(နယူးယောက်၊ ဩဂုတ် ၂၅၊ ၂၀၁၆) –  မြန်မာနိုင်ငံ၏နှစ်ပရိစ္ဆေဒကြာမြင့်ခဲ့ပြီဖြစ်သည့် လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်အောင် ကြိုးပမ်းကြရာတွင် အမျိုးသမီးများပါ ပြည့်ပြည့်ဝဝ ပါဝင်ခွင့်ရအောင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အသေအချာဆောင်ရွက်ပေးသင့်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch)က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဆက်လက်ချီတက်နေပြီဖြစ်ရာ အစိုးရအနေဖြင့် အမျိုးသမီးများ၏ အခွင့်အရေးကိစ္စကိုလည်း ဦးစားပေးကိစ္စတစ်ခုအဖြစ် ထားရှိသတ်မှတ်ပေးသင့်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလရွေးကောက်ပွဲမှတက်လာသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံတို့သည် ၂၀၁၆ ခုနှစ် ဩဂုတ်လ နှောင်းပိုင်းတွင် “ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ”၌ ငြိမ်းချမ်းရေးကိစ္စများစတင်ဆွေးနွေးရန်အတွက် တွေ့ဆုံကြတော့မည်ဖြစ်သည်။

နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးတက်ရောက်ရန်အတွက် ရောက်ရှိလာကြသည့် လွှတ်တော်ကိုယ်စားလှယ်များကို ၂၀၁၆ ခုနှစ် မတ်လက မြင်တွေ့ရစဉ်။ 

© 2016 Reuters

“အမျိုးသားများကတိကဝတ် - မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းမှုများနှင့် နိုင်ငံရေး အပြောင်းအလဲတွင် အမျိုးသမီးများ၏ ပါဝင်ပတ်သက်မှု” သည် မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှုများတွင် အမျိုးသမီးများပါဝင်ပတ်သက်မှု မည်မျှရှိသည်၊ စစ်၏ အနိဋ္ဌာရုံများ အမျိုးသမီးများအပေါ် မည်သို့သက်ရောက်သည်တို့ကို လေ့လာဆန်းစစ်ထားသည်။ မြန်မာနိုင်ငံ၌ တိုက်ပွဲများဖြစ်ပွားနေမှုကို ရပ်တန့်ရန်အတွက် လေးနှစ်တာနီးပါးတွေ့ဆုံဆွေးနွေးခဲ့မှုများတွင် အမျိုးသမီးများသည် လုံးဝနီးပါးပျောက်ကွယ်နေခဲ့သည်ကိုတွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ပြီး ကျန်အမျိုးသမီးအချို့ကလည်း အဆိုပါစေ့စပ်ညှိနှိုင်းများတွင် ပါဝင်သည့် အဖွဲ့အစည်းများ၌ ဦးဆောင်နေရာများယူထားကြသော်လည်း ၂၀၁၂ ခုနှစ်မှစပြီးကျင်းပခဲ့သည့် အဓိက ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး ၈ ခုသို့ တက်ရောက်ခဲ့သည့် အဆင့်မြင့်ကိုယ်စားလှယ် ၁၉၅ ဦးအနက် အမျိုးသမီး ၁၀ ဦးသာပါရှိခဲ့သည်။

“မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ သူတို့နိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်ရာမှာ အဓိပ္ပာယ်ပြည့်ဝပြီး ဘက်စုံလွှမ်းခြုံတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ထိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့အမျိုးသမီးတွေဟာ မတော်မတရား ပြုကျင့်ချိုးဖောက်မှုတွေကို ကာလရှည်ကြာခံစားခဲ့ကြရပေမယ့်လည်း လူ့အခွင့်အရေးအခြေအနေတွေ တိုးတက် ကောင်းမွန်လာစေဖို့အရေးအတွက် ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ကြပြန်ပါတယ်။ ခုတော့ဖြင့် သူတို့ရဲ့အသံတွေဟာ ရှေ့တန်းမှာ၊ အဓိကနေရာမှာ ရှိနေသင့်ပါပြီ”ဟု လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့မှ အမျိုးသမီးအခွင့်အရေးရှေ့နေဖြစ်သူ ဆာရာ တိုင်လာ (Sarah Taylor)က ပြောသည်။

၂၀၁၆ ခုနှစ် မေလအတွင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့သည် အမျိုးသမီးအခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ လက်နက်ကိုင်အဖွဲ့အစည်းကိုယ်စားလှယ်များ၊ အပစ်အခတ်ရပ်စဲရေးကိုစောင့်ကြည့်သူများနှင့် နိုင်ငံခြား သံတမန် စသည့် လူပုဂ္ဂိုလ် ၂၅ ဦးကျော်ကို တွေ့ဆုံစကားပြောခဲ့သည်။ အ မျိုးသမီးအခွင့်အရေးအဖွဲ့အစည်းများ၏ ပြောကြားချက်အရ အစိုးရအရာရှိများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များသည် ဆွေးနွေးပွဲများ အတွင်း အမျိုးသမီးအခွင့်အရေးကိစ္စကိုပါထည့်သွင်းပေးရန် တောင်းဆိုခံရသည့်အခါ အမျိုးသမီးများအား မတူသလိုမတန်သလိုဆက်ဆံခြင်းဖြစ်စေ၊ “ကဖျက် ကယက်လုပ်သူများ”အနေဖြင့်ဖြစ်စေ ဆက်ဆံကြသည်ဟု သိရသည်။ လက်ရှိသွားနေသည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲများသို့ တက်ရောက်နေသည့် ကိုယ်စားလှယ် များထံ အမျိုးသမီးများက ၎င်းသို့အရေးကိစ္စကိုနားသွင်းရန်မှာ အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား လက်ဖက်ရည်သောက်နားချိန် များသာဖြစ်သည်ဟု  အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားမှုတွင် ဦးဆောင်သူတစ်ဦးက ပြောသည်။

