွဲခံရသူ ချုပ်နှောင်ခံထားရစဉ်အတွင်း အလုပ်အကိုင် ဆုံးရှုံးခြင်းကဲ့သို့သော အခက်အခဲများကို ခံစားရနိုင်သည်။ ထိုအချက်သည် နိုင်ငံအတွင်းရှိ နိုင်ငံရေး နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ လွတ်လပ်စွာ ပြောဆိုလိုစိတ်အပေါ် သိသိသာသာ အားလျော့သွားစေနိုင်သည်။

ပုဒ်မ ၆၆ (ဃ) သည် နိုင်ငံတကာ ဥပဒေအရကြည့်လျှင် သိသာထင်ရှားသော စိုးရိမ်စရာဖြစ်ပြီး ၎င်းပုဒ်မကို ပယ်ဖျက် သို့မဟုတ် အများအပြား ပြင်ဆင်သင့်သည်။[2] Human Rights Watch ၏ စိုးရိမ်ပူပန်မှုများကို အောက်တွင် ဖော်ပြထားသည်။

၁။ ထုတ်ဖော်ပြောဆိုမှုအပေါ် ကန့်သတ်မှုများကို ပိုမိုရှင်းလင်းစွာ အဓိပ္ပာယ် ဖွင့်ရန် လိုအပ်သည်။

ပုဒ်မ ၆၆ (ဃ) သည် ပြောဆိုရေးသားမှုများကို မရေရာသည့် စကားလုံးများဖြင့် ကန့်သတ်ထားပြီး မည်သည့် ပြောဆိုရေးသားမှုများသည် အဆိုပါ ဥပဒေ၏ နယ်ပယ် အတွင်း ကျရောက်ကြောင်း မရှင်းလင်းပါ။

ယခုကဲ့သို့ အသုံးအနှုန်းများသည် မရေရာသောအခါ သို့မဟုတ် ဒွိဟ ဖြစ်စရာရှိသည့်အနေအထားတွင် မည်သည့် စကားကိုပြောလျှင် ထိုဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အင်တာနက်၊ မိုဘိုင်းဖုန်း၊ လူမှု ကွန်ရက်နှင့် အခြားသော တယ်လီကွန်းဆက်သွယ်ရေးကို အသုံးပြုသူများ အနေဖြင့် သေသေချာချာမသိဖြစ်ရသည်။ ယင်းသို့လုပ်ထားခြင်းသည် နိုင်ငံတကာတွင် လက်ခံထားသည့် ဥပဒေတစ်ခု၏အင်္ဂါရပ်များကို သွေဖည်ခြင်း ဖြစ်သည်။ ယင်း အင်္ဂါရပ်အရ ပြောရေးဆိုခွင့်ကို ကန့်သတ်ရာတွင် အများပြည်သူအနေဖြင့် မိမိ ပြောစကား သည် ဘောင်မကျော်ကြောင်း သိရှိထားနိုင်စေရန်အတွက် ဥပဒေပါစကားရပ်များကို ထင်ထင်ရှားရှား ဖွင့်ဆိုရှင်းပြထား ရမည်ဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) သည် “ခြောက်လှန့် တောင်းယူခြင်း” သို့မဟုတ် “အနိုင်အထက် ပြုခြင်း” တို့ကို ပြစ်မှုအဖြစ် သတ်မှတ်ထားသော်လည်း မည်သို့သော ခြောက်လှန့်တောင်းယူခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း သည် ဤပြဋ္ဌာန်းချက်တွင် အကျုံးဝင်သည်ကို ပြဆိုထားခြင်းမရှိပေ။ မည်သို့သော ခြောက်လှန့်ခြင်းကို ဆိုလိုသနည်း။ အောက်ထစ်အားဖြင့် တစ်စုံတစ်ယောက်က အခြားတစ်ယောက်ကို အကြမ်းဖက်မည်ဟူသော အတည်ယူထိုက်သည့် ခြောက်လှန့်မှုကိုသာလျှင် ဥပဒေတွင် ကန့်သတ်သင့်သည်။ ထိုခြိမ်းခြောက်စကားကိုပြောသူသည် သူ့စကားကို ခြောက်လှန့်ရန်အတွက် ရည်ရွယ်ပြီးလျှင် ခြောက်လှန့်ခံရသူသည် စိတ်နှံ့သူဖြစ်ရမည်ဖြစ်ကာ အမှန်တကယ် လည်း ထိုစကားကြောင့် ကြောက်စိတ်ဝင်ကြောင်းကို အစိုးရအနေဖြင့် သက်သေပြနိုင်ရမည်ဖြစ်သည်။

