၂၀၁၀ - မတ်လတွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် Tomás Ojea Quintana က မြန်မာပြည်တွင်း အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖေါက်သည့် ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အား ဖွဲ့စည်းသွားရန် ကုလသမဂ္ဂအား တိုက်တွန်း ခဲ့သည်။  မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဥပဒေနှင့် လူ့အခွင့်အရေးများကို  စနစ်ကျကျ ကျယ်ပြန့်စွာဖြင့် ကျူးလွန်နေမှုများဖြေရှင်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ နိုင်ငံ ၁၆ နိုင်ငံက ထောက်ခံခဲ့ပြီးဖြစ်သည်။ ထိုချိုးဖေါက်မှုများတွင် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများနှင့် လူသားချင်းစာနာမှု ဥပဒေများအား ချိုးဖေါက်ခြင်းတို့ပါဝင်ပြီး စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များက ကျူးလွန်နေကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်းရှိ နိုင်ငံတကာလူသားချင်း စာနာထောက်ထားသော ဥပဒေနှင့် လူ့အခွင့်အရေး ချိုးဖေါက်နေမှုများကို စုံစမ်းရန် ကော်မရှင် ဖွဲ့စည်းရန် ကုလသမဂ္ဂ အဖွဲ့များကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က တောင်းဆိုခဲ့သည်။ ထိုကော်မရှင်အဖွဲ့က လူ့အခွင့်အရေး ချိုးဖေါက်သူများအား ဖေါ်ထုတ်၍၊ တာဝန်ရှိသူများကို အရေးယူတတာဝန်ယူရှင်းသွားရန်ဖြစ်သည်။

နိဒါန်း

မြန်မာနိုင်ငံသည် ညှင်းပန်းနှိပ်စက်မှုအများဆုံးရှိသည့် နိုင်ငံများမှတနိုင်ငံဖြစ်သည်။ အစိုးရလုံခြုံရေး အဖွဲ့များက ပရမ်းပတာသတ်ဖြတ်မှုများ၊ လူများအစအနရှာမရအောင် ပျောက်ကွယ်သွားခြင်းများ၊ ညှင်းပန်းနှိပ်စက်မှုနှင့်၊ ပရမ်းပတာ ဖမ်းဆီးမှုများကို ကျူးလွန်လျက်ရှိပြီး၊ တရားစီရင်မှုလည်း မခံရပေ။ လွတ်လပ်စွာစုရုံးခွင့်၊ ဖွဲ့စည်းခွင့်နှင့် ဖေါ်ထုတ်ပြောဆိုခွင့်များကိုလည်း ပိတ်ပင်တား မြစ်ထားသည်။ သတင်းထောက်လှမ်းရေးနှင့် လုံခြုံရေးအဖွဲ့များအား နေရာအနှံ့ ဖြန့်ကျက် ထားသည်။ သတင်းမီဒီယာ လွတ်လပ်ခွင့်အား အနည်းငယ်သာပေးပြီး စာပေစီစစ်ရေးအဖွဲ့နှင့် မှတ်ပုံတင်အဖွဲ့များအား နိုင်ငံရေးဝေဖန်မှုများ အားလုံးကို ဆင်ဆာဖြတ်ရန် အာဏာပေးထားသည်။ မြန်မာနိုင်ငံတွင်းရှိ တရားစီရင်မှုများမှာလည်း လွတ်လပ်ခွင့်မရပဲ စစ်အစိုးရ၏ နှိပ်စက်မှုအတွက်သာ အသုံးချသည်။ ခန့်မှန်းခြေအားဖြင့် နိုင်ငံရေးအကျဉ်းသားများ ၂၁၀ဝ ရှိပြီး၊ ၄င်းတို့ကို ညစ်ပတ်ပေရေသည့် အကျဉ်းထောင်များတွင် ချထားခံရသည်။ ထိုအကျဉ်းသားများတွင် နိုင်ငံရေးအတိုက်အခံများ၊ သံဃာတော်များ၊ သီလရှင်များ၊ သတင်းထောက်များနှင့်၊ နိုင်ငံရေးလှုပ်ရှားသူများပါဝင်ပြီး အကျဉ်းထောင်များတွင် နှိပ်စက်မှုများဒဏ်ကို လူးလိမ့်ခံနေရသည်။

တချိန်တည်းမှာပင်၊ တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများတွင်လည်း စစ်ပွဲများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ရှိနေသည်။ ၁၉၄၈-ခုနှစ် လွတ်လပ်ရေး ရပြီး စတင်တည်ထောင်ချိန်မှစ၍  ပြည်တွင်းပဠိပက္ခများ ဖြစ်ပွားခဲ့သည်။ ၁၉၈၀-နှစ်များတွင် စစ်အင်အား (၂၀ဝ၀ဝ)ခန့်ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင်နှင့် ကွန်မြူနစ်အဖွဲ့များအပါအဝင် လက်နက်  ကိုင် အဖွဲ့ပေါင်း (၃၀) ခန့်မှာ စစ်အစိုးရအား တိုက်နေခဲ့သည်။ ၁၉၈၀ နှင့် ၁၉၉၀ နောက်ပိုင်း စစ်အစိုးရသည် လက်နက်ကိုင်အဖွဲ့ အများစုနှင့် မသေချာသောအပစ်အခတ်ရပ်စဲရေးကို ရယူခဲ့သည်။ သို့သော် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ဖြစ်သည် ကရင်၊ ကရင်နီနှင့် ရှမ်းပြည်နယ်များတွင်ဆက်လက်၍ စစ်အစိုးရအား တိုက်ခိုက်နေခဲ့သည်။ ထိုဒေသများတွင် စစ်ပွဲများအလယ်အလတ်လောက် ပြင်းထန်ပြီး မြန်မာအစိုးရစစ်တပ်များက ကြီးစိုးထားသည်။ ၁၉၉၆-ခုနှစ်မှစ၍ ပြည်တွင်း ပဠိပက္ခကြောင့် သန်းဝက်ခန့်ရှိသည့် လူများမှာ နေရာအတည် တကျမရှိပဲ ရွှေ့ပြောင်း နေရပြီး သောင်းပေါင်းများစွာသော သူများမှာ ထိုင်းနိုင်ငံသို့ ဒုက္ခသည်များ အဖြစ် ရောက်ရှိလာခဲ့ကြသည်။၂၀၁၀ နိုဝင်ဘာလတွင် စစ်အစိုးရက အတုအယောင်ရွေးကော်ပွဲများကျင်းပပြီးနောက် မြန်မာပြည်၏ အချို့နေရာဒေသများတွင် တိုက်ခိုက်မှုများ ပိုမို များပြား လာခဲ့သည်။ မြန်မာစစ်တပ်များက ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်ဆင်မှုများ ပြန်လည်စတင်ခဲ့သည်။  နယ်စပ်ဒေသ နှစ်ဖက်စလုံးတွင်လည်း သောင်းပေါင်းများစွာသော အရပ်သားများ စစ်ပွဲဒါဏ်ကြောင့် နေရာမရဖြစ်ခဲ့သည်။  အရပ်သားများနေထိုင်ရာဒေသများကို တိုက်ရိုက်ပစ်မှတ်ထားပြီး လက်နက်ကြီး၊ လက်နက်ငယ်၊ လက်နက်အပေါ့စား များဖြင့် တိုက်ခဲ့သည်ကို လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပြုစုရေးသားထားသည်။ မြန်မာစစ်တပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အရပ်သားများကို စစ်ပွဲဇုံများသို့ ထောက်ပံ့မှုများသယ်ယူခိုင်းသည်။ ရရဖြင့်ပြုလုပ်ထားသောဗုံးများ၊ လူသတ်မိုင်းများ ထောင်ထားသည့်နေရာများကြား အရပ်သားများကို ဒဏ်ရာရစစ်သည်များအား အတင်းသယ်ဆောင်ခိုင်းသည်။ အရပ်သားများမှာ ချုံခိုတိုက်ခိုက်မှုများကိုလည်း ခံရသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ စုံစမ်းစစ်ဆေး၊ မေးမြန်းချက်များအရ၊ မြန်မာနိုင်ငံတလွှား အကျဉ်းထောင်များမှ မြောက်များစွာသောထောင်သားရဲဘက်များကို အတင်းပေါ်တာလုပ်ခိုင်းခြင်းပြီး “atrocity de-mining” လို့ခေါ်သည့် နင်းမိုင်းများကို ဖော်ထုတ်ရန် စစ်တပ်များရှေ့တွင် လမ်းသွားစေခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနောက်ပိုင်းတွင်လည်း ရိုလင်ဂျာ မူဆလင် လူနည်းစုမျုားမှာ အစိုးရ၏ ပစ်မှတ်ထားခြင်း၊ ခွဲခြားဆက်ဆံမှုဒဏ်ကို နှစ်ဆယ်စုချီပြီး ခံစားနေရသည်။ ၁၉၈၂-ခုနှစ်တွင် စစ်အစိုးရက နိုင်ငံသားဖြစ်ပိုင်ခွင့် ဥပဒေကို သုံးပြီး နိုင်ငံမဲ့သူများအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၇၈-ခုနှစ်နှင့် ၁၉၉၁-ခုနှစ်အတွင်း အတင်းအဓမ္မနှင်ထုတ်ခြင်းကိုခံရပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သိန်းချီပြီး ထွက်ခွာခဲ့ရသည်။ လူဦးရေ တစ်သန်းခန့်ရှိသည့် ရိုဟင်ဂျာများမှာ လွတ်လပ်စွာသွားလာမှု၊ ဝတ်ပြုကိုးကွယ်မှုများနှင့် ကင်းဝေးပြီး၊ ကျန်းမာရေး၊ ပညာရေး အစရှိသည့် အခြေခံ ပြည်သူ့ ဝန်ဆောင်မှုများကိုလည်း မခံစားရပေ။ အသက်မွေးဝမ်းကြောင်းမှုနှင့် အလုပ်လုပ်ပိုင်ခွင့်မျုား ကိုလည်း နှိမ်ထားခြင်း ခံရသည်။ ထိုသို့သော ညှင်းပန်းမှုများက ရိုဟင်ဂျာများအား မြန်မာနိုင်ငံ မှ ထွက်သွားစေချင်သည့် အစိုးရ၏ ပေါ်လစီကို မီးမောင်းထိုးပြလျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီးနောက်၊ ၂၀ဝ၈ အခြေခံဥပဒေအတည်ဖြစ်လာခဲ့သည်။ ထို အခြေခံဥပဒေအရ အစိုးရတပ်ဖွဲ့များက ကျူးလွန်သော ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကင်းလွှင့်ခွင့်ပေးထားသည်။ ၂၀ဝ၈ အခြေခံဥပဒေ၏ ပုဒ်မ ၃ ခုမှာ (တပ်မတော်လို့ခေါ်သည့်) မြန်မာနိုင်ငံ စစ်တပ်အဖွဲ့ဝင်များ နှင့် ၁၉၈၈ နောက်ပိုင်း အစိုးရကောင်စီအဖွဲ့ဝင်များဖြစ်သည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (နအဖ) တို့ကို ၄င်းတို့၏ အတိတ်လုပ်ရပ်များအတွက် ကင်းလွတ်ခွင့်ပေးထားသည်။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပပြီး၊ အရပ်သားအစိုးရပေါ်ပေါက်ရေးကိုအမည်ခံ၍ပြု လုပ်သော်လည်း၊ စစ်တပ်တရားစီရင်ပိုင်ခွင့်မှာမူ တပ်မတော်၏အကြီးအကဲလက်ထဲတွင်သာလုံးဝရှိနေဆဲဖြစ်သည်။ ထိုဥပဒေပုဒ်မများဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနှင့် လူသားချင်းစာနာမှုဥပဒေများကို ဆိုးရွားစွာချိုးဖောက်မှုများကို ကန့်ကွက်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေတားမြစ်ချက်များနှင့် ဆန့်ကျင်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင်းဖြစ်နေသော အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာမှု ဥပဒေချိုးဖေါက်မှု များဟာ ဘာတွေလဲ။