အမျိုးသမီးများသည် ပဋိပက္ခဒဏ်များကိုခံစားရခြင်းကြောင့်သာမကဘဲ ၎င်းတို့ပါဝင်ခြင်းဖြင့် မည်သည့် ငြိမ်းချမ်းရေးသဘောတူညီမှုမှာမဆို လူ့အခွင့်အရေးကိစ္စအားလုံးကိုကူညီဖြေရှင်းနိုင်ခြင်းကြောင့်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ယခုထက်ပိုမိုပါဝင်သင့်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။ အဓွန့်ရှည်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရရှိရန်အတွက် ၎င်းအချက်သည် အလွန်အရေး ကြီးသည်။

၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရချိန်မှစပြီး ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲများကာလတစ်လျှောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုဒဏ်ကို မြန်မာပြည်သူပြည်သားများ ခံစားခဲ့ကြရသည်။ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများမှာလည်း ခရီးမပေါက်နိုင်အောင် ဖြစ်ခဲ့ရသည်။

မြန်မာနိုင်ငံရဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသမီးအခွင့်အရေး အပေါ် လေးစားမှုကို မြှင့်တင်လိုစိတ် ခိုင်ခိုင်မာမာရှိသင့်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီးများအား တင်းပြည့်ကျပ်ပြည့်ပါဝင်ခွင့်ပေးရေးအပြင် အစိုးရအသစ် အနေဖြင့် လုပ်ဆောင်သင့်သည်မှာ ယခင်အစိုးရအဆက်ဆက်က ပြဋ္ဌာန်းခဲ့သော အမျိုးသမီးအခွင့်အရေးများကို ထိပါးသည့် ဥပဒေများနှင့် အမျိုးသမီးများအပေါ် လုံလောက်သော ကာကွယ်မှုကို မပေးနိုင်သော ရာဇဝတ် ဥပဒေများကို ဖျက်သိမ်းခြင်း သို့မဟုတ် ပြင်ဆင်ခြင်းပင်ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။ မိသားစုအတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုကို လည်းကောင်း၊ လုပ်ငန်းခွင်အတွင်း လိင်ပိုင်း စော်ကား နှောင့်ယှက်မှုကိုသော်လည်းကောင်း ရာဇဝတ်မှုအဖြစ် သတ်မှတ်အပြစ်ပေးသော သီးခြားဥပဒေဟူ၍မရှိသလို လက်ရှိ ဥပဒေကလည်း အကြမ်းဖက်သည့်ယောကျာ်းများအပေါ် ရုံးတော်၏တားမြစ်မိန့်ထုတ်ခြင်း ကဲ့သို့သော နိုင်ငံတော်၏အကာကွယ်ကို အမျိုးသမီးများရယူနိုင်အောင် ပေးမထားပါ။

နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် ကုလသမဂ္ဂလုံခြံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ပါမူများ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲဆုံးဖြတ်ချက်များအရ နိုင်ငံအစိုးရများအနေဖြင့် အများနှင့်သက်ဆိုင်သည့်ဘဝအတွင်း အမျိုးသမီးများအပေါ်ခွဲခြားဆက်ဆံမှုဖယ်ရှားနိုင်ရေးနှင့် အများပြည်သူ ရေးရာကဏ္ဍများတွင် ၎င်းတို့၏ပါဝင်ဆောင်ရွက်ပိုင်ခွင့်ကို လေးစားနိုင်ရေး ခြေလှမ်းများစတင်လှမ်းရန် တာဝန်ရှိသည်။ ထိုသို့သော အရေးယူလုပ်ဆောင်မှုများသည် မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခများ မဖြစ်အောင် ကြိုတင်ကာကွယ်ရာတွင်၊ အဆုံးသတ်အောင်လုပ်ရာတွင် အမျိုးသမီးများ၏မရှိမဖြစ်အခန်းကဏ္ဍဆိုင်ရာ စံချိန် စံညွှန်းကို သတ်မှတ်ပေးသည့် လုပ်ဆောင်ချက်များဖြစ်သင့်သည်။ ၎င်းတွင် ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းခြင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ခြင်းတို့ ပါဝင်သည်။

“မြန်မာနိုင်ငံရဲ့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသမီးအခွင့်အရေး အပေါ် လေးစားမှုကို မြှင့်တင်လိုစိတ် ခိုင်ခိုင်မာမာရှိသင့်ပါတယ်။ အမျိုးသမီးတွေဟာ ဆွေးနွေးပွဲတွေမှာ အရေးပါတဲ့ နေရာတစ်ခု ရှိတယ်ဆိုတာကို မဖြစ်ဖြစ်အောင်ပြသခြင်းအားဖြင့် လာမယ့် ၂၁ ရာစု ပင်လုံညီလာခံကတင်ပဲ ဒါကို စတင်မယ်ဆိုရင်ဖြစ်နိုင်ပါတယ်” ဟု တေလာက ပြောသည်။