Skip to main content

မြန်မာ - တပ်မတော်စုံစမ်းစစ်ဆေးမှုမှ ရက်စက်ယုတ်မာမှုများကို ငြင်းဆို

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအထူးလုပ်ငန်းအဖွဲ့အား ရခိုင်ပြည်နယ်သို့ အပြည့်အဝသွားရောက်ခွင့်ပြု

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၇ ရက် ရခိုင်ပြည်နယ်၊ မောင်တောမြို့အပြင်ဘက်ရှိ ရိုဟင်ဂျာရွာဈေးမှ မီးလောင်ကျန်ရှိသည့်အရာများဘေးတွင် မိသားတစ်စုရပ်နေစဉ်။ © ၂၀၁၆ ခုနှစ် စိုးဇေယျာထွန်း/ရွိုက်တာ

(ရန်ကုန်) – မြန်မာ့တပ်မတော်သည် ရခိုင်ပြည်နယ်ရှိညှဉ်းပန်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရာ အသေးအဖွဲ အဖြစ်အပျက်နှစ်ရပ်မှလွဲ၍ အမှားကျူးလွန်မိကြောင်းမတွေ့ရှိရဟု ၂၀၁၇ မေလ ၂၃ ရက်နေ့က ကြေငြာခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ယနေ့ပြောကြားလိုက်ပါသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှစတင်၍ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရိုဟင်ဂျာတိုင်းရင်းသားများကို ကြီးလေးစွာညှဉ်းပန်းနှိပ်စက်မှုများအပေါ် တပ်မတော်မှ ၄င်း၏စစ်တပ်များတွင်တာဝန်ရှိကြောင်းတွေ့ရှိရန်ပျက်ကွက်မှုမှာ မြန်မာနိုင်ငံအစိုးရအနေဖြင့် ကုလသမဂ္ဂနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအထူးလုပ်ငန်းအဖွဲ့အား အတားအဆီးမရှိသွားရောက်ခွင့်ပြုရန် အရေးတကြီးလိုအပ်နေကြောင်း ပြသလိုက်ခြင်းဖြစ်ပါသည်။

“ခိုင်လုံသော အထောက်အထားများရှိသည့် ညှဉ်းပန်းနှိပ်စက်မှုများအပေါ်မြန်မာ့တပ်မတော်မှငြင်းဆိုခြင်းမှာ အမှန်တရား၊ တာဝန်ယူမှုနှင့် လူ့အခွင့်အရေးလေးစားမှုတို့ကို ပမာမထားကြောင်း ပြောင်ပြောင်တင်းတင်းပြသလိုက်သည်” ဖြစ်ကြောင်းနှင့် “ဒေါ်အောင်ဆန်းစုကြည်၏အစိုးရအနေဖြင့် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအထူးလုပ်ငန်းအဖွဲ့အား မြန်မာနိုင်ငံသို့လာရောက်ခွင့်ပြုရန်နှင့် ပဋိပက္ခဖြစ်နေသည့်ဒေသများသို့ အပြည့်အဝသွားရောက်နိုင်ရေး တပ်မတော်မှခွင့်ပြုရန်အတွက်တိုက်တွန်းဖို့လိုအပ်ကြောင်း တပ်မတော်၏ဖြေရှင်းဆောင်ရွက်ပုံမှ မီးမောင်းထိုးပြလိုက်သည်” ဖြစ်ကြောင်း အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး (ဖီးလ်ရောဘတ်စင်) Phil Robertson က ပြောကြားလိုက်ပါသည်။

စစ်ဦးစီးချုပ်ရုံးမှ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းဦးဆောင်သည့် တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဖေဖော်ဝါရီလ ၁၀ ရက်မှ မတ်လ ၄ ရက်အတွင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာပေါင်း ၂၉ ရွာမှ ရွာသား ၂၈၇၅ ဦးကို တွေ့ဆုံမေးမြန်း ခဲ့ကြောင်း သိရှိရပါသည်။ ရွာသား ၄၀၈ ဦးထံမှ သက်သေခံထွက်ဆိုချက်များကို အသံဖမ်းယူခဲသည့်အပြင်  စစ်သားအယောက် ၂၀ဝ ကျော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံမေးမြန်းခဲ့သည်ဟု ၄င်းအဖွဲ့မှပြောပါသည်။ ၄င်းအဖွဲ့မှပြောဆိုခဲ့သည်ဟူသော ရွာသား ဦးရေကို အမှန်တကယ်တွေ့ဆုံမေးမြန်းခဲ့နိုင်ရန်မှာ ရခိုင်ပြည်နယ်အတွင်းရှိနေစဉ် နေ့စဉ်အနည်းဆုံးလူ ၁၂၅ ဦးကို တွေ့ဆုံ မေးမြန်းရမည်ဖြစ်ပါသည်။

တပ်မတော်၏စုံစမ်းစစ်ဆေးမှုအရ ညှဉ်းပန်းနှိပ်စက်မှု နှစ်မှုတွေ့သည်ဟုဆိုပါသည်။ တစ်မှုမှာ မော်တော်ဆိုင်ကယ် ခိုးမှုဖြစ်ပြီး ထိုခိုးမှုအတွက် စစ်သားတစ်ဦးအား ထောင်ဒဏ်တစ်နှစ်နှင့် ဒဏ်ငွေချမှတ်လိုက်ပါသည်။ အခြားအမှုမှာ မီးလောင်နေသည်ကို ငြိမ်းသတ်ရာတွင်မကူညီသည့်အတွက် တပ်မတော်အမှုထမ်းများမှ ရွာသားများကို ရိုက်နှက်သည့် အမှုဖြစ်ပြီး ၄င်းအမှုအတွက် အရာရှိတစ်ဦး “ပြစ်ဒဏ်ချမှတ်ခံရကာ သတိပေးခံရ” ပြီး စစ်သားနှစ်ဦး ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရပါသည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာပါ တပ်မတော်အပေါ် စွပ်စွဲချက်များသည် “လုံးဝမှားယွင်းသည်” သို့မဟုတ် “မှားယွင်းသည့်စွပ်စွဲမှုများနှင့် ပုံကြီးချဲ့ပြောဆိုခြင်းများကြောင့် မှန်ကန်မှု မရှိကြောင်း” စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကောက်ချက်ချခဲ့ပါသည်။

ခိုင်လုံသော အထောက်အထားများရှိသည့် ညှဉ်းပန်းနှိပ်စက်မှုများအပေါ်မြန်မာ့တပ်မတော်မှငြင်းဆိုခြင်းမှာ အမှန်တရား၊ တာဝန်ယူမှုနှင့် လူ့အခွင့်အရေးလေးစားမှုတို့ကို ပမာမထားကြောင်း ပြောင်ပြောင်တင်းတင်းပြသလိုက်သည်
Phil Robertson

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက် အခြေစိုက်ရဲစခန်းသုံးခုအပေါ်တိုက်ခိုက်မှုများနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် မြန်မာ့လုံခြုံရေးတပ်ဖွဲ့များမှ ကျူးလွန်ခဲ့သည့် ကြီးလေးသည့်လူ့အခွင့်အရေးချိုးဖောက်မှုများစွာကို ကမ္ဘာ့ကုလသမဂ္ဂ၊ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့နှင့် အခြားအဖွဲ့အစည်းများမှ မှတ်တမ်းတင်ထားပါသည်။ လူ့အခွင့်အရေးစောင့်ကြည့်မှု အဖွဲ့သည် ဥပဒေမဲ့သတ်ဖြတ်ခြင်းများအမျိုးသမီးများနှင့်မိန်းကလေးများကို မုဒိမ်းကျင့်ခြင်းများ၊ အနည်းဆုံး အဆောက်အဦး ၁၅၀ဝ ခန့်ကို မီးရှို့ခြင်းများကို မှတ်တမ်းတင်ထားပါသည်။ အကြမ်းဖက်မှုများကြောင့် လူအများအပြား အိုးအိမ် ဆုံးရှုံးခဲ့ရပါသည်။ လူပေါင်းခုနစ်သောင်းကျော်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး နှစ်သောင်းကျော်မှာ ပြည်တွင်းတွင် ယာယီ အိုးမဲ့အိမ်မဲ့ ဖြစ်နေပါသည်။ရိုဟင်ဂျာများအပေါ်တိုက်ခိုက်မှုသည် လူသားများအပေါ် ပြစ်မှုကျူးလွန်ခြင်းဖြစ်ရန် “အလွန်အလားအလာရှိသည်” ဟု ဖေဖော်ဝါရီလ ၃ ရက်ထုတ်ပြန်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် ကောက်ချက်ချထားပါသည်။

