ထိုင်းတရားရုံးတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ခရစ္စမတ်အကြိုနေ့တွင် သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွင်း ပြစ်တင်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့သည်။ ၂ဝ၁၄  စက်တင်ဘာလအတွင်းက ထိုင်းအပန်းဖြေစခန်း ခိုတောင်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့်နှစ်ဦး ဖြစ်သည့် ဒေးဗစ်မေလာနှင့် ဟန်နာဝီသာဝေ့ချ်တို့ကို သတ်ဖြတ်သည်ဆိုသော စွပ်စွဲမှုဖြင့် အသက် ၂၂ နှစ် ဝန်းကျင် အရွယ်များဖြစ်ကြသည့် ဇော်လင်း၊  ဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့သည်။

သံသယဖြစ်ခံရသူ ၎င်းတို့နှစ်ဦးထံမှ ကနဦးဖြောင့်ချက်များ ရရှိစေရန် ရဲတို့က နှိပ်စက်ညှဉ်းပန်းခဲ့သည်ဆိုသော ပြောဆိုမှုများအပါအဝင် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု၊ တရားရုံးစစ်ဆေးကြားနာမှုတို့အပေါ် ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ထိုင်းရဲတပ်ဖွဲ့က ထိုစွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ ပြစ်ဒဏ်ချမှတ်ရာတွင် အဓိကသက်သေအဖြစ် ဆွဲယူခဲ့သည့် ဝီသာဝေ့ချ် အဓမ္မပြုကျင့်ခံရမှုတွင် တွေ့ရသော ဒီအင်န်အေနှင့်ပတ်သက်၍ ထိုင်း၊ သြစတြေးလျတို့မှ သေမှုသေခင်းစစ်ဆေးရေးပညာရှင်များက မေးခွန်းထုတ်ခဲ့ကြသည်။ တရားခံတို့၏ ရှေ့နေများက တရားရုံး စီရင်ချက်အပေါ် အယူခံဝင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ၂ ဦး သေဒဏ် စီရင်ချက် ချခံရခြင်းနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၅ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးအနီး ဆန္ဒပြနေသူများ

ဓာတ်ပုံ - Reuters/စိုးဇေယျာထွန်း

ယင်းစီရင်ချက်အပေါ် ပြန်လည်သုံးသပ်ပေးရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများက တောင်းဆိုခဲ့ကြသည်။ ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးအနီးတွင်လည်း ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၂၅,ဝဝဝ က စုပေါင်းလက်မှတ်ရေးထိုးကာ မျှတသောတရားစီရင်ရေးအတွက် တောင်းဆိုခဲ့သကဲ့သို့ နှစ်နိုင်ငံနယ်စပ်မြို့များတွင် ဆန္ဒပြုမှုများလည်း လုပ်ဆောင်ခဲ့သည်။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ကလည်း ရန်ကုန်မြို့တွင် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ အမှုသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်သန်းကျော် ဆိုးရွားစွာ ဆက်ဆံခံနေရမှုကို မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေသည်။ ယင်းကဲ့သို့ ဆက်ဆံခံရမှုသည်လည်း  အိမ်နီးချင်းနှစ်နိုင်ငံအကြား မကြာခဏတင်းမာမှုကို ဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ကမ်းလွန်ငါးဖမ်းလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ အထည်စက်ရုံများ၊ လူသုံးကုန်ပစ္စည်းစက်ရုံများ အပြင် နိုင်ငံ၏ဘဏ္ဍာငွေအမြောက်အများကို ရရှိစေသည့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း၌ပင် လူသတ်မှု၊ ရိုက်နှက်မှု၊ လူကုန်ကူးမှု၊ အလုပ်သမားတို့အပေါ် နှိပ်စက်မှုများကို ထိုင်းရဲများ၊ အစိုးရအရာရှိများ၊ အလုပ်ရှင်များက ပါဝင်ကျူးလွန်နေကြသည်။ ယင်းလုပ်ရပ်များကို Human Rights Watch အဖွဲ့နှင့် အခြားအဖွဲ့အစည်းများက ဆယ်စုနှစ်ပေါင်းများစွာကပင် မှတ်တမ်းများ ပြုစုထားကြသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိလာသည့်တိုင် အလုပ်သမားများက အန္တရာယ်များရောပြွမ်းနေသည့် ထိုင်းနိုင်ငံတွင် အဘယ်ကြောင့် အလုပ်သွားရောက်လုပ်ကိုင်နေကြ  သနည်း။ မြန်မာနိုင်ငံနေရာအများအပြားတွင် ရှိနေသေးသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ၊ ထိုက်သင့်သည့်လစာမရရှိမှု၊ ညံ့ဖျင်းသည့် လုပ်ငန်းခွင် အခြေအနေတို့သည်လည်း  ရွှေ့ပြောင်းလုပ်ကိုင်ရမှုတွင် အကြောင်းရင်းများအဖြစ်  ပါဝင်နေသည်။ ယခုသေဒဏ်ချမှတ်ခံရသည့် မြန်မာလူငယ်နှစ်ဦးတို့၏ ဇာတိဖြစ်သော ရခိုင်ပြည်နယ်တွင် လုပ်ငန်းခွင်အခြေအနေ ညံ့ဖျင်းမှု၊ အလုပ်အကိုင် စီးပွားရေးအခွင့်အလမ်းနည်းပါးမှုများ ပေါ်ပေါက်နေသည်။ စစ်အစိုးရ၏ ဆယ်စုနှစ်ပေါင်းများစွာ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများ၊ အခြေခံ လူနေမှုဘဝလိုအပ်ချက်များ မရရှိခြင်း စသည်တို့တွင် ရခိုင်ပြည်နယ်အနေဖြင့် အခြား ပြည်နယ်တို့ထက် ပိုမိုဆိုးရွားစွာ ခံစားခဲ့ရသည်။