ပုဒ်မ ၆၆ (ဃ) ပါ အခြားသော စကားရပ်များဖြစ်သည့် “မလျော်ဩဇာ သုံးခြင်း” နှင့် “နှောင့်ယှက်ခြင်း” ဟူသော အသုံးအနှုန်းများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အကာအကွယ်ပေးသည့် ဒီမိုကရေစီနှင့် မသင့်လျော်၍ ၎င်းတို့ကိုဥပဒေမှ ပယ်ဖျက်သင့်သည်။ ပြောဆိုရေးသားမှု အများစု နှင့် (နိုင်ငံရေးဆိုင်ရာ ပြောဆိုရေးသားမှုများ အားလုံး) တို့သည် အခြား သူများကို “ဩဇာလွှမ်းမိုးစေရန်” ရည်ရွယ်သည်။ ဒီမိုကရေစီတွင် ထိုအချက်သည် ကြိုဆိုရမည့်အရာဖြစ်သည်။ သို့သော် ဤဥပဒေအရ တယ်လီကွန်းဆက်သွယ်ရေး နည်းလမ်းတစ်ခုကို အသုံးပြုသူများအနေဖြင့် တစ်စုံတစ်ဦးအပေါ် ဩဇာညောင်းစေရန် ကြိုးပမ်းရာတွင် ရိုးရိုး ဩဇာနှင့် “မလျော်” ဩဇာ တို့ကြား ကွာခြားချက်ကို သေချာစွာ မသိရှိနိုင်ပေ။

ထို့အတူ တစ်စုံတစ်ဦးကို “နှောင့်ယှက်ခြင်း” ဟူသော စကားရပ်ဖြင့် ပြောဆိုရေးသားမှုများကို ကန့်သတ်ရာတွင် လုံလောက်သည့် တိကျမှု မရှိပေ။ ပြောလိုက်သည့်စကားအပေါ် တစ်ဖက်လူ၏ ထင်မြင်ယူဆချက်နှင့် စိတ်ထဲဖြစ်ပေါ်မှု အပေါ် မူတည်ကာ ဆက်သွယ်ရေးနည်းလမ်းတစ်ခုဖြင့် ဆက်သွယ်ပြောကြားသူ တစ်ယောက်သည် ပြစ်မှုကျူးလွန်သူဖြစ်သွားနိုင်၍ဖြစ်သည်။ ပိုအရေးကြီးသည့်အချက်မှာ မည်သည့်ပုဂ္ဂိုလ်မျှ စိတ် အနှောင့်အယှက်မဖြစ်အောင် နေပိုင်ခွင့်ဟူ၍ မရှိသလို လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်တွင် “စိတ်ချမ်းသာ စေမည့်” စကားကိုသာပြောရမည်ဟု သတ်မှတ်ထားခြင်း သို့မဟုတ် အများစုအမြင်နှင့် ကိုက်ညီသော စကားကိုသာပြောရမည်ဟူသော ကန့်သတ်ချက်မရှိခြင်းကြောင့် ဖြစ်သည်။

လူတို့သည် အချက်အလက်များနှင့် အယူအဆများကို မိမိ တစ်ဦးတည်းအတွက်သော်လည်းကောင်း အများနှင့်သော်လည်းကောင်း မျှဝေကြသဖြင့် ပြောဆိုရေးသားမှု အများစု (နှင့် နိုင်ငံရေးနှင့်ဆိုင်သော ပြောစကားအားလုံး) တို့သည် အစဉ်သဖြင့် တစ်ဖက်လူတို့ကို အနှောင့်အယှက် ဖြစ်စေမည် ဖြစ်သည်။ နိုင်ငံတကာ ဥပဒေတွင် “မလျော်ဩဇာသုံး” သည့် သို့မဟုတ် “နှောင့်ယှက်” သည့် ပြောစကားများကို ကန့်သတ်သည့် ပုဒ်မ တစ်ခုမျှ မရှိသည့်အပြင် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခြင်းကို ကာကွယ်ရန်အတွက်ဟုဆိုကာ အဆိုပါ စကားရပ်များကို အဓိပ္ပာယ် သတ်မှတ်ရန် မဖြစ်နိုင်သည့်အတွက် ၎င်းတို့ကို ပုဒ်မ ၆၆ (ဃ) မှ ပယ်ဖျက်ရန် ကျွန်ုပ်တို့ တိုက်တွန်းသည်။

၂။ အသရေ ဖျက်ခြင်းသည် ပြစ်မှုမြောက်သောကျူးလွန်မှု မဖြစ်သင့်

အခြားသော မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ဥပဒေများနည်းတူ ပုဒ်မ ၆၆ (ဃ) သည် “အသရေဖျက်သော” ပြောစကားကို ပြစ်မှု မြောက်သည်ဟု သတ်မှတ်ထားသည်။ ကမ္ဘာတစ်လွှားမှ နိုင်ငံများသည် အသရေဖျက်မှုကို တရားမမှုအဖြစ် စဉ်းစားသင့်ကြောင်းနှင့် ထောင်ဒဏ်ပေးထိုက်သော ပြစ်မှု မဟုတ်ကြောင်း ပို၍ အသိအမှတ် ပြုလာနေကြသည်။ လွတ်လပ်စွာ အမြင်နှင့် ဆန္ဒဖော်ထုတ်ခွင့် မြှင့်တင်ရေးနှင့် ကာကွယ်ရေး ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အသရေဖျက်ခြင်းဆိုင်ရာ ပြစ်မှုဥပဒေများကို ပယ်ဖျက်ရန် အကြံပြုထားပြီး[3] ကုလသမဂ္ဂ၊ ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် အမေရိက နိုင်ငံများအဖွဲ့တို့သည် ပူးတွဲ၍ အထူးပြဌာန်းချက်ကို အောက်ပါအတိုင်း ချမှတ်ထားသည်။

ပြစ်မှုဆိုင်ရာ အသရေဖျက်မှုသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းအပေါ် လက်သင့်ခံနိုင်သော ကန့်သတ်ချက်တစ်ရပ် မဟုတ်ပေ။ ပြစ်မှုဆိုင်ရာ အသရေဖျက်မှု ဥပဒေအားလုံးကို ဖျက်သိမ်းခြင်း သို့မဟုတ် လိုအပ်လျှင် သင့်လျော်သော တရားမမှုမြောက်သော အသရေဖျက်မှု ဥပဒေများဖြင့် အစားထိုးခြင်းပြုသင့်သည်။[4]

အစိုးရ အရာရှိများ သို့မဟုတ် အစိုးရနှင့်ဆိုင်သော ပုဂ္ဂိုလ်များက အသရေဖျက်မှုဖြင့် ပြန်၍အမှုဖွင့်ခြင်းသည် အထူးတလည်ပြဿနာရှိသည့်ကိစ္စပင် ဖြစ်သည်။

အစိုးရ အရာရှိများနှင့် ပြည်သူ့ရေးရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူများအနေဖြင့် အသရေဖျက်ခြင်းမှ ကာကွယ်ခြင်းအပါအဝင် ၎င်းတို့၏ ဂုဏ်သတင်းကို ကာကွယ်ပိုင်ခွင့်ရှိသော်လည်း ၎င်းတို့သည် ပြည်သူ့ရေးရာ ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြသူများ ဖြစ်သည့်အားလျော်စွာ သာမန် ပြည်သူများထက် ပို၍ စိစစ်ထောက်ပြခြင်းနှင့် ဝေဖန်ခြင်းတို့ကို ခံနိုင်ရည်ရှိရမည်ဖြစ်သည်။ ထိုသို့မတူကွဲပြားသည့် အနေအထားရှိသည့် အတွက် အာဏာပိုင်များအနေဖြင့် မိမိကို ဝေဖန်သူ သို့မဟုတ် အာဏာပိုင်များ မမှန်မကန် လုပ်ခြင်းကို ဖော်ထုတ်ရန် ကြိုးပမ်းသူများကို အပြစ်ပေးရန် ဥပဒေကို အသုံးမပြုသင့်ကြောင်း၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အများစိတ်ဝင်စားသည့်အကြောင်းအရာများအပေါ် ပြည်သူလူထုပါဝင်ဆွေးနွေးငြင်းခုံခြင်းကို လက်ခံသင့်ကြောင်း သိသာလှပေသည်။

မကြာမီ လများအတွင်း ဖြစ်ပေါ်ခဲ့သော ပုဒ်မ ၆၆ (ဃ) အမှုများကို ပြန်လည် လေ့လာသောအခါ ဤအချက် ပိုမို ပေါ်လွင်လာသည်။

အမှုအများစုသည် ထင်ရှားသော ပုဂ္ဂိုလ်များကို ဝေဖန်သည့် အမှုများဖြစ်ပြီး အများပြည်သူနှင့် ဆိုင်သော ကိစ္စအပေါ် မှတ်ချက်ပြုပြောဆိုသည့် အမှုများစွာလည်း ပါဝင်သည်။ သာဓကအားဖြင့် ဦးမျိုးရန်နောင်သိမ်းသည် ကာကွယ်ရေး ဦးစီးချုပ်ကို ဝေဖန်ပြီး ရာထူးမှ နုတ်ထွက်ခိုင်းသည့် Facebook ရေးသားချက်ကြောင့် မကြာမီကပင် ၎င်းကို ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပြီး ဦးအောင်မြင့်ထွန်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင် ဦးဝင်းထိန် ကျန်းမာရေးကြောင့် အနားယူသွားသည်ဟု မှားယွင်းစွာ ရေးသားခြင်းကြောင့် ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။

အခြားအမှုများသည် အသရေဖျက်မှုထက် “စော်ကား” သည့် စကားရပ်ကြောင့် ပြစ်ဒဏ် ချမှတ်ခဲ့သည်။ သာဓကအားဖြင့် ဦးအောင်ဝင်းလှိုင်သည် သမ္မတ ဦးထင်ကျော်ကို “ငတုံး”၊ “အရူး” ဟု ရေးသားခြင်းကြောင့် ၎င်းကို ထောင်ဒဏ် ကိုးလ ချမှတ်ခဲ့သည်။ သို့သော် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီက ရှင်းရှင်းလင်းလင်း ပြောကြားထားသည့်အတိုင်း ထင်ရှားသည့် ပုဂ္ဂိုလ်တစ်ဦးကို စော်ကားသည်ဟု ယူဆသော အသုံးအနှုန်းဟူသည့် အချက် တစ်ခုတည်းဖြင့် ပြစ်ဒဏ်များ ချမှတ်ခြင်းအပေါ် လက်သင့်ခံရန် လုံလောက်ခြင်း မရှိပေ။[5]

