Skip to main content

မြန်မာနိုင်ငံအတွက် မတူကွဲပြားမှုအား လက်ခံနားလည်နိုင်ရေးကြိုးပမ်းမှုဆိုင်ရာ ပဓာနအသံ ပျောက်ဆုံးခဲ့ပြီ

ဦးကိုနီ လုပ်ကြံခံရမှုမှာ လူမျိုးစုံပေါင်းစည်းနေထိုင်သည့် မြန်မာနိုင်ငံအတွက် တိုက်ပွဲဝင်မှုအား ယိုင်နဲ့စေခဲ့ပြီ

လက်ရှိ အစိုးရတာဝန်ယူနေဆဲဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ဥပဒေအကြံပေးဖြစ်ပြီး လေးစားရပါသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ရှေ့နေလည်းဖြစ်သည့်အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတစ်သက်သာ တက်ကြွလှုပ်ရှားသူ

ဦးကိုနီ လုပ်ကြံခံရသည့်ဖြစ်ရပ်မှာ မြန်မာနိုင်ငံနှင့်တိုင်းပြည်တဝမ်း လူ့အခွင့်အရေးအား လေးစားတန်ဖိုးထား နားလည်လက်ခံရန် ကြိုးပမ်းနေသူများအားလုံးအတွက် ကြီးစွာသောဆုံးရှုံးမှုတစ်ရပ်ဖြစ်ပါသည်။ NLD ပါတီ၏မူဝါဒများအပေါ် လွှမ်းမိုးမှုရှိပြီး အရေးပါ အရာရောက်သော အစ္စလာမ်ဘာသာဝင် လူနည်းစုထဲမှတစ်ဦးအနေဖြင့် တင်းမာလာသည့်လူမျိုးရေးဆိုင်ရာ အကဲဆတ်မှုဝဲဂယက်များ ကြား ၄င်းမှာ အကျိုးသင့်အကြောင်းသင့် မူဝါဒဆုံးဖြတ်ချက်များ ပြုလုပ်နိုင်သူတစ်ဦး ဖြစ်ခဲ့ပါသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေခင်းတွင် ဦးကိုနီမှာ ရန်ကုန်လေဆိပ် အပြင်ဘက်တွင် ၄င်း၏မြေးဖြစ်သူကိုချီထားစဉ် သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရပါသည်။ ၄င်းမှာ ဘာသာရေးဆိုင်ရာကွဲပြားမှုများကို ဖြေရှင်းရန်နည်းလမ်းများအား ဆွေးနွေးတိုင်ပင်ရေးအတွက် အင်ဒိုနီးရှားသို့ အစိုးရဝန်ကြီးတစ်ဦးနှင့် တရားဝင်ခရီးထွက်ရာတွင် အတူလိုက်ပါ၍ ပြန်လာသည့်အချိန်မှာ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူဟုယူဆရသော လက်နက်ကိုင်တရားခံမှာ လုပ်ကြံသတ်ဖြတ်မှုအပြီး ထွက်ပြေးရန်ကြိုးစားစဉ် ဖမ်းဆီးခံခဲ့ရပါသည်။

ငြိမ်းချမ်းစွာ ပြောဆိုဖော်ထုတ်ခွင့်နှင့် စုရုံးခွင့်အား ရာဇဝတ်ဒဏ်တပ် အရေးယူလျှက်ရှိသောဥပဒေများအား ပြင်ဆင်ရန် သို့မဟုတ် ပယ်ဖျက်ရန် လက်ရှိရွေးကောက်တင်မြောက်ထားသော NLD အစိုးရအား တောင်းဆိုရေးအတွက် ကျွန်ုပ်ရေးသားထားသော အစီရင်ခံစာ တစ်စောင်အား တရားဝင်တင်သွင်းရန်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့်ဇွန်လကပြုလုပ်ခဲ့သော လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေး အဖွဲ့၏သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဦးကိုနီနှင့် စတင်တွေ့ဆုံခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ ခေတ်နှင့်မလျော်ညီပဲ ဖိနှိပ်မှုပြုသည့် ဥပဒေများအပေါ် ပြင်ဆင်ပေးရေးဆိုင်ရာ တောင်းဆိုချက်အား ၄င်းမှ ထောက်ခံခဲ့သော်လည်း နှစ်ပေါင်း ၅၀ ကျော်ကြာ စစ်အစိုးရ လက်ထက်အောက်တွင် ပုံဖော်ခဲ့သောစနစ်တစ်ခုအား ပြောင်းလဲပြင်ဆင်ခြင်းမှာ ချက်ချင်းလက်ငင်းမဖြစ်နိုင်ကြောင်း အလေးပေး ပြောကြားခဲ့ဖူးပါသည်။