အလုပ်သမားများမှာ မိသားစုထံ ငွေပြန်ပို့နိုင်ရန် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်နေကြရသည်။ မိမိတို့ဒေသအတွင်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးနေသော်လည်း ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းနှင့် အခြားအကျိုးကျေးဇူးများ ခံစားရခွင့် နည်းပါးသည်။ ထိုင်းတရားရုံးက ရခိုင်လူငယ်နှစ်ဦးကို ခိုတောင်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်လိုက်သည့် အချိန်မှာပင်     ကျောက်ဖြူမြို့နယ်အတွင်း မြေဧက ၄,ဝဝဝ ပေါ်တွင် အထူးစီးပွားရေးဇုန်တစ်ခု၊ ရေနက်ဆိပ်ကမ်းတစ်ခုတို့ကို တရုတ်နှင့်  ထိုင်းစီးပွားရေးကုမ္ပဏီများ လုပ်ကိုင်ခွင့်အတွက် လွွှတ်တော်က အတည်ပြုလိုက်သည်။ သို့သော် ယင်းခွင့်ပြုချက်တွင် အလုပ်သမားအခွင့်အရေး ကာကွယ်မှုအတွက်  ပြဋ္ဌာန်းချက်များ မပါဝင်ဘဲ စီမံကိန်းတွင် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရန်သာ ဆောင်ရွက်ထားသည်။

ခိုင်ခံ့လုံခြုံမှုမရှိသည့်  လှေများဖြင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ  မလေးရှားသို့ ရွှေ့ပြောင်းနေကြသည့် ရိုဟင်ဂျာမွတ်ဆလင်များ၏ ဒုက္ခကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေကြသည်။ ရခိုင်ပြည်နယ်အတွင်း  လူမျိုးရေးအဓိကရုဏ်းအပြင်  ဆင်းရဲနွမ်းပါးသည့် ရခိုင်ဗုဒ္ဓဘာသာဝင်များအနေဖြင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ပြီး နှိပ်စက်ညှဉ်းပန်းမှုများ ကြံုတွေ့နေရသည့်အပြင်  လူကုန်ကူးသမားများ၊  အလုပ်အကိုင်ပွဲစားများ၏ လိမ်လည်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ယင်းကဲ့သို့ ဒုက္ခနှင့် ရင်ဆိုင်ကြံုတွေ့နေရခြင်းသည် မြန်မာစစ်အစိုးရကြောင့် ဖြစ်ရသည်ဟု ရခိုင်တိုင်းရင်းသား အများအပြားက နားလည်ထားကြသည်။

မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင်  မြေသိမ်းမှုများဖြစ်ပွားနေခြင်းကလည်း  ကျေးလက်နေပြည်သူတို့၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ထိခိုက်စေပြီး ၎င်းတို့၏ သားသမီးများကို နယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ကာ အလုပ်လုပ်ခိုင်းထားရသည်။ သဘာဝရင်းမြစ်များ တူးဖော်ထုတ်လုပ်ရာတွင် မြေယာဆုံးရှုံးမှုအများအပြား ဖြစ်ပွားနေခြင်းကြောင့် ကျေးလက်ဒေသအချို့တွင် မတည်ငြိမ်မှုနှင့် လာရောက်လုပ်ကိုင်သည့် ကုမ္ပဏီတို့အပေါ် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။ မြေယာသိမ်းမှုအချို့တွင် စစ်တပ်၏ ပါဝင်မှုများလည်း ရှိကြောင်း Global Witness အဖွဲ့၏ လေ့လာဆန်းစစ်မှုတစ်ရပ်တွင် ဖော်ပြထားသည်။ ၂ဝ၁၅ ခုနှစ်အတွင်းက ကရင်ပြည်နယ်၊ ဘားအံမြို့အတွင်းရှိ ကျေးရွာအချို့သို့ ရောက်ရှိခဲ့ရာတွင် အာဏာပိုင်များ၊ စစ်တပ်အရာရှိကြီးများ၏ မတရားသဖြင့် မြေသိမ်းယူမှု၊ စီးပွားရေးလက်ဝါးကြီးအုပ်မှု၊ အစိုးရကိုဝေဖန်သူများကို ခြိမ်းခြောက် ဖမ်းဆီးမှု၊ မြေယာဆုံးရှုံးခြင်းအတွက် လျော်ကြေးမရမှုတို့ကြောင့်  ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည့် အသက် ၂ဝ ဝန်းကျင် လူငယ်တချို့နှင့် တွေ့ခဲ့ရသည်။ ၂ဝ၁၁ တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာရာ  နိုင်ငံအတွင်း အခွင့်အလမ်းကောင်းများ ပေါ်ပေါက်လာပြီး ထိုင်းမှ ပြန်လာရမည်ဖြစ်သော်လည်း မိမိတို့ဘဝတိုးတက်မလာသည့်အပြင် ပိုမိုဆိုးရွားမှုများကို ကြံုတွေ့လာရသည့် နောက်ထပ်မျိုးဆက်တစ်ခုသည်လည်း ပြည်ပသို့ပင် ထွက်ခွာ အလုပ်လုပ်ကိုင်ကြရပြန်သည်။

ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး မကြာမီလပိုင်းအတွင်းကပင် အရပ်သားတစ်သောင်းကျော် နေရပ်စွန့်ခွာ  ထွက်ပြေးရသည်။ ၎င်းတို့အနက်မှ အများအပြားသည်  ထိုင်းနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိသွားကြကာ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းစစ်ကြောင့် ထွက်ပြေးပြီး ယင်းဒေသသို့ ရောက်ရှိနေကြသည့် ရှမ်းတိုင်းရင်းသား ထောင်ပေါင်းများစွာထံ ရောက်ရှိသွားကြသည်။ ငြိမ်းချမ်းရေးနှင့်တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပြောနေကြသော်လည်း မြန်မာနိုင်ငံတွင်  ၂ဝ၁၁  မှစတင်၍ လက်နက်ကိုင်တိုက်ခိုက်မှုများ ပြန်လည်မြင့်တက်လာသည်။ ကချင်ပြည်နယ်တွင် ပြင်းထန်သည့် တိုက်ပွဲများကြောင့်  အရပ်သား  ၁၃ဝ,ဝဝဝ ခန့် အိုးအိမ်စွန့်ခွာနေရပြီး အိမ်နီးချင်းနိုင်ငံများသို့ မြန်မာနိုင်ငံသားများ ထပ်မံ ရွှေ့ပြောင်းမည့်အခြေအနေရှိနေသည်။

မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများအပြားက ခိုတောင်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်တုန်လှုပ်နေကြပြီး ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အနှိမ်ခံနေရမှုအပေါ် မကျေနပ်ကြသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပေ။  ရွှေ့ပြောင်းအခြေချနေထိုင်သူများအပေါ်  လူ့အခွင့်အရေးချိုးဖောက်မှုများ  ရပ်တန့်ရန်  ထိုင်းအစိုးရကို တောင်းဆိုနေကြသော်လည်း မကြာမီအာဏာရလာတော့မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့်  လူနေမှုဘဝများစွာကွာဟခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခံရခြင်းတို့ကြောင့် မြန်မာနိုင်ငံသားများ နှစ်ပေါင်းများစွာကပင် ပြည်ပထွက် အလုပ်လုပ်နေရမှု ပြဿနာကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်နေသည်။

သဘာဝရင်းမြစ်သယံဇာတများမှရရှိသော အကျိုးအမြတ်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အသက်မွေးဝမ်းကျောင်း အာမခံချက်မရှိသေးသော ကျေးလက်ဒေသနေ နွမ်းပါးသည့် ပြည်သူများ အတွက် ထိထိရောက်ရောက်  မျှဝေသုံးစွဲခြင်းမပြုသရွေ့ မြန်မာနိုင်ငံကို အနာဂတ်စီးပွားရေး အလားအလာကောင်းများရှိနေသည့် နိုင်ငံအဖြစ် သတ်မှတ်ရန် ခဲယဉ်းပေလိမ့်မည်။     ။