၃။ ပြောစကားနှင့်ဆိုင်သော ပြစ်မှုများအတွက် အာမခံပေးရမည်ဟူသော အယူအဆ ရှိသင့်သည်။

ဆက်သွယ်ရေး ဥပဒေက ပုဒ်မ ၆၆ (ဃ) အတွက် အာမခံပေးနိုင်သည်ဟု သီးခြားဆိုထားခြင်း မရှိသည့်အတွက် ထိုပြစ်မှုကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ အာမခံ ပေး၍ မရသော အမှုအဖြစ် သဘောထားကြသည်။[6] အကျိုးဆက်အားဖြင့် တရားခံသည် အာမခံ အခွင့်အရေး မရရှိဘဲ တရားရုံးစိတ်တိုင်းကျ အမှုစစ်နေစဉ် ကာလ တစ်လျှောက်လုံး အချုပ်သားအဖြစ်နေရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ အစိုးရ အရာရှိများ သို့မဟုတ် တပ်မတော်ကို “အသရေဖျက်” သည်ဟု စွပ်စွဲခံရသူများသည် ပုံမှန်အားဖြင့် အာမခံ မရရှိဘဲ အခြားသာမန်လူတစ်ယောက်ကို ထိခိုက်သော ပြောဆိုမှုများအတွက် စွပ်စွဲခံရသူများကိုမူ အာမခံပေးသည်ကို အတွေ့ရများသည်။ “တကယ်လို့ ခင်ဗျားဟာ သာမန် အရပ်သားတစ်ယောက်ကို အသရေဖျက်မယ်ဆို အာမခံရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ခေါင်းဆောင်တွေကို အသရေ ဖျက်မယ်ဆိုရင်တော့ အာမခံ ရမှာ မဟုတ်ဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက Human Rights Watch ကို ဝန်ခံပြောကြားသည်။

အကြမ်းဖက်မှုနှင့်မစပ်ဆိုင်သော ပြောဆိုရေးသားမှုများ ဆိုင်ရာ ပြစ်မှုဖြင့် စွပ်စွဲခံရသူသည် တရားစီရင်မှုမှ ထွက်ပြေးခြင်း သို့မဟုတ် သက်သေများကို ဖျက်ဆီးနိုင်သည်ဟု ရှင်းလင်း၍ လက်ခံနိုင်သော သက်သေအထောက်အထား မရှိဘဲ အာမခံပေးဖို့ ငြင်းပယ်ရန် ဥပဒေကြောင်းအရ အထောက်အထား မရှိပေ။ ပုဒ်မ ၆၆(ဃ)ဖြင့် စွဲချက်တင်ခံထားရသူများသည် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ အာမခံရရှိခွင့်ရှိသင့်ကြောင်း ရှေ့နေချုပ်ရုံးကလည်း အလားတူ အကြံပြုထားသည်ဟု သတင်းများအရ ကျွန်ုပ်တို့သိထားသည်။[7]

၄။ ပုဒ်မ ၆၆ (ဃ) ဖြင့် ကြားခံလူတစ်ယောက်က တိုင်ကြားမှုကို ခွင့်မပြုဘဲ အစိုးရ ရှေ့နေ ကသာ တရားစွဲဆိုသင့်သည်။

ရေးသားပြောဆိုမှုတစ်ခုသည် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ချိုးဖောက်ကြောင်း မည်သူမဆိုက တိုင်ကြားနိုင်ရန် ဥပဒေက ခွင့်ပြုထားသည်။“အသရေဖျက်မှု” ဖြင့် တိုင်ကြားမှု အများစုသည် အသရေ ဖျက်ခံရသူ ကိုယ်တိုင်က တိုင်ကြားခြင်း မဟုတ်ဘဲ ထိုရေးသားမှုကို မကြိုက်သူ ဘေးလူများက တိုင်ကြားခြင်း ဖြစ်သည်။ အကယ်၍ ဥပဒေ၏ ရည်ရွယ်ချက်မှာ ဆက်သွယ်ရေး စက်တစ်ခုကို အသုံးပြု၍ လူတစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ခြင်း၊ ခြောက်လှန့်တောင်းယူခြင်း သို့မဟုတ် ထိခိုက်စေခြင်းတို့မှ ကာကွယ်ရန် ဖြစ်လျှင် အခြားသူတစ်ယောက်က အမှုဖွင့်ခြင်းကို ခွင့်ပြုမပေးသင့်ပေ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ပုဒ်မ ၆၆ (ဃ) အရ ထိခိုက်ခံရသည်ဟု ယုံကြည်သူ တစ်ယောက်ကသာ အမှုဖွင့်ခွင့် ရှိစေသင့်သည်။ သို့သော် မြန်မာ့ဥပဒေသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်သော အမှုများကို ပြစ်မှုကြောင်းအရ တရားစွဲခွင့် ပြုနေမည်ဆိုလျှင် ပုဒ်မ ၆၆ (ဃ) ကို သုံးခွင့်ရှိသူမှာ အစိုးရ ရှေ့နေများသာလျှင် ဖြစ်သင့်သည်။ ထိုအခါ တာဝန်မဲ့သော တိုင်ကြားမှုများကို ကန့်သတ်ပြီး လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ထက် အများပြည်သူ အကျိုးစီးပွားက ပိုမို ပဓာနကျသည်ဟု လွတ်လပ်သော အစိုးရ ဥပဒေအရာရှိက ယူဆသော အမှုကိုသာ တရားစွဲပြီး ပြစ်ဒဏ်ချမှတ်ရန် စဉ်းစားမည် ဖြစ်သည်။

၅။ ပုဒ်မ ၆၆ (ဃ) သည် အခြား ပြစ်မှုဆိုင်ရာ ဥပဒေများနှင့် ထပ်နေသည်။

ပုဒ်မ ၆၆ (ဃ) ပါ ကျူးလွန်မှုများ အများအပြားသည် မြန်မာ့ရာဇသတ်ကြီးတွင် ပါဝင်ပြီးသားဖြစ်သည်။ သာဓကအားဖြင့် ခြောက်လှန့်တောင်းယူခြင်းကို ရာဇသတ်ကြီး ပုဒ်မ ၃၈၃ မှ ၃၈၉ တွင် လည်းကောင်း၊ ထို့အတူ မတရား တားဆီးကာကွယ်မှုဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များကို ပုဒ်မ ၃၃၉ နှင့် ၃၄၁ တွင် လည်းကောင်း ပြဋ္ဌာန်းပြီး သား ဖြစ်သည်။ အဆိုပါ ပြစ်မှုများကို ဆက်သွယ်ရေးကိရိယာတစ်ခုခုကိုသုံးပြီး ကျူးလွန်ပါက တရားစွဲဆို အရေးယူခြင်းမရှိစေရဟူသော ပြဋ္ဌာန်းချက်တစ်ခုခုကို ရာဇသတ်ကြီးတွင် မထည့်ထားသဖြင့် ထိုပြစ်မှုများကို ပုဒ်မ ၆၆(ဃ)တွင် ထပ်မံထည့်သွင်းခြင်းမှာ မလိုအပ်ပါ။

အကြံပြုချက်များ

မြန်မာနိုင်ငံသည် ၎င်းလိုက်နာရမည့် နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားများနှင့် အပြည့်အဝ ကိုက်ညီစေရန် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ရုပ်သိမ်းသင့်သည်။ ကြားကာလအတွင်း အစိုးရသည် အောက်ပါ ဥပဒေပြင်ဆင်မှုများ ပြုလုပ်သင့်သည်။

  • ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို ကျူးလွန်သည့် ပြစ်မှုသည် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေအရ အာမခံပေးနိုင်သော အမှုဖြစ်သည်ဟု ပုဒ်မကို ပြင်ဆင် သတ်မှတ်ပါ။
  • အစိုးရရှေ့နေ ကသာ ပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုနိုင်သည်ဟု ဥပဒေကို ပြင်ပါ။
  • “အသရေဖျက်ခြင်း”၊ “နှောင့်ယှက်ခြင်း” နှင့် “မလျော်ဩဇာသုံးခြင်း” ဟူသော စကားလုံးများကို ပယ်ဖျက်ပါ။
  • ပြောဆိုရေးသားသူ၏ စကားရပ်သည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ထိုစကားကိုပြောခံရသူသည် အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်ဟု အစိုးရက ပြသနိုင်သော၊ အခြားလူတစ်ဦးကို အကြမ်းဖက်ရန် အတည်ယူနိုင်သော ခြိမ်းခြောက်မှုသာလျှင် အကျုံးဝင်သည်ဟု ပြင်ဆင်ပါ။
  • ရာဇသတ်ကြီးတွင် တခြားနည်းဖြင့် ပြစ်ဒဏ်သတ်မှတ်ထားခြင်းမရှိသေးသည့် ခြောက်လှန့်တောင်းယူခြင်း သို့မဟုတ် မတရား တားဆီးကန့်ကွက်ခြင်း ဆိုင်ရာပြစ်မှုတို့နှင့်စပ်လျဉ်း၍ ၎င်း အသုံးအနှုန်းတို့ကို ရှင်းရှင်းလင်းလင်းနှင့် အကျဉ်းဆုံးဖြစ်အောင် အဓိပ္ပာယ် သတ်မှတ်ပါ။ သို့မှသာ ဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုသူများအနေဖြင့် မည်သို့သော အချက်များသည် ထိုဥပဒေနှင့်ငြိစွန်းကြောင်း သိရှိမည်ဖြစ်သလို လွတ်လပ်စွာဆန္ဒ ဖော်ထုတ်ခွင့်ကို ကန့်သတ်ရာတွင်လည်း အနည်းဆုံးထိလျှော့ချနိုင်မည်ဖြစ်သည်။
  • ရာဇသတ်ကြီးတွင် တားမြစ်ထားပြီးဖြစ်သည့် အပြုအမူများနှင့်ပတ်သက်ပြီး ဆက်သွယ်ရေး ဥပဒေတွင် ပြန်ပါနေသော စကားရပ်များကို ဖယ်ရှားပါ။

ဤအကြံပြုချက်များသည် လူပုဂ္ဂိုလ်များ၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ယေဘုယျအားဖြင့် မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အရိပ်မည်းကျရောက်စေသည့် ဥပဒေပြဋ္ဌာန်းချက်များကို မည်သို့ ပြင်ဆင်ရမည်ကို စဉ်းစားရာတွင် အသုံးဝင်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

လေးစားစွာဖြင့်

ဘရက် အဒမ်
အမှုဆောင်ဒါရိုက်တာ
အာရှဌာနခွဲ


[1] Human Rights Watch, “‘They Can Arrest You at Any Time’: The Criminalization of Peaceful Expression in Burma,” https://www.hrw.org/report/2016/06/29/they-can-arrest-you-any-time/crimi....

[2] လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခြင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့် အရပ်သားနှင့် နိုင်ငံရေး ရပိုင်ခွင့် ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက် တို့က အကာအကွယ် ပေးထားပြီး ၎င်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေ၏ အစိတ်အပိုင်း တစ်ခုအဖြစ် သတ်မှတ်သည်။ အခွင့်အရေးမှာ အကန့်အသတ်မဲ့ မဟုတ်သော်လည်း ၎င်းကို နိုင်ငံတကာ ဥပဒေ စံနှုန်းများအရ အခြေခံဟု မှတ်ယူပြီး ၎င်းကို အခြေအနေအချို့တွင်သာ ကန့်သတ်နိုင်သည်။ ငြိမ်းချမ်းစွာ ပြောဆိုရေးသားခြင်းကို (၁) ဥပဒေအရ၊ (၂) အခြားသူများ၏ အခွင့်အရေး သို့မဟုတ် ဂုဏ်သတင်းကို ကာကွယ်ရန်၊ သို့မဟုတ် အမျိုးသား အကျိုးစီးပွား၊ အများပြည်သူ ငြိမ်ဝတ်ပိပြားမှု၊ အများပြည်သူ ကျန်းမာရေး သို့မဟုတ် စာရိတ္တပိုင်းကို ကာကွယ်ရန်၊ (၃) ထိုရည်မှန်းချက် ရရှိရန်အတွက်သာ ကန့်သတ်နိုင်သည်။ ဥပဒေအရ ဆိုသည်မှာ အဆိုပါ ကန့်သတ်ချက်ထက် ပို၍ ဥပဒေတွင် ပါဝင်ခြင်း ဖြစ်သည်။ ထိုအတွက် အများပြည်သူသည် မည်သည့်အချက်သည် ဥပဒေနှင့် ညီ၍ မည်သည့် အချက်က မညီကြောင်း သိရှိနိုင်ရန် ကန့်သတ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန် လိုအပ်သည်။ ထိုအတွက် ဥပဒေကို အာဏာတည်အောင် ဆောင်ရွက်ရသူတို့သည် ဥပဒေကို ထင်သလို အသုံးပြုခြင်း သို့မဟုတ် လူကြိုက် မများသော နိုင်ငံရေး အမြင်များကို ပစ်မှတ်ထား အသုံးပြုခြင်း အပါအဝင် ခွဲခြားဆက်ဆံ အသုံးပြုခြင်းတို့ကို ကန့်သတ်မည် ဖြစ်သည်။