အကြမ်းဖက်မှုစုံစမ်းစစ်ဆေးရန် မြန်မာအစိုးရသည် သီးခြားကော်မရှင်လေးရပ် ဖွဲ့စည်းခဲ့သော်လည်း မည်သည့် ကော်မရှင်တစ်ခုကမျှ စိတ်ချရခြင်း မရှိ၊ ဘက်လိုက်မှုကင်းခြင်းမရှိပါ။ မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်တွင် မကြာသေးမီက လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေ်းပိုင်ခွင့်ရှိသော  နိုင်ငံတကာ သီးခြားအချက်အလက်ရှာဖွေရေး အထူးလုပ်ငန်းအဖွဲ့တစ်ရပ်ဖွဲ့စည်းရေးအတွက် လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့ပါသည်။ ၄င်းအထူးလုပ်ငန်းအဖွဲ့ကို လာရောက်ခွင့်ပြုမည်ဟု မြန်မာအစိုးရမှ ပြောကြားခြင်းမရှိသေးပါ။

ယခင်မြန်မာအစိုးရစုံစမ်းစစ်ဆေးမှုများတွင် နည်းပညာပိုင်းဆိုင်ရာတွင် နက်ရှိုင်းသည့်အားနည်းချက်များ၊ ဒုက္ခခံရသူများ အပေါ် ဂရုပြုမှုကင်းမဲ့ခြင်းနှင့် မှန်ကန်တိကျသည့်သက်သေထွက်ဆိုချက်များကောက်ယူမှု ကင်းမဲ့ခြင်းများတွေ့ရပါသည်။ ဒုတိယသမ္မတဦးမြင့်ဆွေဦးဆောင်သည့် ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ပြည့်စုံတိကျမှုမရှိသော အချက်အလက်များ သို့မဟုတ် မမှန်ကန်သည့်အချက်အလက်များပေးသည့် နည်းများအသုံးပြုခဲ့ပါသည်။ အစီရင်ခံစာများ၊ သက်သေထွက်ဆိုချက်များနှင့် လူသိရှင်ကြားထုတ်ပြန်သည့် ရိုက်ကူးထားမှုများအရ မြန်မာစုံစမ်းစစ်ဆေးသူများသည် ရွာသူရွာသားများအား နားပူနားဆာလုပ်ခြင်း၊ ငြင်းခုံခြင်း၊ အချက်အလက်များမပြောရန် ပြောဆိုခြင်းများပြုလုပ်ပြီး  လိမ်ညာသည်ဟုစွပ်စွဲကာ မုဒိမ်းကျင့်ခံခဲ့ရသူများအပါအဝင် ဒုက္ခခံခဲ့ရသူများကို ၄င်းတို့၏ကိုယ်ရေးကိုယ်တာကိစ္စများ လျှို့ဝှက်ထားနိုင်ခြင်းမရှိသည့် လူအုပ်ကြီးများရှေ့မှောက် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ပြည်ထောင်စုအဆင့်ကော်မရှင်သည် ဇန်နဝါရီလ ၃ ရက်နေ့တွင် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဘာသာရေးနှိပ်ကွပ်မှုတို့အပေါ် စွပ်စွဲချက်အားလုံးကို ချက်ချင်းပလပ်လိုက်သော ကြားဖြတ်အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အခြားညှဉ်းပန်း နှိပ်စက်မှုများအတွက် လုံလောက်သည့်အထောက်အထားများ ရှာဖွေတွေ့ရှိခြင်း မရှိဟု ဖော်ပြိုခဲ့ပါသည်။ ၄င်းကော်မရှင်မှ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းမရှိသေးပါ။ ထို့အပြင် ထုတ်ပြန်မည့်ရက်စွဲလည်း သတ်မှတ်ထားခြင်း မရှိပါ။

“ယုတ်မာရက်စက်မှုအများအပြားရှိကြောင်း အထောက်အထားများပြားစွာရှိသော်လည်း မြန်မာ့တပ်မတော်ကိုယ်တိုင်မှ ယုံကြည်ရလောက်သည့်စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ထပ်မံပျက်ကွက်ခဲ့သည်” ဖြစ်ကြောင်းနှင့် “အမှန်တရား ဖော်ထုတ်နိုင်ရေးအတွက် မျှော်လင့်ချက်ရှိရန်မှာ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတကာမှ လေးနက်စွာ အချက်အလက်ရှာဖွေရေး လုပ်ငန်းတာဝန်အဖွဲ့၏ ဆောင်ရွက်ချက်များအပေါ် ဆက်လက်၍ အတားအဆီးအဖြစ် ရှိမနေ သငါ့်”ကြောင်း ရောဘတ်စင်က ပြောပါသည်။

Your tax deductible gift can help stop human rights violations and save lives around the world.

Most Viewed