မြန်မာနိုင်ငံစစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား ဖြစ်နေသည့် တိုက်ပွဲများ မှာ အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာမှု ဥပဒေ (စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု) အပေါ် သက်ရောက်အကျုံးဝင်မှုရှိသည်။  တပ်မတော်သည် လူသတ်မိ်ုင်းများသုံးခြင်း၊ စစ်ပွဲဒဏ်ကြောင့် လူများအား နေရာအတည်တကျမရှိပဲ သွားလာမှု ဖြစ်စေခြင်း၊ ပြည်သူများဧ။် ဝမ်းစာလုပ်ငန်းများနှင့် အစားအစား ထောက်ပံ့သယ်ယူမှုများအား နှောင့်ယှက်ဟန့်တားခြင်း၊ ကလေးစစ်သားအသုံးပြုခြင်း၊ နှိပ်စက်ခြင်း၊ မိန်းကလေးငယ်များအား လိင်အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၊ ပြည်သူများနှင့် အဖမ်းခံရ စစ်သူတော်များအား သတ်ဖြတ်ခြင်းနှင့် ပြည်သူများ အပေါ် စနစ်ကျကျ ကျယ်ပြန့်စွာဖြင့် တိုက်ခိုက်မှုများကို ကျူးလွန်နေလျက်ရှိသည်။ တပ်မတော်က ပြည်သူ့စစ်ဟုခေါ်သည့် ဒါဇင်ပေါင်းများစွာသော အရပ်တပ်ဖွဲ့များကိုလည်း ထိန်းချုပ်ထားသည်။ ၄င်းတို့က အစိုးရလုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်းပြီး ဆိုးရွားသော လူ့အခွင့်အရေးများ၊ လူသားချင်းစာနာမှုများအားချိုးဖောက်မှုများတွင် ပါဝင်သည်။

အစိုးရမဟုတ်သည့် အခြားလက်နက်ကိုင်အဖွဲ့များလည်း လူသတ်မိုင်း သုံးခြင်း၊ ကလေးစစ်သားစုဆောင်းခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှုများအပါအဝင်၊ အခြားသောကျူးလွန်မှုများကို လုပ်ဆောင်သည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုမျာုးအား စုံစမ်းစစ်ဆေးရန် ကော်မရှင်ကိုဖွဲ့စည်းဖို့ တိုက်တွန်းမှုများ ရှိခဲ့ဖူးပါသလား။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို လေ့လာသုံးသပ်သည့် ယခင်ကနှင့် ယခုလက်ရှိ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော်များက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး၊ ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန်တိုက်တွန်းခဲ့သည်။ ဤစာကိုရေးနေသည့်ကာလမှာပင် နိုင်ငံပေါင်း ၁၆ နိုင်ငံက ထောက်ခံပြီးဖြစ်သည်။ ထိုနိုင်ငံများမှာ သြစတြေးလျ၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ချက်စ့် သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်စတိုးနီးယား၊ ပြင်သစ်၊ ဟန်ဂေရီ၊ အိုင်ရာလန်၊ လက်ဗီယာ၊ လီသူးနီးယား၊ နယ်သာလန်၊ နယူးဇီလန်၊ ဆလိုဗားကီးယား၊ ဗြိသိလျှ၊ နှင့် အမေရိကန်နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားမှု ဥပဒေနှင့် လူ့အခွင့်အရေး များအား ကျူးလွန်မှုများကို ရပ်တန့်စေရန် ကုလသမဂ္ဂ အစီရင်ခံစာများ၊ ဆုံးဖြတ်ချက်များနှင့် စာရွက်စာတမ်းများက မီးမောင်းထိုးပြခဲ့သည်။ သို့သော် ၂၀၁၀-ခုနှစ်မတ်လ အတွင်းတွင် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော်ဖြစ်သည့် Tomás Ojea Quintana က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေနေများအား တင်ပြခြင်းက စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ရန် တောင်းဆိုမှုကို ပိုပြီးထိရောက်ခိုင်မာစေခဲ့သည်။ Tomás Ojea Quintana က “ဆိုးရွားအကျည်းတန်ပြီး စနစ်ကျစွာဖြင့် လူ့အခွင့်အရေးများအား ချိုးဖေါက် နေမှုမှာ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ရှိနေသည်။” ဟု ဆိုသည် ပြီးတော့ သူကဆက်ပြောသည်မှာ။

အုပ်ချုပ်မှုဆိုင်ရာ၊ စစ်ပိုင်းဆိုင်ရာနှင့် တရားစီရင်မှု ပိုင်းဆိုင်ရာ အလွှာအားလုံးကို အာဏာပိုင်များက လွှမ်းမိုးထားသည့် အစိုးရ၏ မူဝါဒကြောင့် ဤသို့လူ့အခွင်အရေး ချိုးဖေါက်မှုများ ဖြစ်ပွားရခြင်းဖြစ်သည်။ ယုံကြည်ရသည့် အစီရင်ခံစာများအရ ထိုလူ့အခွင့်အရေး ချိုးဖေါက်မှု တချို့မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး၏ ဥပဒေများဖြစ်သည့် လူသားမျိုးနွယ်စု တခုလုံး ကို ထိခိုက်စေနိုင်သည့် ရာဇဝတ်မှု (သို့) လူသားချင်းစာနာမှု ဥပဒေများအား ချိုးဖေါက်မှုများ ပါဝင်ဖို့ အလားအလာရှိသည်။ ထိုသို့အလားအလာရှိနေမှုကြောင့် မြန်မာစစ်အစိုးရသည် အချိန်မှီ ထိရောက်စွာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန်လိုအပ်သည်။ ထိုကဲ့သို့တာဝန်ယူ စာရင်းရှင်း သွားရန် အထင်းသားဖေါ်ပြလျက်ရှိသော်လည်း စစ်အစိုးရမှာမူ ယနေ့အထိ မည်သည့် စုံးစမ်း စစ်ဆေးမှုကိုမျှ မလုပ်ချေ။ ထိုသို့တာဝန်မကျေပွန်မှုများကြောင့် ကုလသမဂ္ဂ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးရန် စဉ်းစားကြံစည်ရပေမည်။

၂၀၁၀-ခုနှစ်မေလတွင် ဥရောပ ပါလီမန်အဖွဲ့က စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့ရန်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။ ဇူလိုင်လ ၃၀-ရက်နေ့တွင် အမေရိကန် အထက်လွှတ်တော် (၃၂)ဦးက “မြန်မာနိုင်ငံအတွင်း လူသားခြင်းစာနာမှု ဥပဒေနှင့် လူသားမျိုးနွယ်တစုလုံးကို ထိခိုက်စေသည့် ရာဇဝတ်မှုများ ရှိ မရှိ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ စစ်ဆေးရေးကော်မရှင်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းဖို့ ထောက်ခံရန်” အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Hilary Clinton သို့ စာရေးတင်ပြခဲ့ ကြ သည်။

အစိုးရမဟုတ်သည့်အဖွဲ့အစည်းမြောက်များစွာနှင့် ကုလသမဂ္ဂ အထူးကိုယ်စား လှယ်များကလည်း မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများအား ချိုးဖေါက်နေမှုများ အကြောင်းကို စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးကော်မရှင် တခုအား ဖွဲ့စည်းရန်တောင်း ဆိုခဲ့ သည်။ အချို့အဖွဲ့များက စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ရန် သဘောတူခဲ့ကြသည်။ ထိုအဖွဲ့အစည်းများမှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ဟားဗတ် လူ့အခွင့်အရေးဆိုင်ရာ ကလင်းနစ်၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှုအတွက် အပြည်ပြည်ဆိုင်ရာဗဟိုအဖွဲ့နှင့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့တို့ဖြစ်သည်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟောင်းများဖြစ်သည့် Paulo Pinheiro နှင့် Yozo Yokota တို့လည်းထောက်ခံကြသည်။ Tomás Ojea Quintana ကလူ့အခွင့်အရေးကောင်စီသို့ တင်ပြတောင်းဆို မှုများ နောက်တွင် စစ်အစိုးရက ချက်ခြင်းကန့်ကွက်ခဲ့သည်။ (နောက်ဆက်တွဲကိုကြည့်ပါ)

အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်အား မည်သို့ဖွဲ့စည်းနိုင်သနည်း။

အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး၊ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ(သို့) ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီများက ဆုံးဖြတ်ချက်ချပြီး ဖွဲ့စည်းနိုင်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့၏ လုပ်ပိုင်ခွင့်များက ဘာလဲ။

စုံစမ်းစစ်ဆေးရေးကော်မရှင်က ပါတီအဖွဲ့ပေါင်းစုံမှ ကျူးလွန်ထားသည့် အပြည် ပြည်ဆိုင် ရာ လူသားချင်းစာနာမှုဥပဒေနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို စုံစမ်းစစ်ဆေးပြီး၊ အချက်အလက်များကို စု၍ ထိုသို့ ကျူးလွန်သည့် တရားခံများအား ဖေါ်ထုတ်ပြီး တရားစီရင်သင့်သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသင့်သည်။ ဆိုးရွားသည့်ချိုးဖောက်မှုများကို ကျူးလွန်သူများအား တာဝန်ယူဖြေရှင်းခြင်းနှင့် ထိုသို့ချိုးဖောက်မှုများရပ်ဆိုင်းစေရန် အကြံပေးချက်များပြုသင့်သည်။

တာဝန်ယူရှင်းလင်းမှုသည် အဘယ့်ကြောင့်အရေးပါသနည်း။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနှင့် လူသားချင်းစာနာထောက်ထားသော ဥပဒေများကို ကျူးလွန်သည့် သူများအား တရားစီရင် တာဝန်ယူရှင်းလင်းမှုများ ပြုခိုင်းခြင်းနှင့် စုံစမ်းစစ်ဆေးမှုတို့ကို လုပ်ရန် အပြည်ပြည်ဥပဒေက ချမှတ်ထားသည်။ ထိုသို့သော ပုဂ္ဂိုလ်များအား မိမိတို့ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် လူသားချင်းစာနာမှု ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုများအတွက် တာဝန်ယူရှင်းလင်းစေရန် အရေးကြီးသည်။

အဘယ့်ကြောင့်ဆိုသော ထိုစီရင်ရှင်းလင်းမှုများက အနာဂါတ်ချိုးဖေါက်မှုများကို ဟန့်တား စေမည် ဖြစ်ပြီး ဥပဒေစိုးမိုးရေးကိုလည်း မြှင့်တင်ပြီး အနှိပ်စက်ခံရသူများလည်း စိတ်ဖြေရာ ရမည်ဖြစ်သည်။ ဒါ့အပြင် စစ်တပ်များနှင့် ဥပဒေအရာခံများက စည်းကမ်းလိုက်နာခြင်း၊ လုပ်ငန်းများ လုပ် ဆောင်ရာတွင် ပိုပြီးကောင်းမွန်လာမည်ဖြစ်ပြီး၊ ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း ပိုပြီး ဖြောင့်ဖြူးလာမည်ဖြစ်သည်။ ထိန်းချုပ်မှုနှင့် စီရင်ပိုင်းခြားမှုများကိုလည်း အဓွန့်ရှည်စေမည် ဖြစ်သည်။ စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက တာဝန်ယူစာရင်းရှင်းမှုကို မလုပ်သောကြောင့် အပြည်ပြည်ဆိုင်ရာမှ တာဝန်ယူသွားရန် အလားအလာကို ပြနေသည်။

လူသားချင်း စာနာမှုဥပဒေကို လိုက်နာအောင် စွမ်းဆောင်ရာတွင် နိုင်ငံအစိုးရများ၏ တာဝန်က မည်သည့်အရာများလဲ။

စစ်မက်ဖြစ်ပွားလျက်ရှိသည့် နိုင်ငံများအပါအဝင်မဖြစ်ပွားသည့် အခြားနိုင်ငံများ အားလုံးက ၁၉၄၉-ဂျီနီဗာ သဘောတူညီမှုစာချုပ်အရ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှု ဥပဒေကို ကျူးလွန်နေမှုများအား ရပ်တန့်စေရန် စွမ်းဆောင်ဖို့ တာဝန်ရှိသည်။ ထိုသို့စွမ်းဆောင်ရာတွင် နိုင်ငံအရဖြစ်စေ၊ အုပ်စုအရဖြစ်စေ၊ လုပ်နို်င်ပြီး ကျူးလွန်သူ လူတဦးခြင်းအပေါ်ဖြစ်စေ စစ်တပ် အဖွဲ့(သို့) အစိုးရအပေါ်ဖြစ်စေ ပိတ်ဆို့မှုများ ပြုလုပ်နိုင်သည်။

မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းစစ်များသည် အပြည်ပြည်ဆိုင်ရာ ဘောင်အတွင်း မည်သို့  ကျရောက်အကျုံးဝင်သနည်း။

စစ်အစိုးရနှင့် လက်နက်ကိုင် ပုန်ကန်သူများအကြား ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်ကျင့် ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာသဘောတူညီမှု စာချုပ်များဖြင့် ငြိစွန်းအကျိုးသက်ရောက်မှုရှိသည်။ နိ်ုင်ငံများကျင့်သုံးသည့် ဥပဒေအပေါ် အခြေခံ ထားသည့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်ကျင့် ဥပဒေသည် စစ်မက်ဖြစ်ပွားမှုများနှင့် အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များ အပါအဝင် စစ်အစိုးရအပေါ် တိုက်ရိုက် အာဏာသက်ရောက်မှုရှိသဖြင့် လိုက်နာရန် တာဝန်ရှိသည်။ ၁၉၄၉-ဂျီနီဗာ သဘောတူစာချုပ်မှ ပုဒ်မ (၃-က) အဖမ်းခံရစစ်သည်တော်များ၊ ဒါဏ်ရာရစစ်သားများနှင့် ပြည်သူများအား မည်သို့ပြုကျင့် ဆက်ဆံရမည့် အနိမ့်ဆုံးစံချိန်ကို သတ်မှတ်ပေးထားသည်။

လူသားချင်းစာနာမှု ဥပဒေနှင့် လူ့အခွင့်အရေးများကို ချိုးဖောက်သည့် သူများမှ တာဝန်ယူ ရှင်းလင်း အစီရင်ခံနိုင်ရန် လုပ်ဆောင်ဖို့ ဖိအားပေးရန် ဘယ်သူတွေမှာ တာဝန်ရှိသနည်း။

မိမိတို့၏ပြည်သူများက ထိုသို့သောချိုးဖောက်မှုများတွင်ပါဝင်ပတ်သက်နေမှုကို တာဝန်ယူ ဖြေရှင်းရန် အစိုးရ၏ တာဝန်ပင်ဖြစ်သည်။ အစိုးရတွေက မိမိတို့၏ အုပ်ချုပ်တရားစီရင်ပိုင်ခွင့် နယ်မြေအတွင်းရှိ ထိုချိုးဖောက်သည့် အရာရှိများ (သို့) အခြားသောသူများအားလုံးအား စစ်ဆေး စုံစမ်းရန် တာဝန်ရှိသည်။ အစိုးရသည် ထိုသို့ကျူးလွန်သူများအား ဖေါ်ထုတ်သည့် ချိုးဖောက်မှု များ ရှိမရှိစုံစမ်းရာ နှင့် ရာဇဝတ်ကောင်များအား တရားစီရင်မှုများ ပြုသည့် စစ်ခုံရုံး (သို့) ပြည်တွင်းတရားခုံရုံး (သို့) အခြားအဖွဲ့အစည်းများမှ ဘက်လိုက်မှုမရှိပဲ လုပ်နိုင်ရန် စီစစ်ရမည်။ အပြည်ပြည်စံချိန်နှင့်ကိုက်ညီစွာ ပြစ်မှုကျူးလွန်သူများကိုစီရင်ရမည်။ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့များက ထိုသို့ကျူးလွန်သူများအား ဖေါ်ထုတ်စီရင်ရန် ဥပဒေအရ တာဝန်မရှိ သော်လည်း လူသားချင်းစာနာမှု ဥပဒေကို လိုက်နာရန် ကြတ်မတ်ဖို့တာဝန်ရှိသည်။ တရားရုံးတင် စစ်ဆေးမှုများအားလုံး အပြည်ပြည်ဆိုင်ရာတရားမျှတမှုရှိသည့် စီရင်မှုမျိုးဖြစ်ရမည်။

မြန်မာစစ်တပ်မှကျူးလွန်သည့် ရာဇဝတ်မှုများအတွက် စစ်ဆေးရေးဆိုင်ရာ တရားစီရင်မှုရှိသလား။

၁၉၆၀ ကာကွယ်ရေးဝန်ဆောင်မှု စည်းမျဉ်းနှင့် ၁၉၅၈ ကာကွယ်ရေးဝန်ဆောင်မှု အက်ဥပဒေတွင် မြန်မာစစ်တပ်များလုပ်ဆောင်မှုများအတွက် ပြဌာန်းထားခြင်းရှိသည်။ ထိုဥပဒေ စည်းမျဉ်းက ပြည်သူများအားသတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပန်မှုများကို ဟန့်တားပြီး စစ်သားများ၏ အသက်ကို (၁၈) နှစ် အနည်းဆုံးရှိရမည်ဟုဆိုသည်။ သို့သော်၊ လက်တွေ့မှာမူ မြန်မာစစ်သားများ ၏ ကျူးလွန်မှုများအား စုံစမ်းစစ်ဆေးမှုမှာ အင်မတန်ရှားပါးပြီး၊ ပြစ်ဒဏ်ပေးမှုလည်းမရှိပေ။ အထူး သဖြင့် ရာထူးကြီးသော အရာရှိများမှာ ပိုပြီးကင်းလွတ်သည်။ အစိုးရမဟုတ်သည့် လက်နက်ကိုင် အဖွဲ့များက အခြေခံစည်းမျဉ်းနှင့် စစ်တရားမျှတမှုကို သုံးသည်။ သို့သော်လည်း ထိုသို့စုံစမ်းစစ် ဆေးမှုနှင့် အပြစ်ပေးမှုများအား အပြည်ပြည်ဆိုင်ရာစံချိန်ဖြင့် လုပ်ဆောင်ခြင်းမှာ အတော်ရှားသည်။

အစိုးရမဟုတ်သည့် လက်နက်ကိုင်တပ်ဖွဲ့များက မည်သည့် ချိုးဖောက်မှုများကို ကျူးလွန်ကြသလဲ။

ဤအဖွဲ့များသည် ပြည်သူများနေထိုင်ရာဒေသများတွင် မြေမြုတ်မိုင်းအား ကျယ်ပြန့်စွာ သုံးခြင်း၊ မိန်ကလေးငယ်များနှင့် မိန်းမများအပေါ်လိင်အကြမ်းဖက်မှုများ ပြုခြင်း၊ ဖမ်းမိရ တပ်မတော် စစ်သားများအား စီရင်ခြင်းနှင့်နှိပ်စက်ညှင်ပမ်းခြင်းများ၊ ရက်စက်မှု၊ ပြည်သူများအား အတင်းအဓမ္မ ရွှေ့ပြောင်းစေမှု၊ ကလေးစစ်သားအသုံးပြုမှုနှင့် အတင်းအဓမ္မစုဆောင်းမှု အပါအဝင် လူသားချင်း စာနာမှု ဥပဒေအား ဆိုးရွားစွာချိုးဖောက်မှုများတွင် ပါဝင်သည်။ ကလေးစစ်သားစုဆောင်းခြင်း၊ မြေမြုပ်မိုင်းများ သုံးခြင်းကို စနစ်တကျမှတ်တမ်းတင်စာတမ်းပြုစုထားသည်။ သို့သော် လူသားချင်း စာနာမှုဥပဒေအား ချိုးဖောက်မှုရှိ မရှိ အပေါ်၌ ကောင်းစွာ စာတမ်းပြုစုထားခြင်းမရှိပေ။

ယခုအခါ အစိုးရနှင့် မသေချာမရေရာစွာဖြင့်၊ နှုတ်ဖြင့် အပစ်အခတ်ရပ်စဲမှု ရယူထားသော လက်နက်ကိုင်အဖွဲ့ (၁၇) ဖွဲ့ရှိ သည်။ အချို့အဖွဲ့များသည် တပ်မတောက်၏တိုက်ရိုက်ထိန်းချုပ်မှုအောက်တွင်ရှိသည့် “နယ်ခြားစောင့်တပ်ဖွဲ့” အသွင်သို့ ကူးပြောင်းခဲ့ကြသည်။ ထိုအဖွဲ့များတွင် တိုးတက်သော ဗုဒြွဘာသာ ကရင် အမျိုးသား အစည်းအရုံး (DKBA) ပါဝင်ပြီး နယ်ခြားစောင့်တပ် ၁၀၁၁-၂၂ တပ်ဖြစ်သွားသည်။ ဒီမိုကရက်တစ်ကချင်အဖွဲ့ (NDA-K) လည်းပါဝင်ပြီး ၁၀ဝ၁-၃ ဖြစ်သွားပြီး၊ အခြား ၇ ဖွဲ့လည်းအသွင်ကူးပြောင်းကြသည်။

ထိုနယ်ခြားစောင့်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲမှု ရယူထားသော လက်နက်ကိုင်အဖွဲ့များအား အစိုးရက “ဥပဒေဘောင်အတွင်းသို့ ဝင်လာသူများ”ဟု အစိုးရသတင်း မီဒီယာများတွင် ဖော်ပြထားသည်။ သို့သော် လက်နက်ကိုင်အဖွဲ့အများစုမှာ မိမိလက်နက်ကိုင် စစ်တပ်ကို ဆုတ်ကိုင်ထားမြဲဖြစ်ပြီး မိမိတို့၏ နယ်ပယ်အား ကြီးစိုးအုပ်ချုပ်ပိုင်ခွင့်ပုံစံဖြင့် ရှိနေမြဲ ဖြစ်သည်။ ထိုအဖွဲ့များမှာ တရားဝင် နှင့် တရားမဝင့်တဝင်ဖြင့် အိန္ဒိယ၊ တရုပ်၊ လာအို နှင့် ထိုင်း နယ်စပ်များတွင် ကုန်သွယ်လျှက်ရှိသည်။ အဓိကအဖွဲ့များမှာ စစ်အင်အား ၂၀ဝ၀ဝ - ၂၅၀ဝ၀ ရှိသည ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (UWSA) ၊ ထောင်ပေါင်းချီ၍ စစ်အင်အား ရှိသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ အင်အား ၂၀ဝ၀-၄၀ဝ၀ ရှိသည့် မွန်ပြည်သစ် ပါတီတို့ဖြစ်သည်။ အခြားတိုင်းရင်းသားလက်နက်ကိုင်များမှာ မြန်မာနိုင်ငံ၏ နယ်စွန် နယ်ဖျားတွင် ရှိပြီး အင်အားနည်းသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာ မှု ဥပဒေချိုးဖေါက်မှုများသည် ဘယ်လိုအချိန်၊ အခြေအနေမျိုး ၌ လူသားမျိုးနွယ်တခုလုံးအား ထိခိုက် စေသည့် ဥပဒေအား ချိုးဖေါက်သည်ဟုဆိုနိုင်သနည်း။

လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေသည့် ဥပဒေဆိုသည်မှာ ငြိမ်းချမ်းသော အချိန်၌ဖြစ်စေ၊ စစ်ဖြစ်ချိန်၌ဖြစ်စေ ပြည်သူတရပ်လုံးအား တားမြစ်ထားသည့် အချက်များကို ကျယ်ကျယ်ပြန့်ပြန့်၊ နည်းစနစ်ကျကျဖြင့် ချိုးဖေါက်ကျူးလွန်သည်။ ထိုဥပဒေတွင် အတင်း နေရာရွှေ့ပြောင်းမှု၊ (သို့) သတ်ဖြတ်မှုများပါဝင်ပြီး နှိပ်စက်ညှင်းပမ်းမှုများအား ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်ကျစွာဖြင့် ချိုးဖေါက်မှုများဖြစ်သည်။

လူသားခြင်းစာနာမှု ဥပဒေ ချိုးဖေါက်မှုများအား မည်သည့်အချိန်အခါ၌ စစ်ပွဲဆိုင်ရာရာဇဝတ်မှုဟု သတ်မှတ်သနည်း။

လူပုဂ္ဂိုလ်များမှ လူသားချင်းစာနာမှု တရားဥပဒေ ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချိုးဖေါက်မှုများလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့လုပ်ရာ၌ ရည်ရွယ်ကြံစည်မှုဖြင့် ဖြစ်စေ၊ ဂရုမထားဘဲ ပရမ်းပတာလုပ်ဆောင်မှုဖြစ်စေ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဟု သတ်မှတ်ရမည်ဖြစ်သည်။ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုတွင် အကျဉ်းချုံးသတ်ဖြတ်ခြင်း၊ လူများအစအနရှာမရ ပျောက်ကွယ် ပျောက်ဆုံးမှု၊ နှိပ်စက်မှု၊ကလေးစစ်သား အသုံးပြုမှု၊ ပြည်သူများအပေါ် တမင်ကြံရွယ်မှု ကျယ်ပြန့်စွာဖြင့် ဝလုံးရမ်းမှု၊ အင်အားနှင့် မမျှအောင် လူများအား ကြံရွယ်တိုက်ခိုက်မှုတို့ကို အကြိမ်ကြိမ်အခါခါ ကျယ်ပြန့်စွာ လုပ်ဆောင်မှုတို့ပါဝင်သည်။ လူပုဂ္ဂိုလ်များမှ ထိုသို့စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု၌ အားပေး အားမြှောက်ပြုခြင်း၊ ကူညီပေးခြင်း၊ စီမံပေးခြင်း၊ အထောက်အကူပေးခြင်းအပါအဝင် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ကျူးလွန်ရန် ကြိုးပမ်းမှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်းခံရမည် ဖြစ်သည်။ ထိုသို့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ဖြစ်စေခြင်း၊ စီစဉ်ပေးသည့် လူများအပေါ်၌လည်း စီရင်မှု သက်ရောက်မည်ဖြစ်သည်။ တပ်မှူးများနှင့် အရပ်သား ခေါင်းဆောင်များလည်း ထိုသို့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကော်မရှင်အကြောင်း သိလျက်နှင့် ထိုသို့ကျူးလွန်သူများအား ပစ်ဒဏ်ပေးမှု (သို့) တားမြစ်မှုများကို အလုံအလောက်မပေးနိုင်ခြင်းတို့အတွက် စီရင်မှုခံရမည်ဖြစ်သည်။

မြန်မာအစိုးရသည် ထိုသို့ စစ်ပွဲဆိုင်ရာဥပဒေအား ချိုးဖေါက်မှုများကို စုံစမ်းရာ၌ တာဝန်ကျေပွန်မှု ရှိပါသလား။

မြန်မာအစိုးရသည် မိမိတို့တပ်သားများ (သို့) ဥပဒေရေးရာများအား လုပ်ဆောင်သည့် လူများမှ ရာဇဝတ်မှု ချိုးဖေါက်မှုများဖြင့် စွတ်စွဲချက်များရှိထားသော်လည်း၊ မည်သည့်စုံစမ်းမှုမျှ ထိရောက် လုံလောက်အောင် လုပ်ဆောင်ခြင်းမရှိဖူးချေ။ ၂၀ဝ၂-တွင် Shan Women’s Action Network (SWAN) မှ ရှမ်းမိန်းကလေးများနှင့် မိန်းမများအပေါ် မြန်မာစစ်တပ်မှ အတင်းအဓမ္မပြုကျင့်မှု လိင်အကြမ်းဖက်မှုအကြောင်းကိုဖေါ်ပြထားသည့် “လိုင်စင်ရအတင်းအဓမ္မပြုကျင့်မှု” အစီရင်ခံစာအား ထုတ်ပြန်ပြီးနောက် နအဖ အစိုးရက မြန်မာအမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် စစ်တပ်အရာ ရှိအား စုံစမ်းစစ်ဆေးမှုကို လုပ်ခိုင်းပြီး “လိုင်စင်ရ လိင်ညာမှု” အမည်ရှိစာအုပ်ကိုထုတ်ပြန်ခဲ့သည်။ နအဖက SWAN ၏ အစီရင်ခံမှုများအား လေးနက်စွာဖြင့် စုံစမ်းခြင်းမပြုဘဲ၊ အစီရင်ခံစာရေးသားသူများကိုသာ ထိုးနှက်ချေပခဲ့သည်။

၂၀ဝ၄ တွင် စစ်အစိုးရက ကလေးစစ်သားများအား စုဆောင်းမှုကို ရပ်ရန်ဟူသည့် အမည်ခံဖြင့် “အသက်မပြည့်သူများအား စစ်သားစုဆောင်းခြင်းမှ ကာကွယ်ရန် ကော်မတီ” ကိုဖွဲ့စည်းခဲ့သည်။ အစိုးက ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ (ILO) များဖြင့် အတိုင်းအတာတခုအထိလက်တွဲလုပ် ဆောင်ပြီး၊ စစ်တပ်မှကလေးများအား လွှတ်ပေးခြင်းနှင့် အတင်းစုဆောင်းခြင်း စောဒကတက် မှုများအပေါ် စုံစမ်းစစ်ဆေးခဲ့သည်။ အစိုးရ တရားမဥပဒေနှင့် စစ်ဥပဒေများအရ အသက် ၁၈ နှစ်အောက်ကလေးများ တပ်မတော်သို့ စုဆောင်းမှုမှာ တရားမဝင်ချေ။ ဤအဖွဲ့က ကုလသမဂ္ဂ  အထူးကိုယ်စားလှယ်သို့ ကလေးများနှင့် စစ်ပွဲအား တင်ပြပြီး ILO က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၆၁၂ (၂၀ဝ၅) ဤကလေးငယ်များနှင့် စစ်ပွဲအပေါ်တင်ပြခြင်း၊ အကဲဖြတ်လေ့လာခြင်းများ ပြုလုပ်သည်။

စစ်သားများ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုအား ချိုးဖေါက်မှုဖြင့် အပြစ်ပေးခံရမှုမှာ အင်မတန် နည်းပါးသည်။ ရာထူးနိပ့်သည့် စစ်သားများအား ခိုးမှု၊ (သို့) လိင်အကြမ်းဖက်မှု၊ တရားမဝင် သတ်ဖြတ်မှုများအတွက် ရံဖန်ရံခါ ပြစ်ဒဏ်ပေးလေ့ရှိသော်လည်း ထိုအပြစ်ပေးမှုမှာ ယာယီသီးသန့်သာဖြစ်ပြီး အရပ်တပ်မှူး၏ လက်အောက်တွင်သာ မူတည်သည်။ ၂၀၁၀-တွင် ရာထူးနိမ့်သည့် အရာရှိသုံးဦးက ကလေးစစ်သားစုဆောင်းမှုဖြင့် ထောင်ဒဏ်ချခံရသည်။ တပ်မတော်က တန်ပြန်တိုက်ခိုက်မှု လုပ်ရပ်များအတွင်း ၄င်း၏စစ်ဆင်မှုများကြောင့် ဖြစ်ပေါ်သည့် ညှင်းပန်းမှုအကြောင်း အကြိမ်ပေါင်းများစွာမက တိုင်တန်းအစီရင်ခံ ထားသော်လည်း တကြိမ်တခါမျှ အဓိကထားလေ့လာစုံစမ်းမှုကို တကြိမ်တခါမျှမပြုဖူးချေ။  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း မိမိတို့အဖွဲ့ဝင်များမှ ဆိုး ရွားသည့် ရာဇဝတ်မှုများအား ချိုးဖေါက်မှုရှိသော်လည်း ပြစ်ဒဏ်ပေးမှု၊ စုံစမ်းစစ်ဆေးမှုဟာ အင်မတန် ရှားပါးသည်။ KNLA နှင့် KA တို့သာ ကလေးစစ်သား စုဆောင်းမှု လုပ်ဆောင်မှုများအတွက် ရပ်ရန် တာဝန်ခံ ကတိကဝတ်ပြုခြင်းကို လက်မှတ်ထိုးထားသည်။

အနှိပ်စက်ခံရသူများ၊ အရပ်သားအဖွဲ့အစည်းများ၊ သတင်းမီဒီယာများက ညှင်းပန်းနှိပ်စက်မှု စွဲဆိုထားမှုများအပေါ် စုံစမ်းစစ်ဆေးရန် အစိုးရအား ဖိအားပေးနိုင်ပါသလား။

မြန်မာပြည် စစ်အစိုးရလုံခြုံရေးအဖွဲ့များက ကျူးလွန်ထားသည့် ဆိုးရွားသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် နှိပ်စက်ခံရသူများနှင့် မိသားစုများက အစိုးရအား ဖိအားပေးနိုင်ရန် နည်းလမ်း အနည်းငယ်သာ ရှိသည်။ မြန်မာပြည်သူများမှ အရာရှိများအား မိမိတို့ညှင်းပန်းခံရမှုအကြောင်းကို တိုက်ရိုက်တင်ပြမှု မလုပ်လိုကြပေ။ အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရက ထိုသို့တင်ပြ စောဒက တက်မှုအတွက် ပြစ်ဒဏ်ပေးခြင်း နောက်ဆက်တွဲများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။ တရားစီရင်မှုမှာ တရားမျှတလွတ်လပ်မှု မရှိသောကြောင့် တရားခုံရုံးသို့ ထိုဖြစ်ရပ်များအား တင်ပြရန်မှာ မဖြစ်နိုင်ချေ။ ILO ကမြန်မာနိုင်ငံအတွင်း အတင်းအဓမ္မ လုပ်အားပေးခိုင်းမှုနှင့် ကလေးစစ်သားစုဆောင်းမှု အကြောင်းများတင်ပြမှုတို့ ပါဝင်သည်။ မြန်မာနိုင်ငံရှိ သတင်းမီဒီယာမှာ တင်းကျပ်သည့် စာမူစီစစ်ရေးအဖွဲ့အောက်၌ရှိပြီး နို်င်ငံရေး၊ လူ့အခွင့်အရေးနှင့် လုံခြုံရေးအကြောင်းများ တင်ပြပိုင်ခွင့်မရှိပေ။ သတင်းထောက်များ ထိုသို့တင်ပြမှု(သို့) စုံစမ်းစစ်ဆေးမှုများကြောင့် မကြာခဏ ထောင်ဒဏ်ပေးခြင်းခံရသည်။ အစိုးရသတင်းများက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မည်သို့ ကလေးစစ်သားစုဆောင်းပုံ၊ စစ်ပွဲဖြစ်ရာနေရာများ၌ အရပ်သား ပြည်သူများအားမည်သို့ သတ်ဖြတ်မှုများအား ကျယ်ပြန့်စွာ တင်ပြလေ့ရှိသော်လည်း၊ ထိုသို့တင်ပြရာတွင် ဘက်လိုက်မှုကင်းသည့် အဖွဲ့ဖြင့် သေချာစုံစမ်းစစ်ဆေးမှု စီစစ်မှုကို မလုပ်ဘူးချေ။

အစိုးရမှ ထိုသို့ချိုးဖေါက်မှုများအား စုံစမ်းစစ်ဆေးရန် ပျက်ကွက်သည့်အခါ အခြားမည်သည့် အရာများက တာဝန်ယူ လုပ်သွားနိုင်သနည်း။ 

သမိုင်းအရဆိုလျှင် ထိုသို့အစိုးရမှ တာဝန်ပျက်ကွက်မှုကြောင့် အခြားအာဏာရအဖွဲ့ နိုင်ငံများက အကဲဖြတ်စုံစမ်းရေးအပေါ် ထိုပျက်ကွက်သည့် အစိုးရက အချုပ်အခြာ အာဏာကိုထောက်ပြပြီး၊ ပြစ်ဒဏ်ပေးမှုမှ ကင်းလွတ်မှုပြဿနာအား ပိုမိုကြီးစေသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်အတွင်း သိသာထင်ရှား အရေးကြီးသည့် ပြောင်းလဲမှုများအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေအတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ယူရှင်းလင်းမှုကို လုပ်ဆောင်ရန်အစိုးရမှ လိုလားမှုမရှိသော်လည်း တာဝန်ယူရှင်းလင်းမှု ဖြစ်လာအောင် ပိုပြီး လုပ်ဆောင်လာနိုင်ခဲ့သည်။

၁၉၉၈ တွင် သဘောတူလက်ခံရယူပြီး ၂၀ဝ၂-တွင် အကျိုးသက်ရောက်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC စာချုပ်အား ချုပ်ဆိုပြီးနောက် ထိုသို့စုံစမ်းစစ်ဆေး တာဝန်ယူ ရှင်းလင်းမှုပြုရန် ပျက်ကွက် (သို့) မလုပ်နိုင်သည့် နိုင်ငံများရှိသည့်အခါ တရာခုံရုံးမှ လူသား မျိုးနွယ်တခုလုံးအား ထိခိုက်စေနိုင်သည့် ရာဇဝတ်မှု၊ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ ချိုးဖောက်သည့် လူပုဂ္ဂိုလ်များအား စီရင်မှု၊ စုံစမ်းစစ်ဆေးမှုများကို လုပ်နိုင်ခဲ့သည်။ ICC မှ ထိုသို့စီရင်မှု စုံစမ်းစစ်ဆေးမှုများအား ထိုကျူးလွန်သည့်ပုဂ္ဂိုလ်က ICC စာချုပ်၏ အဖွဲ့ဝင်သည့် နိုင်ငံအတွင်း နေထိုင်သည့်အခါ လုပ်နိုင်ပြီး၊ ထိုကျူးလွန်မှုက ICC ၏ အဖွဲ့ဝင်နိုင်ငံအတွင်း ဖြစ်ပွားသည့်အခါတွင်လည်း လုပ်နိုင်ပြီး၊ ICC အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံမှ မိမိတို့နိုင်ငံအတွင်း ဖြစ်နေသည့် ချိုးဖေါက်မှုများအား စုံစမ်းပေးပါဟု ICC အား တင်ပြသည့်အခါတွင်ဖြစ်စေ ICC မှ စုံစမ်းစစ်ဆေးမှုကို ပြုနိုင်သည်။ မြန်မာနိုင်ငံသည် ICC ၏ အဖွဲ့ဝင်မဟုတ်ချေ။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့က ICC သို့ ဖြစ်ရပ်များကို စုံစမ်းရန် တာဝန် ပေးအပ်သည့်အခါ ICC မှ လုပ်ပိုင်ခွင့်ရှိသည်။ ဥပမာအားဖြင့် ၂၀ဝ၅-တွင် UN လုံခြုံရေးကောင်စီအဖွဲ့က ထိုသို့ ICC ၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် ဆူဒန်နိုင်ငံအတွင်းရှိ ဒါဖါ Darfur အခြေအနေဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သည်။ ထိုသို့ UN လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များမှာလည်း ကောင်စီအဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံမှ ၉-နိုင်ငံမှ မဲပေးရမှာဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅-နိုင်ငံမှ အကန့်အကွက်မရှိ ဗီတိုမရှိ မဲပေးရမည်ဖြစ်သည်။

စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနှင့် နှိပ်စက်မှုကဲ့သို့ ဆိုးရွားအကျဉ်းတန်သည့် ရာဇဝတ်မှုများ ချိုးဖေါက်ခြင်းသည် “ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်”အတွင်းကျရောက်သဖြင့် မိမိနိုင်ငံနယ်မြေ ပိုင်နက်အတွင်း၌ မဖြစ်ပွားသည်ဖြစ်စေ၊ မိမိနိုင်ငံသားမှ မကျူးလွန်သည်ဖြစ်စေ၊ မိမိနိုင်ငံသားအပေါ် မကျူးလွန်သည်ဖြစ်စေ၊ အစိုးရနိုင်ငံများအနေဖြင့် စုံစမ်းစစ်ဆေး စီရင်ရန် မိမိတို့ပြည်တွင်းတရား စီရင်မှုစနစ်ကို ကျင့်သုံးပိုင်ခွင့်ရှိသည်။ အချို့သဘောတူစာချုပ်၊ ဂျီနီဗာ သဘောတူစာချုပ်များနှင့် နှိပ်ကွက်မှုကို တားမြစ်သည့် သဘောတူစာချုပ်များသည် နိုင်ငံအဖွဲ့များအား မိမိတိုု့စီရင်ပိုင်ခွင့် နယ်မြေအတွင်း၌ သံသယရှိသည့် ကျူးလွန်သူများအား စီရင်ပိုင်ခွင့် (သို့) လွှဲပြောင်းပေးခြင်းများကို လုပ်ပိုင်ခွင့်ပေးထားသည်။ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်ကျင့် ဥပဒေအရ နိုင်ငံများသည် လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေနိုင်သည့် ရာဇဝတ်မှု (သို့) လူမျိုးသုဉ်း သတ်ဖြတ်မှုကဲ့သို့ ဆိုးရွားသည့် ရာဇဝတ်များအား စီရင်ပိုင်ခွင့်ရှိသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု အကြောင်း စုံစမ်းစစ်ဆေးနိုင်ပါသလား။

ကုလသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖေါက်မှုအတွက် စုံစမ်းစစ်ဆေးရန် ကော်မရှင် အဖွဲ့ အများအပြားရှိခဲ့သော်လည်း မြန်မာနိုင်ငံအတွက်မပါချေ။ လိုင်ဘီးရီးယားနိုင်ငံနှင့် ဘော့စ်စနီးယားနိုင်ငံများတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ထားရှိခြင်းအားဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် ရေရှည်ကောင်းကျိုးများစွာဖြစ်စေခဲ့သည်။

လူ့အခွင့်အရေးအကြောင်း အစီရင်ခံစာကို ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာများက အစိုးရလုံခြုံရေးအဖွဲ့များမှ ကျူးလွန်မှုများ မှာ ကျယ်ပြန့်ပြီး စနစ်ကျကျလုပ်ခြင်းဖြစ်ကြောင်း ထောက်ပြနေသည်။ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ထိုသို့အစီရင်ခံစာများအား မှတ်တမ်းတင်ပြီး ထုတ်ဝေနေမှုများ မလုံလောက်ကြောင်း ယုံကြည်သည်။ ထိုသို့လုပ်မည့်အစား ကုလသမဂ္ဂမှ မိမိတို့ရှိပြီးသား အစီရင်ခံစာများအား အခြေခံအဖြစ်သုံးပြီး ထိုသို့အပြည်ပြည်ဆိုင်ရာဇဝတ်မှုများအား မည်သည့် အတိုင်းအတာထိ ချိုးဖေါက်ထားသည်၊ ချိုးဖေါက်သူများအား စီရင်နိုင်ရန်နှင့် ခံရသူပြည်သူ များအပေါ် တရားမျှတမှုကို ဖေါ်ဆောင်ပေးနိုင်ရန် လွတ်လပ်ပြီးတရားမျှတ ဘက်မလိုက်သည့် ကော်မရှင်ကိုဖွဲ့စည်းသင့်သည်။

လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ကုလသမဂ္ဂအထွေထွေညီလာခံမှ ဆုံးဖြတ်ချက် အား ချမှတ်ရန်နှင့် ထိုဆုံးဖြတ်ချက်အား ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးမှ စုံစမ်းစစ်ဆေးရန် ကော်မရှင်အား ဖွဲ့စည်းသွားရန်တောင်းဆိုသည်။

မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များမှ ခွင့်ပြုချက် မရခဲ့ ပါက၊ ထိုအဖွဲ့က မည်မျှအကျိုးသက်ရောက်မှုရှိနိုင်သနည်း ။

မြန်မာအစိုးရသည် ထိုသို့ကုလသမဂ္ဂအဖွဲ့များမှ စုံစမ်းစစ်ဆေးသူများအား ပိတ်ပင်ခြင်း များ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်များအား ဝင်ရောက်လေ့လာမှုအား သူတို့စိတ်အလိုအရသာ ခွင့်ပြုခြင်း၊ ထိုကိုယ်စားလှယ်များ သွားလာမှုကိုလည်း တင်းကျပ်စွာ ထိန်းချုပ်ထားခြင်း၊ ခရီးသွားလာမှုအစီအစဉ်များအား ကျပ်မတ်ခြင်းနှင၊့် မည်သူ့အား တွေ့ရမည်ကို စီစဉ်ခြင်းများပြုလုပ်သည်။ သို့သော် စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထိုသို့အစိုးရမှ ပါဝင် လက်တွဲမှု မရှိသော်လည်း အခြားလုပ်နိုင်သည့်နည်းလမ်းရှိ်သေးသည်။ ပထမဦးဆုံး အနေဖြင့် ကော်မရှင်အဖွဲ့မှ ကျူးလွန်ဒဏ်ခံရသူများနှင့် သက်သေခံများအား မြန်မာနိုင်ငံပြည်ပ၌ အင်တာဗျူး မေးမြန်းနိုင် သည်။ ဒုတိယအနေဖြင့် ကော်မရှင်အဖွဲ့က ကုလသမဂ္ဂ မကြာသေးမီနှစ်များအတွင်း အစီရင်ခံစာများနှင့် မှတ်တမ်းတင်မှုများအား လေ့လာနိုင်သည်။ တတိယအနေဖြင့် ဥပဒေ (mapping) လေ့ကျင့်မှုအား စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေနိုင်သည့် ရာဇဝတ်မှုများအပေါ် ပြုလုပ်နိုင်သည်။ နောက်ဆုံးအနေဖြင့် ကော်မရှင်မှ မြန်မာနိုင်ငံသို့ မသွားရောက်နိုင်သော်လည်း ထိုသို့ အပြည်ပြည်ဆိိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ယူရှင်းလင်းမှုနှင့် ပါတ်သက်၍ ထောက်ခံ အကြံပြုချက်များ ပေးနိုင်သည်။

၁၉၉၇-တွင် ILO က မြန်မာနိုင်ငံအတွင်း အဓမ္မလုပ်အားပေးစေခိုင်းမှု သဘောတူညီ စာချုပ်အား ချိုးဖေါက်မှုများအတွက် စုံစမ်းစစ်ဆေးရန် ကော်မရှင်အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က ၁၉၉၈-တွင် အဓိကအစီရင်ခံစာတခုအား ထုတ်လွှင့်ခဲ့ပြီး ထိုအစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးနှင့်ပါတ်သက်သည့် လေ့လာစုံစမ်းမှုအား အသေးစိတ်ကျကျ ထိရောက်စွာ လုပ်နိုင်သည့် အစီရင်ခံစာတခုအဖြစ် ဆက်လက်ရှိနေသည်။ ဤအစီရင်ခံစာ က မြန်မာနိုင်ငံအစိုးရ၏ ဝင်ရောက်လက်တွဲမှုမရှိပဲ စုံစမ်းစစ်ဆေးမှုကို ပြုနိုင်ကြောင်း ထောက်ပြ နေသည်။

၁၉၉၀-ခုနှစ်လယ်များကတည်းက မြန်မာနိုင်ငံမှ လူ့အခွင့်အရေးအခြေနေများအား ကုလသမဂ္ဂ၊ လူ့အခွင့်ရေးစောင့်ကြည့်လေ့လာရေးအဖွဲ့၊ အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်း ချမ်းသာမှုအဖွဲ့၊ အခြား လူသားချင်း ရိုင်းပင်းကူညီသည့်အဖွဲ့များဖြစ်သည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့နှင့် အခြားမြန်မာ့လူ့အခွင့်အရေး အဖွဲ့များနှင့်သတင်း မီဒီ်ယာများက စုံစမ်းစစ်ဆေး မှတ်တမ်းတင်ခဲ့ သည်။ မြန်မာလူမျိုးစုံစမ်းစစ်ဆေးသူများက မြန်မာနိုင်ငံအတွင်း၌ စွန့်စားပြီး လူ့အခွင့်အရေးမှတ်တမ်းတင်မှုများအား ကျယ်ပြန့်စွာဖြင့် လုပ်နိုင်ပြီး၊ လုပ်နေမြဲဖြစ်ပြီး မြန်မာနိုင်ငံ ပြည်ပ၌လာရောက်ထုတ်ဝေခြင်းများပြုလုပ်သည်။ အခြားအစိုးရမဟုတ်သည့် အဖွဲ့များက ကျူးလွန်မှုကိုလည်း စုံစမ်းစစ်ဆေးရန် အလားအလာများ ရှိခဲ့သည်။ ထိုသို့စုံစမ်းစစ်ဆေးရေးကော်မရှင်မှ မြန်မာနိုင်ငံအတွင်းသို့ မဝင်ရောက်နိုင်မှုမှာ မကောင်းသော်လည်းပဲ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုကိုရရှိရန် ပိတ်ပင်ဟန့်တားမှုများမှာ လွန်စွာမများနိုင်ဟုမြင်သည်။ မြန်မာပြည်အတွင်း အစီရင်ခံမှုများမှာ ရှမ်းပြည်နှင့် အခြားအရှေ့ပိုင်း ဒေသတွင် အလွန်အားနည်းနေသေးသည်။

မြန်မာနိုင်ငံအတွင်းစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဥပဒေအား ချိုးဖေါက်သည်ဟုထင်ရသည့် ပုဂ္ဂိုလ်များ အား အခြားအနိုင်ငံနိုင်များတွင် စီရင်ပိုင်ခွင့်ရှိပါသလား။

အထက်မှာ ရှင်းလင်းပြသထားသကဲ့သို့ ICC မှ မြန်မာနိုင်ငံအတွင်းရှိ ရာဇဝတ်မှု များအား စီရင်စုံစမ်းစစ်ဆေးရန် လက်ရှိ၌ မလုပ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် ICC ရောမဥပဒေ အဖွဲ့ဝင်မဖြစ်ခြင်းနှင့် ကုလသမဂ္ဂလုံခြုံရေးအဖွဲ့က ICC အား တာဝန်လွဲပြောင်း ပေးခြင်းမရှိသော ကြောင့်ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်းတရားခုံရုံးများက ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (အထက်တွင်ကြည့်ပါ) ကိုသုံးပြီး လူသားချင်းစာနာမှု ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ချိုးဖေါက်မှုများအား တရားစီရင်သင့်သည်။ နိုင်ငံပေါင်းများစွာမှ ဥပဒေများက ထိုသို့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား သုံးရန် ခွင့်ပြုပြီး စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဥပဒေများ၊ နှိပ်စက်မှုနှင့် လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေမည် ရာဇဝတ်မှုများအား စီရင်နိုင်ရန်ခွင့်ပြုသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကာလအတွင်း ထိုသို့ ကမ္ဘာလုံးဆိုင်ရာတရား စီရင်ပိုင်ခွင့် သုံးမှုမှာ အထူးသဖြင့် အနောက်ဥရောပတွင်ရှိခဲ့သည်။ ပြင်ပနိုင်ငံများ၌ ကျူးလွန်သည့် ရာဇဝတ်မှုများအား ပြည်တွင်းတရားခုံရုံး၌ စီရင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။ သို့သော် အောင်မြင်သောစီရင်မှုများ ရှိခဲ့ပြီးဖြစ်သည်။ မော်ရီတေးနီးယား၊ အာဖဂန်နစ်စတန်၊ ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့နိုင်ငံ၊ ရဝန်ဒါ၊ ဘောစ်နီးယားနှင့် ဟာဇီဂိုဗီးနား နိုင်ငံများ၌ ကျူးလွန်သည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်များအား နယ်သာလန်၊ ပြင်သစ်၊ ဗြိတိသျှ၊ စပိန်၊ ဘယ်ဂျီယန်နှင့် နော်ဝေနိုင်ငံများရှိ ပြည်တွင်းတရားခုံရုံးတွင် အသီးသီး စီရင်ခဲ့ကြသည်။

နိုင်ငံရေးအာဏာ ပါဝါနည်းသည့်နို်င်ငံများမှ လူပုဂ္ဂိုလ်များကိုသာ တရားစီရင်မှုအတွက် နိုင်ငံတကာ တရားစီရင်မှုများမှ ထိုသို့မတူညီသည့် စံချိန် ၂-ခုအား သုံးမှုရှိပါသလား။

ဝေဖန်သူများက နိုင်ငံတကာ တရားစီရင်မှုမှာ တန်းတူညီမျှမှု မရှိဟု ထောက်ပြကြသည်။ ထိုသို့နိုင်ငံတကာ ဥပဒေများအား ချိုးဖေါက်သူများသည် မည်သည့်နိုင်ငံသားဖြစ်စေ စီရင်ခံ သင့်သည်။ အပြည်ပြည်ဆိုင်ရာတရားစီရင်မှုမှာ မညီမျှဟုတော့ ဝန်ခံရပေမည်။ အဘယ်ကြောင့်ဆိုသော်၊ အင်အားကြီး သည့် နိုင်ငံမှ ခေါင်းဆောင်များနှင့် မဟာမိတ်အဖွဲ့များက ဆိုးရွားသည့် အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှုနှင့် ပါတ်သက်ပြီး အပြည်ပြည်ဆိုင်ရာခုံရုံးများတွင် တရားစီရင်နိုင်မှုမှာ အင်မတန်မှ အလားအလာနည်းသည်။ ထိုသို့ဖြစ်ရခြင်းမှာ တစိတ်တပိုင်းအားဖြင့်တော့၊ ထိုနိုင်ငံများက ICC ၏ အဖွဲ့ဝင်မဖြစ်ခြင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း မိမိတို့အတွက် ကောင်းကျိုး ရလဒ်ရရှိနိုင်သည့်နိုင်ငံများအပေါ် စုံစမ်းစစ်ဆေးဘို့ တာဝန်လွဲပြောင်းရန် မလိုလားခြင်း တို့ကြောင့် ဖြစ်သည်။ သို့သော် ထိုသို့လုပ်နိုင်ရန်မဖြစ်နိုင်ဟုဆိုကာ ကျူးလွန်ဒဏ် ခံရသူများအား တရားမျှတမှု မပေးနိုင်ခြင်းမရှိသင့်ပေ။ ထို့ကြောင့် ရာဇဝတ်မှုကျူးလွန်သည့်မည်သည့် နိုင်ငံတွင် မဆို တာဝန်ယူရှင်းလင်းမှု ရှိသင့်သည်။ အာရှနိုင်ငံများစွာမှာ ICC အား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ထိုနိုင်ငံများမှာ အာဖဂန်နစ်စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ကွတ်ကျွန်းစုနိုင်ငံ၊ ဆိုက်ပရပ်နိုင်ငံ၊  ဆာမိုအာ၊ ဖီဂျီ၊ တီမော၊ ဂျပန်၊ ဂျော်ဒန်၊ မါချယ်ကျွန်းစုနိုင်ငံ၊ မွန်ဂိုးလီးယား၊ နောင်ယူ၊ ကိုးရီယားသမ္မတနိုင်ငံ၊ တာဂျစ်ဂစ်စတန်တို့ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးများနှင့် လူသားချင်း စာနာမှုဥပဒေများ အား နှစ်ပေါင်းများစွာ ချိုးဖေါက်နေမှုများနှင့် အစိုးရမှ တာဝန်ယူစုံစမ်းစစ်ဆေး၊ တရားစီရင်ရန် ပျက်ကွက်မှုများက လွတ်လပ်ပြီး ဘက်မလိ်ုက်သည့် အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ ဖွဲ့ရန်ထိုးပြနေသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က မြန်မာအစိုးအပေါ် မည်သို့ အကျိုးသက်ရောက်စေနိုင်သနည်း။

အချို့သော လေ့လာသူများက စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲစည်းရန် တောင်းဆိုမှုများ နှင့် တာဝန်ယူစာရင်းရှင်းမှုများအား ထောက်ပြခြင်းသည် စစ်အစိုးရအား နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ပိုမိုဝေးကွာသွားစေနိုင်ပြီး ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် တိုက်တွန်းခြင်းကိုလည်း ပိုမိုကန့်ကွက်လာစေနိုင်သည်ဟု ထင်မြင်သုံးသပ်ကြသည်။ အစိုးရက နိုင်ငံရေးပြောင်းလဲမှုများပြုလုပ်ရန်အားထုတ်ခြင်းမရှိ (သို့) လုပ်မည့် လက္ခဏာလည်းမပြသည့်အတွက် ထိုသို့ဖွဲ့စည်းခြင်းဖြင့် အတိ်ုက်အခံပါတီများ၏ လွတ်လပ်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများ စေလွှတ်မှုများအပေါ်လည်း ထိခိုက်နိုင်စရာမရှိ၊ ဖြစ်နိုင်ခြေပြောင်းလဲမှုများအပေါ် ထိခိုက်လာနိုင်စရာအကြောင်းလည်းမရှိဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ကယုံကြည်သည်။ အစိုးရက ပြောင်းလဲမှုများလုပ်ခဲ့လျှင်တောင်မှ၊  ဆိုးရွားသည့်ချိုးဖောက်မှုများအတိုင်းအတာနှင့် အချိန်အပိုင်းအခြားပေးမည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကိုလိုအပ်မည်သာဖြစ်သည်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ စုံစမ်းစစ်ဆေးရေး ကော်မရှင်အား နိုင်ငံရေးနည်းဗျူဟာအဖြစ် (သို့) အစီအစဉ်သစ် လုပ်ကွက်တရပ်အဖြစ် လွဲမှားစွာအသုံးမပြုသင့်ပေ။ ထိုကော်မရှင်အား ၄င်း၏ရည်ရွယ်ချက် ဘောင်အတွင်းသာ အသုံးချသင့်သည်။

တရားမျှတမှုနှင့်နိုင်ငံရေးတည်ငြိမ်မှု ဘက်မဖြစ်ဟု ဆိုသည့် အရာရှိများမှာ မိမိတို့ ကျူးလွန်ထားသည့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများမှကင်းလွတ်ရေးအတွက် ပြောလျက်ရှိကြောင်း တွေ့ရသည်။ အမှန်မှာမူ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့၏ စစ်ပွဲများဖြစ်ပွား သောဒေသများအား စောင့်ကြည့်လေ့လာ တွေ့ရှိချက်များအရ တရားမျှတမှုက ရေတိုနှင့် ရေရှည်ကောင်းကျိုးရလဒ်များကို ဖြစ်စေသည်။ တရားမျှတမှုကို ရယူရန်ကြိုးပမ်းမှုများသည် ငြိမ်းချမ်းရေးရရှိမှုမှ မည်သည့်အခါမှ သွေဖယ်စေမည်မဟုတ်။

နောက်ဆက်တွဲ

စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့အား ဖွဲ့ဆိုရန် တောင်းဆိုချက်များ။

၂၀ဝ၇- ဇွန်လတွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း ICRC က မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင် ရာ လူသားချင်းစာနာမှုဥပဒေအား ကျယ်ပြန့်စွာ ချိုးဖေါက်မှုများအတွက် ဝေဖန်ပြောဆိုမှုကို ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် စစ်ပွဲများကြောင့် နေထိုင်နေရသည့်မိန်းကလေး၊ ယောင်္ကျာများ၊ ကလေးများအား အတန်တန်ညှင်းပမ်းမှုများကို ပြုခဲ့သည်။ ထိုသို့ညှင်းပန်းမှုများတွင် အစားအစာထောက်ပံ့မှုနှင့် ထုတ်လုပ်မှုများအားလုံးကို ကျယ်ပြန့်စွာ ဖျက်ဆီးမှုများပါဝင်သည်။ စစ်တပ်အဖွဲ့များသည် ထိုနေရာများ၌ ပြည်သူများ လွတ်လပ်စွာ သွားလာမှုများကို တင်းကျပ်စွာချုပ်ထားသောကြောင့် ရွာသားများမိမိတို့ လယ်မြေ၌ အလုပ်လုပ်ရန်ပင် မဖြစ်နိုင်ချေ။ ထိုသို့လုပ်မှုက စီးပွားရေးတွင် ထိရောက်မှုရှိပြီး ဆိုးရွားနေပြီးဖြစ်သည့် လူသားချင်းစာနာမှု အခြေအနေအား ပိုမိုဆိုးရွားစေသည်။ ထိ်ု့အပြင်၊ စစ်တပ်များကထိုနေရာများ၌ နေထိုင်သူများအပေါ် သတ်ဖြတ်မှု၊ ပရမ်းပတာဖမ်းဆီးမှုနှင့်၊ အကျဉ်းချမှုများကို ပြုလုပ်သည်။ ရွာသားများကိုလည်း စစ်တပ်၏ လုပ်ဆောင်မှုကို ထောက်ပံ့ရန်အတင်းလုပ်ခိုင်းပြီး မိမိတို့နေအိမ်များမှလည်း အတင်းထွက်ခွါစေသည်။ ထိုသို့လုပ်ဆောင်မှုနှင့် ပြုမူချက်များကြောင့် ပြည်သူများ အတွင်း ကြောက်ရွံ့စိတ်အား အမြဲ ကိန်းအောင်း စေပြီး ထောင်ပေါင်းများစွာသော သူများက ပြည်တွင်းစစ်ကြောင့် နေရာအတည်တကျ မရှိ ရွှေ့ပြောင်းမှုများ (သို့) ပြည်ပသို့ထွက်ခွာမှုများ ပြုခဲ့ရသည်။ ICRC အဖွဲ့ဥက္ကဌ Jakob Kellenberger က ထိုအစီရင်ခံစာတွင် “ထိုသို့ ထိုင်းမြန်မာ နယ်စပ်တွင် နေနေသော ကလေး ငယ်များ၊ အမျိုးသမီး အမျိုးသားများအား ညှင်းပန်းနှိပ်စက်မှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာမှုဥပဒေအား ချိုးဖေါက်သည်” ဟုဆိုသည်။

၂၀ဝ၈-ဇွန်လ အစီရင်ခံစာတွင် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က မြန်မာနိုင်ငံအရှေ့ခြမ်းတွင် ကျူးလွန်သည့် ရာဇဝတ်မှုများမှာ လူသားမျိုးနွယ်တခုလုံးအား ထိခိုက် စေသည်။ ဥပဒေအား ချိုးဖေါက်ရာကျသည်ဟုဆိုသည်။ အောက်ပါလူ့အခွင့်အရေး ချိုးဖေါက်မှု များသည် စစ်အစိုးရက ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်ကျကျဖြင့် ချိုးဖေါက်မှုများဖြစ်သည်။ ထိုအရာများမှာ တရားမဝင်သတ်ဖြတ်ခြင်း၊ နှိပ်စက်မှုနှင့် ထောင်သား၊ အကျဉ်းသား အပေါ် ရက်စက်စွာဆက်ဆံခြင်း လူများအစအနရှာမရ ပျောက်ကွယ်သွားခြင်းနှင့် ပရမ်းပတာ ဖမ်းဆီးမှုများ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းမှု၊ ပေါ်တာဆွဲမှု၊ လူအများအား အိုးအိမ်မှု ဖြစ်စေမှု၊ အစားအစာသိုလှောင်မှုနှင့် ကောက်ပဲသီးနှံများအား ဖျက်ဆီးမှု (သို့) သိမ်းယူမှုနှင့် အခြားအုပ်စုလိုက် အပြစ်ပေးဒဏ်ခတ်မှုများဖြစ်သည်။ ထိုကျူးလွန်မှုများဖြစ်သည့် ပြည်သူများအား ပစ်မှတ်ထားခြင်း (သို့) ဝါးလုံးရမ်း ညှင်းပန်းခြင်းများကို တပ်မတော်က ခြိမ်းခြောက်မှုများနှင့် သတိပေးချက်များအပါအဝင် မြန်မာအစိုးရ အရာရှိများ၏ အဆိုပြုချက်များဖြင့်လည်း ပြုလုပ်နေခဲ့သည်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ထိုသို့ကျူးလွန်မှုများသည် တပ်မတော်နှင့် အစိုးရ၏ ပေါ်လစီမူဝါဒ ရလဒ်များဖြစ်ပြီး လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေသည့် ရာဇဝတ်မှု ဥပဒေအား ကျူးလွန်ရာရောက်သည် ဖြစ်၍ စိုးရိမ်ဘွယ်ရာရှိသည်။”

၂၀ဝ၉-မေလတွင် ဟားဗတ် ဥပဒေတက္ကသိုလ် နိုင်ငံတကာ လူ့အခွင့်အရေး ကလင်းနစ်မှ မြန်မာနိုင်ငံရှိ ရာဇဝတ်မှုများ ဟု အမည်တွင်သည့် အစီရင်ခံစာကို ၂၀ဝ၂-ခုနှစ်ကတည်းက ကုလသမဂ္ဂလူ့အခွင့်အရေးစာတမ်းများအား လေ့လာမှုကို အခြေခံ၍ ထုတ်ဝေခဲ့သည်။ ထိုအစီရင်ခံစာအား ဥပဒေပညာရှင် ငါးဦးက ထောက်ခံခဲ့သည်။ ထိုသူများမှာ Justice Richard J. Goldstone (South Africa), Judge Patricia M. Wald (United States), Sir Geoffrey Nice, QC (United Kingdom), Judge Pedro Nikken (Venezuela), Hon. Ganzorig Gombosuren (Mongolia) တို့ဖြစ်သည်။ ထိုအစီရင်ခံစာသည် ၂၀ဝ၂-ခုနှစ် (ထိုနှစ်မှာပင် ICC ၏ ရောမ ဥပဒေသည် ဥပဒေဘောင်အတွင်း အကျိုးသက်ရောက်မှုရှိခဲ့သည်) ကတည်းက ကုလသမဂ္ဂအစီရင်ခံစာ များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအတွင်း ချိုးဖေါက်ထားသည့် ရာဇဝတ်မှု လေးမျိုးလေးစား အကြောင်းကို ဆွေးနွေးတင်ပြထားသည်။ ထိုလေးမျိုးမှာ ပြည်သူများအား အတင်းအဓမ္မ ရွှေ့ပြောင်းစေမှု၊ လိင် အကြမ်းဖက်မှု၊ သတ်ဖြတ်မှုနှင့်၊ နှိပ်စက်မှုတို့ဖြစ်သည်။ အစီရင်ခံစာက “နှစ်ပေါင်းများ စွာကြာမြင့်အောင် ကုလသမဂ္ဂမှ အစိုးရကပေါ်လစီ မူဝါဒတို့ဖြင့် လူ့အခွင့်အရေးအား ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်ကျကျ ချိုးဖေါက်မှုများကို သတိထားမိသည်။ ကုလသမဂ္ဂဆုံးဖြတ်ချက် များနှင့် အထူးကိုယ်စားလှယ်အဖွဲ့များက အကြိမ်ပေါင်းများစွာမက အောင် ထိုသို့တင်ပြမှုအကြောင်း ပြောဆိုနေခဲ့သည်။ သို့သော်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့က ဒါဖါနှင့် ယူဂိုစလားဗီးယားကဲ့သို့ လုပ်ဆောင်သွားခြင်းမျိုးမလုပ်ပေ။ ထိုအမှုဖြစ်ရပ်များတွင် လုံခြုံရေး ကောင်စီအဖွဲ့က ပြဿနာကြီးမား ဆိုးရွားသည်ကို သိသည်နှင့်တပြိုင်နက် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို ဖွဲ့ပြီး ထိုချိုးဖေါက်မှုများအား လုပ်ဆောင်သွားရန် ကြီးကြပ်ကွတ်ကဲခဲ့သည်။ ထိုသို့ (ကုလသမဂ္ဂ၏ မှတ်တမ်းတင်ချက်များအရ) မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးမများအား ကျယ်ကျယ် ပြန့်ပြန့်စနစ်ကျကျဖြင့် ချိုးဖေါက်နေမှုများကိုတော့ သတိထားမိသော်လည်း လက်တွေ့အကောင်အထည်ဖေါ် လုပ်ဆောင်ခြင်းမျိုးမရှိပေ ကျွန်တော်တို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံတွင်းရှိ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဥပဒေများနှင့် လူသားမျိုးနွယ် တခုလုံးအား ထိခိုက်စေမည့် မှတ်တမ်းတင် စုံစမ်းစစ်ဆေးနိုင်ရန် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ တဖွဲ့အား ဖွဲ့သွားရန်တောင်းဆိုသည်။ ကမ္ဘာကြီးက မြန်မာနိုင်ငံအတွင်း သတ်ဖြတ်ကြေကွဲမှုများကို စစ်အစိုးရမှ ရပ်တန့်စေရန် စောင့်နိုင်စွမ်းမရှိတော့ဘူး။ ထိုသို့မြန်မာနိုင်ငံ၏ အခြေအနေများအား ICC သို့လွှဲပြောင်း တာဝန်ပေးပြီး (သို့)အထူးခုံရုံးကိုဖွဲ့ရန် တနေ့ရောက်ရှိလာမည်ဖြစ်သည်။ ထိုအချိန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထောက်ခံရန်ပြင်ဆင်သင့်သည်။ မြန်မာနိုင်ငံရှိလူများ သည့်ထက်မက ထိုက်တန် တန်ဖိုးထားခြင်း ခံသင့်သည်။”

မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအရာရှိ Paulo Pinheiro သည် နယူးရောက်တိုင်းမ်တွင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဖွဲ့ဆိုရန် တောင်းဆို ထားသည့် အတွေးအမြင် ဆောင်ပါးတပုဒ်အား ရေးသားခဲ့သည်။ “၁၉၉၉-ခုနှစ်ကတည်းက ကုလသမဂ္ဂ ကိုယ်စားလှယ်တော် များသည် မြန်မာနိုင်ငံသို့ လူ့အခွင့်အရေးမြှင့်တင်ရန်နှင့် ပြောဆို ဆွေးနွေးပွဲများ လုပ်နိုင် ရန်ကြိုးပမ်းမှုတို့ဖြင့် ၃၇-ကြိမ်တိုင်တိုင် သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။ သူတို့တွေက မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းနှင့် သံတမန်ရေးရာဆိုင်ရာ အရာမှန်သမျှ လုပ်နိုင်သမျှ အားလုံးကို လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံအတွင်း အမျိုးသား ရင်ကြားစေ့ ပြန်လည်သင့်မြတ်ရေးနှင့် လူ့အခွင့်အရေးကာကွယ်မှုများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့က မြန်မာနိုင်ငံနှင့် ပါတ်သက်ပြီး ဆုံးဖြတ်ချက်များကို ၃၅ ကြိမ် ထက်မက ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့က ဆုံးဖြတ်ချက် တရပ်ကိုမျှ မထုတ်နိုင်သေးချေ။ ကုလသမဂ္ဂ၏ လုပ်ဆောင်မှုများမှာ လုံခြုံရေးကောင်စီအဖွဲ့မှ တိုက်ရိုက် ပါဝင်လုပ်ဆောင်ခြင်းမရှိသရွှေ့ အောင်မြင်နိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများဆက်လက်ဖြစ်နေမည်မှာ အထင်းသားဖြစ်သည်၊ အလားတူ မြန်မာနိုင်ငံ ပြည်တွင်းဥပဒေများက တိုင်းရင်းသားလူနည်းစုများအပေါ် ကျူးလွန်ထားသည့် ရာဇဝတ်ကောင် များအာ ပြစ်ဒဏ်ပေးမည်မဟုတ်ချေ။ ထို့ကြောင့် ကုလသမဂ္ဂ အနေဖြင့် နောက်ထပ်စနစ်မှန် လောဂျစ်မှန်သည့် ခြေလှမ်းသစ်ကို စတင်ရမည်။ လုံခြုံရေးကောင်စီအဖွဲ့မှ မြန်မာနိုင်ငံတွင်း ရှိပြစ်ဒဏ်မှ ကင်းလွတ်ခွင့်နှင့် လူသားမျိုးနွယ်တခုလုံးအား ထိခိုုက်စေမည့် ရာဇဝတ်မှု ဥပဒေများအား စုံစမ်းနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တဖွဲ့အား ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းခြင်းအားဖြင့် ရလာမည့်အောင်မြင်မှု ပထမအကျိုးရလဒ်မှာ စစ်အစိုးရမှ ICC၏ တရားစွဲ စီရင်ချက်ချမှတ်မှုအတွက် တာဝန်ယူရှင်းစေမည်ဖြစ်သည်၊ ဒုတိယမှာ မြန်မာနိုင်ငံတွင်းရှိ မြန်မာနိုင်ငံတွင်းရှိ ရာဇဝတ်ကျူးလွန်သည့် ပြစ်ဒဏ်မှ ကင်းရှင်းကင်း လွတ်နေ မှုအား ရပ်တန့်စေမည်ဖြစ်သည်။ တတိယမှာ မြန်မာနိုင်ငံအတွင်းရှိ လူသားမျိုးနွယ်တခု လုံးအား ထိခိုက်စေမည့် အနာဂါတ်လုပ်ရပ် ရာဇဝတ်များအား ဟန့်တားစေမည်ဖြစ်သည်။”

ဂျပန်ပါမောက္ခဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအခြေအနေအားအထူး စုံစမ်းစစ်ဆေးသူ အရာရှိဟောင်း Yozo Yokota က ၂၀၁၀-တွင် “ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းသည် မြန်မာနိုင်ငံတွင်း ရှိနေမြဲဖြစ်သည်။ ထိုရာဇဝတ်မှုများအား ရပ်တန့်စေရန် မည်သည့်လုပ်ဆောင်မှုမျှ မရှိသေးချေ။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် ကုလသမဂ္ဂမှာ လူသာခြင်းစာနာမှုဥပဒေနှင့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဥပဒေစုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့ရန်နှင့် ယခုစုံစမ်းစစ်ဆေးရေးအရာရှိ၏ အကြံပေးချက်များကို တုန့်ပြန်ရန်တာဝန်ရှိသည်။”

၂၀ဝ၉-စက်တင်ဘာလတွင် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအတွက် အပြည် ပြည်ဆိုင်ရာဗဟိုအဖွဲ့က မြန်မာနိုင်ငံတွင်းရှိ ဆိုးရွားသည့် ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်စနစ်များနှင့် ၂၀ဝ၈-အခြေခံဥပဒေကို အကဲဖြတ်လေ့လာပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် တောင်းဆိုခဲ့သည်။ ထိုသို့စုံစမ်း စစ်ဆေးရေးကော်မရှင်အား ဖွဲ့ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက ရှေ့ဆက်ပြီး လက်တွေ့အကောင်အထည်ဖေါ် ဆောင်ရွက်မှု များ လုပ်နိုင်ရန် သတင်းအချက်အလက်လိုကြောင်း ထောက်ခံသည့် သဘော ဖြစ်သည်၊ မြန်မာနိုင်ငံမှ သတင်းအချက်အလက်များရရန် ခက်ခဲသောကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများ အတိုင်းအတာနှင့် သဘောသဘာဝအား ဆန်းစစ်သိရှိနိုင်ရန် ကော်မရှင်အဖွဲ့က ကူညီသွား နိုင်သည်။

Quintana ၏ မတ်လ ၂၀၁၀-အစီရင်ခံစာကို တုန့်ပြန်သောအားဖြင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ ဥပဒေ ချိုးဖေါက်မှုများ အနာဂါတ်တွင်ဖြစ်လာခြင်းမှ ဟန့်တားခြင်းနှင့် မြန်မာနိုင်ငံတွင်းရှိ ညှင်းပမ်း ခံရသူများအတွက် တရားမျှတမှုကိုပေးသည့် ပထမခြေလှမ်း အဆင့်ဖြစ်သည်။ မြန်မာစစ်အစိုးရ သည် နှစ်ရှည်ပြည်တွင်းစစ်ဆင်ရေး လုပ်ဆောင်မှုများအတွင်း တိုင်းရင်းသားလူနည်းစုများအပေါ် အပြည်ပြည်ဆိုင်ရာ လူသားခြင်းစာနာမှု ဥပဒေနှင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ကျူးလွန်နေခဲ့သည်။ လူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံအတွင်း သတင်းအချက်အလက်များ ရရှိရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့အား ဖွဲ့သွားရန်တောင်းဆိုသည့် စုံစမ်းစစ်ဆေးရေး အရာရှိများအပေါ် ထောက်ခံသင့်သည်။ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့က သတင်းအချက်အလက်များနှင့် ဥပဒေဆိုင်ရာများကို ပေးသွားနိ်ုင်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်တခုလုံးအား ထိခိုက်စေသည့် ရာဇဝတ်မှုဥပဒေနှင့် စစ်ပွဲဆိုင်ရာဥပဒေများကို ကျူးလွန်ထားသည့်သူများအား တာဝန်ယူရှင်းလင်းမည့် လွတ်လပ်သည့် တရားစီရင်ရေးစနစ်ကို ဖြစ်ပေါ်လာစေမည်ဖြစ်သည်။ ထိုသတရားမျှတမှုနှင့် တာဝန်ယူရှင်းလင်းမှုများမှာ ကုလသမဂ္ဂ၏ အခြေခံအုတ်မြစ်များဖြစ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင်လည်းပါဝင်ပြီး၊ ထိုအခွင့်အရေးများနှင့် လွတ်လပ်ခွင့် များအား လိုက်နာရန်တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင်းရှိ တာဝန်ယူရှင်းလင်းမှုအား လုပ်ရန် ပျက်ကွက်မှုသည် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဥပဒေများအား ချိုးဖေါက်သူများကိုပိုပြီး ဘဝင်မြင့် ယုံကြည်စိတ်ချစေပြီး တရားမျှတမှုဖေါ်ဆောင်ရေးကိုလည်း ပိုပြီးကြန့်ကြာ စေမည် ဖြစ်သည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး အဖွဲ့က အထွေထွေအတွင်းရေးမှူးမှ Quintana ၏ အကြံပြုချက်များကို ထောက်ခံရန်တောင်းဆိုပြီး ကော်မရှင်အဖွဲ့အား ဖွဲ့သွားရန် ထို ကုလသမဂ္ဂ၏ အရေးအကြီးဆုံးအဖြစ် သတ်မှတ်ပြီး လက်တွေ့လုပ်ဆောင်သွားရန် တောင်းဆိုသည်။”

၂၀၁၀-မေလတွင် လူ့အခွင့်အရေးကော်မရှင်သို့ Quintana ၏ တင်ပြချက် အစီရင်ခံ နောက်ပိုင်း ဂျီနီဗာ၌ ကုလသမဂ္ဂသို့ မြန်မာနိုင်ငံမှ သံတမန် ဦးဝ္စ၎မောင်လွင်က အဆိုပြုချက် ထုတ်ရာတွင် “ဤသို့လုပ်ဆောင်ခြင်းဟာ တရားမျှတမှုမရှိပဲ အတိုင်းထက်အလွန်ဖြစ်တယ်။  ကျွန်တော်တို့လူမျိုးများရဲ့ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးနေတဲ့ နိုင်ငံတော်၏အကျိုးကို ဘယ်လိုမှကူညီရာမကျဘူး။ (လူ့အခွင့်အရေးကောင်စီ)ရဲ့ သမိုင်းမှာ ဘယ်တော့မှဒီလို နိုင်ငံတနိုင်ငံကိုပဲ ပစ်မှတ်ထားပြီး လုပ်ဆောင်တာမျိုး မရှိဖူးဘူး။ ဒီလိုလုပ်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်ဆဲ နို်င်ငံများအတွက် အန္တရာယ်ရှိကြောင်း ပြသလိုက်ခြင်းပဲဖြစ်တယ်” ဟုဆိုသည်။