[3] Report of the special rapporteur on the promotion and protection of the right to freedom of opinion and expression, Frank La Rue Report, June 2012, UN Doc. A/HRC/20/17, para. 87.

[4] Joint Declaration by the UN Special Rapporteur on Freedom of Opinion and Expression, the OSCE Representative on Freedom of the Media and the OAS Special Rapporteur on Freedom of Expression, 2002, http://www.oas.org/en/iachr/expression/showarticle.asp?artID=87&lID=1 (accessed June 11, 2014). အလားတူပင် အသရေဖျက်မှုအတွက် ထောင်ဒဏ်အပြစ်ပေးခြင်းသည် လူသားနှင့် လူမျိုးအသီးသီးတို့နှင့်ဆိုင်သည့် အာဖရိကပဋိညာဉ်ပါ ပုဒ်မ ၉ ကို ချိုးဖောက်သည်ဟု လူသားနှင့် လူမျိုးအသီးသီးတို့၏ အခွင့်အရေးများဆိုင်ရာ အာဖရိကတရားရုံးကလည်း ဆုံးဖြတ်သည်။, https://www.african-court.org/en/images/documents/Judgment/Konate%20Judg... (accessed June 17, 2015).

[5] UN Human Rights Committee, General Comment no. 34, para. 38. See also UN Human Rights Committee, General Comment no. 34, para. 42 (“အစိုးရကိုဖြစ်စေ အစိုးရကချမှတ်သည့် နိုင်ငံရေး လူမှုရေး စနစ်ကိုဖြစ်စေ ဝေဖန်ရုံသက်သက်မျှဖြင့် မီဒီယာ၊ ထုတ်ဝေသူ သို့မဟုတ် သတင်းသမားတစ်ဦးကို အပြစ်ပေးခြင်းသည် လွတ်လပ်စွာဖော်ထုတ်ခွင့်အပေါ်လိုအပ်သော ကန့်သတ်ချက်တစ်ခုအဖြစ် မည်သည့်အခါမျှ စဉ်းစား၍မရနိုင်ပါ။”).

[6] မြန်မာနိုင်ငံ၏ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေသည် “အာမခံပေးနိုင်သော ပြစ်မှုများ” ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၏ ဇယား(၂)တွင် ဖော်ပြထားသော ပြစ်မှုများ သို့မဟုတ် အခြား ဥပဒေများတွင် အာမခံပေးနိုင်သည်ဟု ပြဌာန်းထားသော ပြစ်မှုများဟု အဓိပ္ဗာယ် ဖွင့်ဆိုသည်။ အခြားသော ပြစ်မှုများကို “အာမခံ မပေးနိုင်သော ပြစ်မှုများ” အဖြစ် သတ်မှတ်သည်။

[7] “Attorney General Weighs in on internet defamation law,” DVB, May 5, 2017, http://www.dvb.no/news/attorney-general-weighs-internet-defamation-law/7....