သတင်းစာရှင်းလင်းပွဲပြီးသည့်နောက်တွင် ကျွန်ုပ်တို့ ဟိုတယ်တစ်ခုရှိကော်ဖီဆိုင်တစ်ဆိုင်တွင် တွေ့ဆုံခဲ့ကြပါသေးသည်။ ထိုစဉ် ၄င်းမှာ အစ္စလာမ်ရမဒန် (ရိုးရာဥပုလ်) စောင့်နေသည့်အချိန်အခါဖြစ်သည်။ စကားကို တိုးတိတ်ငြင်သာစွာ ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံတွင်း မွတ်စ္စလင်လူမျိုးများ ဖိနှိပ်ခွဲခြားခံနေရသည့်အနေအထားအမျိုးမျိုးနှင့် ၄င်းမှ ပြောင်းလဲအောင်လုပ်ဆောင်ပေးလိုသည့် ဆန္ဒရှိကြောင်းကိုမူ အာသီသပြင်းပြစွာ ရှင်းပြပြောဆိုခဲ့ပါသည်။ လူမှုကွန်ယက်များတွင် အစ္စလာမ်ဆန့်ကျင်ရေး အမုန်းစကားများ ပြန့်နှံ့နေကြောင်းနှင့် ၄င်းအရေးကိစ္စကို ဖြေရှင်းရန်လိုအပ်ကြောင်းလည်း ပြောခဲ့ပါသည်။ ၄င်းသည် တရားမျှတမှုအလို့ငှာ တိုက်ပွဲဝင်ရန် ခိုင်မာစွာဆုံးဖြတ်ချက် ချထားသော သူတစ်ဦးဖြစ်သကဲ့သို့ စဉ်းစားချင့်ချိန်ဉာဏ်ပြည့်ဝခြင်း၊ တီထွင်ကြံဆနိုင်မှုရှိခြင်းနှင့် တရားနည်းလမ်းကျကျင့်ကြံနေထိုင်ခြင်း တို့နှင့်ပြည့်ဝသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။ ၄င်းအရည်အချင်းများမှာ ယနေ့မြန်မာနိုင်ငံအတွက် အလွန်လိုအပ်နေသော အရာများဖြစ်ပါသည်။

၄င်း လုပ်ကြံသတ်ဖြတ်ခံရသည့် အကြောင်းတရားအား ရေရေရာရာ မသိရှိသေးသော်လည်း မြန်မာနိုင်ငံအတွင်း မတူကွဲပြားမှုအား နားလည်လက်ခံပေးရန်နှင့် ပေါင်းစည်းနေထိုင်မှုတို့အတွက် ထုတ်ဖော်ပြောဆိုတိုက်ပွဲဝင်ပေးမည့် ခိုင်မာသောအသံအား မြန်မာနိုင်ငံမှ အလိုအပ်ဆုံးဖြစ်နေသည့်အချိန်တစ်ခုမှာပင် ဆုံးရှုံးခဲ့ရပြီဖြစ်သည်မှာ ထင်ရှားလှပါသည်။ ၄င်း၏လှုပ်ရှားကြိုးပမ်းမှု၊ ဥပဒေရေးရာ ဆောင်ရွက်ချက်များနှင့် ၄င်း၏တရားနည်းလမ်းကျမှု၊ မေတ္တာတရားတို့အား နားလည်သောလူအများအပြားမှာ ၄င်း၏ဝမ်းနည်းဖွယ် သေဆုံးမှုအတွက် ပူဆွေးသောက ရောက်လျှက်ရှိနေပါသည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာလူမျိုးများအပြင် မြန်မာနိုင်ငံ မြို့ပြများရှိ လူနည်းစုရပ်ဝန်းများနှင့် တိုင်းပြည်တွင်းတစ်စထက်တစ်စဖိနှိပ်မှုအား ပိုမိုခံစားနေရသော မွတ်စ္စလင်လူနည်းစုတို့၏ အခွင့်အရေးများကို ကာကွယ်ရန်အလို့ငှာ အင်တိုက်အားတိုက်ဆောင်ရွက်ကြိုးပမ်းခဲ့သော ဦးကိုနီ၏စွမ်းဆောင်ပေးခဲ့မှုများအပေါ် ဂုဏ်ပြုပေးရန်မှာ ဒေါ်ဆောင်ဆန်းစုကြည်ဦးဆောင်သည့် NLD အုပ်စုအတွက် လက်ရှိတွင် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်ပေသည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed